Match Report Serie A

ရည်းစားကမုန်း ဖဲကရှုံးဆိုသလို အမှတ်လျှော့ခံရခါမှ အမ်ပိုလီကို ရှုံးပွဲတွေ့တဲ့ ဂျူဗီ

ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့ရဲ့ ရာသီဝက်လောက်က အမှတ်လျှော့ခံခဲ့ရတဲ့ ၁၅ မှတ်လျှော့ ပြစ်ဒဏ်ကနေ ပြန်လာခဲ့အပြီးမှာ ရုပ်တည်ကြီးနဲ့ ချန်ပီယံလိဂ်ကစားခွင့်ကို စီးရီးအေချန်ပီယံ နာပိုလီနောက် ဒုတိယနေရာကနေ ရယူတော့မယ်လို့ ထင်နေခဲ့ကြပေမယ့် Crime doesn’t Pay ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရာဇဝတ်ဘေး‌ ပြေးမလွတ်ကြောင်းနဲ့ ၁၀ မှတ် ထပ်ဖြုတ်ခံရချိန်မှာ အမ်ပိုလီကို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဧည့်သည်သွားလုပ်တဲ့ ဂျူဗင်တပ်စ်တို့အနေနဲ့ ဂိုးသမား ရှချက်စ်နီ၊ ခံစစ်မှာ ဘရီးမား၊ ဂက်တီနဲ့ အဲလက်စ် ဆန်ဒရိုတို့ကို လူစုံထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ လိုကာတယ်လီ၊ မီရက်တီ၊ ဟာဗျို၊ ဘာဘီယာရီနဲ့‌ ကော့စ်တစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မီလစ်ခ်နဲ့ ဗလာဟိုဗစ်ချ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာကတည်းက အိမ်ရှင် အမ်ပိုလီတို့ ဂိုးသွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဖရီးကစ်ကနေ ပြန်ထွက်လာတာကို ကန်သွင်းဖို့ ကြိုးစားတဲ့ ကမ်ဘီယာဂီကို မီလစ်ခ်က ဧရိယာထဲမှာ ခြေချိတ်မိတာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ကာပူတိုက ညာဘက်တိုင်ခြေကို အပြင်းကန်သွင်းပြီး ဂျူဗီဂိုးသမား ရှချက်စ်နီကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ အမ်ပိုလီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဂျူဗီခံစစ်က မဖျက်ထုတ်နိုင်ဘဲ ကျလာတဲ့ ဘောလုံးကို ကာပူတိုက ညာဘက်တိုင်နားကနေ Volley ကန်သွင်းရာမှာ ထိချက်မမှန်ဘဲ အဝေးတိုင်ဘက် ရောက်လာတဲ့ ဘောလုံးကို နောက်ခံလူ လူပါတိုက အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မကြာခင် ပွဲချိန် ၄၇ မိနစ်မှာတော့ အမ်ပိုလီတို့ တတိယ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဲလက်စ် ဆန်ဒရို ဘောလုံးမပေးနိုင်ဘဲ တုံ့ဆိုင်းပြီး ကြောင်ပျောက်နေတုန်းမှာ လုယူနိုင်ခဲ့တဲ့ တောင်ပံသမား အက်ခ်ပါ အက်ခ်ပရိုက ညာခြမ်းတောက်လျှောက် ဆွဲပြေးပြီး ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ကာပူတိုကပဲ ပါးပါးနပ်နပ် ပိတ်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဟာဗျိုရဲ့ ဖြတ်တင်ဘော ဘယ်သူနဲ့မှ မထိလိုက်ဘဲ ပြန်ကျလာတာကို ညာခြမ်းက အသင့်ရှိနေတဲ့ လူစားဝင်တောင်ပံသမား ခီယေးဆာက Volley ကန်သွင်းခဲ့ရာမှာ အမ်ပိုလီ ခံစစ်ကြားထဲကနေ အနီးတိုင်ခြေကို ဝင်သွားခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ အမ်ပိုလီတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ အိမ်ရှင်တွေ ထောင့်ကန်ဘောကို အချိန်ဆွဲပြီး ပေးတာကို ဂျူဗီခံစစ်က လိုက်လုရင်း ဧရိယာထဲ ပြန်ရောက်လာတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး ပစ်ချိုလီက တစ်ချက်ထိန်းပြီး အနီးကပ် ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အမ်ပိုလီတို့က ဂျူဗင်တပ်စ်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်ခဲ့ချိန်မှာ အမှတ်လျှော့ခံလိုက်ရလို့ ဘူနေတဲ့ အိုးလ်လေဒီ အဖွားကြီးတို့ကတော့ ဒီနေ့ပွဲမှာ အမှတ်ရခဲ့ရင် အခြေအနေကောင်းနိုင်သေးပေမယ့် ရှုံးနိမ့်ခဲ့ရမှုကြောင့် အဆင့် ၇ အထိ ကျဆင်းသွားပြီး သူများအသင်းတွေ သနားမှ ရမယ့် ဘဝကို ရောက်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.