Match Report Premier League

ဉာဏ်ရည်မမီတဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီးကို အမုန်းကျုံးပြပြီး ချန်ပီယံလိဂ်ကစားခွင့်ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးအသင်းကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ချာလိုဘာ၊ အက်ဇ်ပီလီကွေတာနဲ့ ဟောလ်တို့ကို တွဲဖက်ပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ ချူကွယ်မီကာနဲ့ ဂါလာဂါတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာဒူးကီ၊ မူဒရစ်ခ်နဲ့ ဟာဗတ်ဇ်တို့ကို တင်ကစားလာခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်က ပွဲမှာ နှစ်သင်းစလုံး ကောင်တာတွေကို ပိုအားပြုခဲ့ကြတာကြောင့် လျင်မြန်တဲ့ ယှဉ်ပြိုင်မှုကို တွေ့မြင်ခဲ့ရပြီး ဂါလာဂါကတော့ ဂိုးရှေ့မှာ ဖြုန်းတီးမှုတွေ များခဲ့သလို ယူရိုသန်း ၁၀၀ တန်ကြီး မူဒရစ်ခ်ကလည်း ဒိုင်းကနဲ ပိတ်ချလိုက်ရင် ဝင်နေမယ့် ဘောလုံးကို ထိန်းပြီး တိုင်ပတ်ခဲ့လို့ ချဲလ်ဆီးတို့ စောစောစီးစီး ဂိုးရခွင့်နဲ့ လွဲခဲ့ရပါတယ်။

ပွဲချိန် ၆ မိနစ်မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးကို စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဲရစ်ဆန်ရဲ့ ဖရီးကစ်ကနေ ချဲလ်ဆီးခံစစ်သမားတွေကြားက လူမကျွံဘဲ ပြေးထွက်သွားနိုင်ခဲ့တဲ့ ကာစီမီရိုက သူလုပ်စားနေကျပုံစံအတိုင်း ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့လို့ လမ်းပတ်ရဲ့လူတွေ ဟုတ်မလိုနဲ့ ရေနစ်ဖို့ အကြောင်းဖန်လာခဲ့တာပါ။

ချဲလ်ဆီးတို့ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ကြပေမယ့် ဂါလာဂါကို ပြောမယ့်သူ မရှိကြတော့ဘူးလားလို့ မေးရလိုဖြစ်နေခဲ့ချိန်မှာ မန်ယူတို့ကတော့ အရေးပါတဲ့ နေရာတွေကို ထိန်းသိမ်းကစားသွားနိုင်ခဲ့တာကြောင့် နောက်တစ်ဂိုးရဖို့တောင် နီးစပ်ခဲ့သေးသလို မာစီယယ်လ် လဒူကျခဲ့လွန်းလို့သာ အဖျက်ခံခဲ့ရပြီး ပွဲချိန် ၂၅ မိနစ်မှာတော့ နှစ်ယောက်ကြားကနေ မိုက်မိုက်မဲမဲ တိုးဝင်လာတဲ့ အန်တိုနီ အကျွေးခံခဲ့ရလို့ ထမ်းစင်နဲ့ ထုတ်သွားခဲ့ရတာဖြစ်ပါတယ်။

အန်တိုနီရဲ့ နေရာမှာတော့ ဒဏ်ရာကနေ သက်သာလာတဲ့ ရက်ရှ်ဖို့ဒ် ဝင်ကစားခဲ့ပြီး ဆန်ချိုနဲ့ ဆိုက်ချိန်းသွားခဲ့ကြသလို ဒီနောက်မှာတော့ နှစ်သင်းစလုံးအနေနဲ့ အခွင့်အရေးတွေကို ဖြုန်းတီးသွားခဲ့ကြလို့ တစ်ဂိုးနဲ့ပဲ ပထမပိုင်း ပြီးတော့မယ်လို့ ထင်နေကြတုန်းမှာပဲ ချဲလ်ဆီးခံစစ်ရဲ့ အာရုံစိုက်မှု လျော့ကျပြီး သတိလစ်ဟင်းမှုကနေ မန်ယူတို့ နောက်တစ်ဂိုးသွင်းသွားခဲ့တာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာ မန်ယူတို့ ဒုတိယ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လေးလေးကွေးကွေးနဲ့ လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့ ချဲလ်ဆီးခံစစ်ဘယ်ခြမ်းကို ညာတောင်ပံသမား ဆန်ချိုက လှလှပပ ဖြတ်ကျော်သွားနိုင်ခဲ့ပြီး ဂိုးရှေ့မှာ တစ်ကိုယ်ကောင်းမဆန်ဘဲ အနိမ့်ဘော ချိုးပေးခဲ့တဲ့ ဘောလုံးကို မာစီယယ်လ်က ဘယ်ခြေနဲ့ ပိတ်သွင်းနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တွေ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ လုခ်ရှောကို အနားပေးပြီး မာလာစီယာကို တန်ဟတ်က ထည့်သုံးသွားခဲ့သလို သိပ်မကြာခင်မှာပဲ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက်က တိုင်ထိသွားခဲ့ပြီး နှစ်ဖက်ဂိုးသမားတွေကတော့ ကာကွယ်မှုတွေ တော်တော်လုပ်နိုင်ခဲ့ကြချိန်မှာ ချဲလ်ဆီးတို့ဘက်ကတော့ ပွဲချိန် ၆၄ မိနစ်မှာ ဟာဗတ်ဇ်နဲ့ မူဒရစ်ခ်တို့အစား ဂျာအို ဖဲလစ္စနဲ့ ပူလီရှစ်ချ်တို့ကို လူစားပြောင်းလဲလာခဲ့တာပါ။

