Premier League

ချန်ပီယံလိဂ်မှာ သေမင်းတမန်အုပ်စုနဲ့ တွေ့ဖို့ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲရာမှာ ပီအက်စ်ဂျီ၊ အေစီမီလန်၊ ရီးရဲလ် ဆိုစီဒက်တို့နဲ့ အတူတူ ကျရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ကြာပသပတေးနေ့ညမှာ ချဲလ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဥရောပဝင်ခွင့် သေချာသွားခဲ့တာဖြစ်ပြီး ၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်နေရာ အခိုင်အမာရရှိသွားပြီဖြစ်တဲ့ ၁၉ သင်းထဲက တစ်သင်းဖြစ်ပြီး တန်ဟက်ရဲ့အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘယ်အသင်းတွေနဲ့ တွေ့မလဲဆိုတာကို အတိအကျ ပြောဖို့ စောလွန်းသေးပေမယ့်လည်း လက်ရှိ သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး အဆိုးရွားဆုံး မဲခွဲရလဒ်ထွက်ပေါ်လာနိုင်တဲ့အခြေအနေကို Mirror က ခန့်မှန်းခဲ့ပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ် မဲခွဲမှုတွေကို အိုး ၄ အိုးနဲ့ မဲနှိုက်သွားမှာဖြစ်ပြီး နံပါတ် ၁ အိုးမှာ ဥရောပရဲ့ အကြီးမားဆုံးလိဂ်ပြိုင်ပွဲ ၇ ခုက ချန်ပီယံတွေနဲ့ ယူရိုပါလိဂ်ချန်ပီယံတွေပါဝင်မှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီး(ပရီးမီးယားလိဂ်)၊ ဘာစီလိုနာ(လာလီဂါ)၊ နာပိုလီ(စီးရီးအေ)၊ ဖီယင်နု(ဒတ်ချ်လိဂ်)တို့နဲ့အတူ ပီအက်စ်ဂျီ(လီဂူးဝမ်း)၊ ဒေါ့မွန်(ဘွန်ဒက်စ်လိဂါ)၊ ဘင်ဖီကာ(ပေါ်တူဂီပရီးမီးယားလိဂ်)တို့ကလည်း အိုး ၁ ထဲမှာ ရှိနေမှာဖြစ်ပြီး မန်ယူနိုက်တက်ဟာ ယူအီးအက်ဖ်အေရဲ့ အသင်းညွှန်ကိန်းစာရင်းမှာ အဆင့် ၇ သတ်မှတ်ခံထားရထားရတာကြောင့် အိုး ၂ ထဲမှာ ထည့်သွင်းခံရမှာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ၊ နာပိုလီ၊ ဖီယင်နု၊ ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ ဘင်ဖီကာတို့ထဲက တစ်သင်းနဲ့ ရင်ဆိုင်ရနိုင်ပြီး အာဆင်နယ်ကလည်း အသင်းညွှန်းကိန်းမှာ အဆင့် ၂၃ သာ သတ်မှတ်ခြင်းခံထားရပေမယ့်လည်း အိုး ၂ မှာ ပါဝင်ဖွယ် ရှိပါတယ်။

အိုး ၃ မှာ ဆာ့လ်ဇ်ဘတ်၊ လာဇီယို၊ ရက်ဒ်စတား ဘဲလ်ဂရိတ်တို့အားလုံးကလည်း ဝင်ခွင့်တစ်နေရာ သေချာခဲ့ပြီးနောက် အေစီမီလန်က ၂ ပွဲကစားဖို့ ကျန်သေးတဲ့ အတ္တလန္တာကို အဆင့် ၄ နေရာကနေ ၃ မှတ်ဖြတ်ထားနိုင်ပြီး ရာသီပြီးဆုံးတဲ့အထိ ထိန်းထားနိုင်ရင် အိုး ၃ ထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ကတော့ ဥရောပပြိုင်ပွဲနဲ့ ၁၀ နှစ်ကြာ ကင်းကွာခဲ့ရပြီးနောက် အိုး ၄ ထဲမှာ ဆဲလ်တစ်နဲ့အတူ ပါဝင်မှာဖြစ်ပြီး ရီးရဲလ် ဆိုစီဒက်ကလည်း လာလီဂါမှာ ပဉ္စမနေရာက ဗီလာရီးရဲလ်ထက် ၅ မှတ်အသာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာကြောင့် အိုး ၄ ထဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။

အိုး ၂ မှာ ပါဝင်ဖွယ်ရှိနေတဲ့ အာဆင်နယ်ကလည်း ခက်ခဲတဲ့ မဲခွဲမှုရလဒ်နဲ့ ရင်ဆိုင်ရနိင်ပြီး မန်ယူနိုက်တက်နဲ့ ဂန်းနားတို့အတွက် သတင်းဆိုးချည်းပဲတော့ မဟုတ်ဘဲ ပိုပြီး သက်တောင့်သက်သာရှိတဲ့ မဲခခွဲရလဒ်လည်း ဖြစ်နိုင်ခြေရှိပါတယ်။

ဥပမာအားဖြင့် ဖီယင်နု၊ ဇာဂရက်၊ ဆဲလ်တစ်တို့နဲ့ ကျရောက်ရင်လည်း ကျရောက်နိုင်ပြီး မန်စီးတီးကတော့ ဘိုင်ယန်မြူးနစ် သို့မဟုတ် ရိးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရနိုင်ပြီး နယူးကာဆယ်ကလည်း ပီအက်စ်ဂျီ၊ ရိးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ မန်စီးတီး၊ နယူးကာဆယ်တို့အားလုံးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကျင်းပမယ့် ဩဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်အထိ ၎င်းတို့ရဲ့ ကံကြမ္မာကို သိရဦးမှာမဟုတ်ပါဘူး။