Match Report Premier League

ချန်ပီယံ မန်စီးတီးကို သရေယူပြီး ယူရိုပါလိဂ်ဝင်ခွင့် သေချာသွားတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ဗန်ဟက်ကီ၊ ကောလ်ဝီလ်၊ ဂရော့စ်နဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂီးလ်မိုး၊ ကိုင်စီဒို၊ အန်စီဆို၊ ဘောနာနိုတေးနဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ် တစ်ယောက်တည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်စီးတီးအသင်းကတော့ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဝေါ်လ်ကာနဲ့ ရီကို လူးဝစ္စတို့ကို နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မာရက်ဇ် ပေးတာကို ဘရိုက်တန် လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ဟားလန်းက ကိုယ်တိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် မကန်ဘဲ ဂိုးသမားကို လှည့်စားပြီး ခင်းပေးတဲ့ ဘောလုံးကို ဖိုဒန်က နောက်ခံလူနှစ်ဦးကြားကနေ အဆုံးသတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ မန်စီးတီးတို့ရဲ့ Pressing ကို ဖောက်ထွက်လာခဲ့တဲ့ ကောလ်ဝီလ်က တောက်လျှောက်ဆွဲပြေးပြီး ခင်းပေးရာမှာ ဘောလုံးရသွားတဲ့ အန်စီဆိုက ဧရိယာအပြင်ကနေ ဂိုးညာဘက် အပေါ်ထောင့်ကို အပြင်းကန်သွင်းပြီး ဂိုးသမား အော်တေဂါကို အနိုင်ယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာ မန်စီးတီးတို့ဘက်က ဖိုဒန်၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျွန်စတုန်းစ်တို့အစား ပါးလ်မား၊ အယ်လ်ဗာရက်ဇ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ ဝင်ကစားခဲ့ကြပြီး ဘရိုက်တန်တို့ဘက်ကတော့ အန်စီဆို၊ ဂီးလ်မိုး၊ ဝဲလ်ဘက်ခ်နဲ့ ဘောနာနိုတေးတို့အစား ဖာဂူဆန်၊ မက္ကယ်လစ္စတာ၊ အွန်ဒက်ဗ်နဲ့ ဗဲ့လ်မန်းတို့ကို ပြောင်းလဲသွားခဲ့ကြပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ ဘယ်ခြမ်းက ပါးလ်မားရဲ့ ဖြတ်တင်ဘောကို ဟားလန်း ခေါင်းတိုက်သွင်းရာမှာ မန်စီးတီးတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပေမယ့် ဂိုးသွင်းဖို့ ကြိုးစားစဉ်မှာ နော်ဝေတိုက်စစ်မှူးအနေနဲ့ ဘရိုက်တန်နောက်ခံလူ ကောလ်ဝီလ်ရဲ့ အင်္ကျီကို ဆွဲထားခဲ့တာကို VAR မှာ တွေ့မြင်ခဲ့ရလို့ ပယ်ဖျက်သွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ တစ်ဂိုးစီသရေနဲ့ပဲ ပြီးဆုံးခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့အနေနဲ့ ပရီးမီးယားလိဂ် ၃၇ ပွဲ ကစားပြီးချိန်မှာ ၈၉ မှတ်အထိ စုဆောင်းနိုင်ခဲ့ကြပြီး ဒုတိယနေရာ အာဆင်နယ်ကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့ချိန်မှာ ဘရိုက်တန်တို့ကတော့ ၆၂ မှတ် ရယူနိုင်ခဲ့ပြီး အဆင့် ၅ က လီဗာပူးလ်တို့ကို လိုက်မမီတော့ပေမယ့် အဆင့် ၇ က အက်စ်တန် ဗီလာတို့နဲ့ ၄ မှတ် ကွာသွားခဲ့ပြီး အဆင့် ၆ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ သေချာသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.