မန်ယူတို့ဘက်ကတော့ အဲရစ်ဆန်နဲ့ မာစီယယ်လ်တို့အစား ဖရက်ဒ်နဲ့ ဂါနာချိုတို့ကို ထည့်သွင်းလာခဲ့ကြပြီး အက်ဖ်အေဖလားဖိုင်နယ်အတွက် လူထပ်မနာဖို့ ဂရုစိုက်သွားခဲ့ကြသလို ချဲလ်ဆီးနဲ့ နည်းပြ လမ်းပတ်တို့ကတော့ ဉာဏ်ရည်မမီမှုကို အတော်လေး ပြသနေခဲ့ကြချိန်မှာ အိုးနင်းခွက်နင်း ကစားနေခဲ့တဲ့ ပေါင် ၇၅ သန်းတန် ဖိုဖာနာကတော့ ဒီနေ့ပွဲရဲ့ အညံ့ဆုံးအဖြစ် မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ မန်ယူတို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဧရိယာအစပ်မှာ တိုးဝင်ပြီး လိမ်ခေါက်ဖို့ ကြိုးစားတဲ့ ဘရူနို ဖာနန်ဒက်စ်ကို ဖိုဖာနာက ပေါပေါပဲပဲ ခံစစ်ကစားဟန်နဲ့‌ ခြေချိတ်မိခဲ့လို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီပင်နယ်တီကိုတော့ မန်ယူ ကပ္ပတိန်က ချဲလ်ဆီးဂိုးသမား ကီပါကို လှလှပပ လှည့်စားကန်သွင်းယူခဲ့တာပါ။

ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် သွင်းယူအပြီး မန်ယူတို့ အိမ်ရှင်ပရိသတ်တွေရှေ့ အောင်ပွဲခံခဲ့ကြချိန်မှာ ချဲလ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ်ကတော့ ကိုယ့်အထာနဲ့ ကိုယ်မနေဘဲ Big Transfer အဖြစ် Big Loser ပါဖြစ်ကြောင်း အနားက ဆန်ချိုကို တွန်းလားထိုးလားနဲ့ ပြသသွားခဲ့တာကြောင့် ဖရက်ဒ်တို့ အုပ်လိုက် ဝိုင်းဖြဲတာပါ ခံခဲ့ရသလို အဝါကတ်ပါ ထိခဲ့ပြီး မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာ မန်ယူတို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကိုယ့်လူဘယ်နားရှိမှန်း မသိဘဲ ပေးတဲ့ ဖိုဖာနာရဲ့ စုတ်ပြတ်မှုကနေ ဘရူနို ဖာနန်ဒက်စ်က ဖြတ်တောက်ရယူခဲ့သလို ဂိုးရှေ့ကို ချိုးပေးရာမှာ ရက်ရှ်ဖို့ဒ်က ပြေးဝင်ဖျက်တဲ့ ဖိုဖာနာကို မျက်လှည့်ပြပြီးမှာ ကီပါရဲ့ ပေါင်ကြားက ကန်သွင်းယူခဲ့ရာမှာ မလွတ်တလွတ်နဲ့ ဂိုးစည်းမကျော်သေးတဲ့ ဘောလုံးကို ထပ်မံပိတ်သွင်းခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ ချဲလ်ဆီးတို့ အရှက်ပြေ ချေပဂိုးတစ်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဇီးယက်ရှ် ခင်းပေးလိုက်တာကို ဂျာအို ဖဲလစ္စက တောက်လျှောက်ဆွဲပြေးပြီး ကုန်နေတဲ့ ပုံစံနဲ့ ခြေလေးနေတဲ့ ဗာရွန်းရဲ့ ရှေ့ကနေ ဘယ်ဘက်ထောင့်ကို ချိုးကန်သွင်းခဲ့ရာမှာ ဒဟေးယားလည်း ကာကွယ်ပုံ နှေးခဲ့တာကြောင့် ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂါနာချို၊ မက်တော်မီနေးနဲ့ ရက်ရှ်ဖို့ဒ်တို့ ဂိုးဝင်နိုင်တဲ့ အခွင့်အရေးတွေကို တစ်ကိုယ်ကောင်းဆန်ဆန် လူမပေးဘဲ ဖြုန်းတီးခဲ့ကြတာကြောင့် မန်ယူတို့ ၇ ဂိုးလောက် ရနိုင်ခွင့်နဲ့ လွဲချော်ခဲ့ကြရပြီး ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့ကို လေးဂိုး-တစ်ဂိုးနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် လီဗာပူးလ်တို့ရဲ့ ဖိအားပေးမှုကနေ ၆ မှတ်အကွာနဲ့ လွတ်မြောက်သွားနိုင်ခဲ့ပြီး တတိယနေရာကို ရောက်ရှိသွားခဲ့ကြသလို နယူးကာဆယ်လ်တို့နဲ့ သုံးလားလေးလား လုရဖို့ပဲ ရှိတော့ချိန်မှာ အဆင့် ၁၂ က ချဲလ်ဆီးတို့ကတော့ အပိတ်ပွဲ သုံးပွဲမှာ မန်စီးတီး၊ မန်ယူ၊ နယူးကာဆယ်လ်တို့နဲ့ တွေ့ဆုံပြီး တစ်မှတ်မှ မရဘဲ ဇာတ်သိမ်းရမယ့် အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.