Bundesliga Match Report

အော့စ်ဘတ်ကို အနိုင်ယူပြီး ဘိုင်ယန်ဆီက အဆင့် ၁ ကို သိမ်းပိုက်လိုက်တဲ့ ဒေါ့မွန်

ဒေါ့မွန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ဆူးလား၊ ဟမ်းမဲလ်၊ ဝုလ်ဖ်နဲ့ ရိုင်ယာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရီ ချန်၊ ဂွါရဲရိုး၊ ဘရန့်ဒ်၊ မာလန်နဲ့ အဒီယီမီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဲလာတစ်ယောက်တည်းကို အထောင်ထားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အော့စ်ဘတ်တို့ကတော့ ဂိုးသမား ကူဘက်ခ်၊ ခံစစ်မှာ ဂေါက်ဝေလျူ၊ အူဒူခိုင်း၊ ပက်ဒါဆန်နဲ့ ရီနာတို ဗီဂါတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒေါ့ရှ်၊ အွန်ဂျဲလ်စ်နဲ့ ရက်ဆ်ဘဲချိုင်းတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ယီဘိုးအား၊ ဒယ်မီရိုဗစ်ချ်နဲ့ ဘယ်လ်ယိုတို့ကို တွဲဖက်ပေးခဲ့တာပါ။

အနိုင်ရရင် ဇယားထိပ်ကို ရောက်မှာဖြစ်ပြီး တစ်ပွဲအကျန်မှာ ဘိုင်ယန်ကို ကျော်တက်နိုင်မှာဖြစ်သလို လာမယ့်ပွဲမှာလည်း မိုင့်ဇ်ကို အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့်‌ ဒေါ့မွန်တို့အနေနဲ့ ချန်ပီယံအိပ်မက်မက်ခဲ့တာဖြစ်ပြီး ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေလည်း အတော်လေး ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အော့စ်ဘတ်တို့အနေနဲ့ အဒီယီမီ၊ အဲလားနဲ့ ဘရန့်ဒ်တို့ရဲ့ ထိုးဖောက်မှုတွေကို အသည်းအသန် ကာကွယ်နေခဲ့ရပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ လူကျွံထောင်ချောက်ကို ကျော်ပြေးတဲ့ ဒေါ့မွန်ရဲ့ မာလန်ကို နောက်ကနေ ဆွဲလှဲခဲ့တဲ့ ခံစစ်မှူး အူဒူခိုင်း တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ အိမ်ရှင်တွေ ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဒေါ့မွန်တို့ ပိုဖိကစားလာခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာတော့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းကနေ မာလန်က ဖြတ်ချိုးပေးတာကို အော့စ်ဘတ်ခံစစ်က တားရုံတားပြီး ရှင်းမထုတ်နိုင်လိုက်တဲ့ ဘောလုံးကို အဲလာက ဖြတ်ယူပြီး ထောင့်ကျဉ်း အနေအထားကနေ အနိမ့်ဘောကန်သွင်းရာမှာ ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

တစ်ဖက်က ဆယ်ယောက်ဖြစ်နေချိန်မှာ ဒေါ့မွန်တို့ တစ်ယောက်အသာနဲ့ အနိုင်သုံးမှတ်ကို ထိန်းသိမ်းဖို့အတွက် အဒီယီမီအစား အော့ဇ်ချန်ကို ထည့်သွင်းပြီး ကွင်းလယ်ကို အားဖြည့်သွားခဲ့သလို ကွင်းလယ်မှာ ပွဲထွက်လာတဲ့ ဂွါရဲရိုးကိုတော့ ဘယ်တောင်ပံပြန်ထားခဲ့ပြီး မိနစ် ၈၀ မှာတော့ မာကို ရွိုက်စ်နဲ့ ထပ်လဲခဲ့ချိန်မှာ အိမ်ရှင် အော့စ်ဘတ်တို့ကတော့ အမှတ်ပြန်ခွဲယူနိုင်ဖို့ တိုက်စစ်ကို အားဖြည့်လာခဲ့တာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဒေါ့မွန်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မာလန်ပဲ ခင်းပေးခဲ့တာကို မာကို ရွိုက်စ်က ဧရိယာထဲမှာ ဆွဲယူပြီး အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့‌ ဘောလုံးကို နောက်က ပါလာတဲ့ အဲလားကပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့‌ ဒေါ့မွန်တို့ပဲ တတိယ အနိုင်ဂိုးနဲ့ ပွဲရလဒ်ကို ပြတ်သားစေခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်မှာ အော့စ်ဘတ်တို့‌ ဘောလုံးပျက်တာကို လုယူနိုင်ခဲ့တဲ့ ရှလော့တာဘက်ခ်က ဘယ်ခြမ်းကို ခင်းပေးရာမှာ အလိုက်သင့် ပြေးဝင်လာခဲ့တဲ့ ဘရန့်ဒ်က ဘယ်ခြေနဲ့ အနိမ့်ဘော ချိုးကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ အဖိုးတန် အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့တဲ့ ဒေါ့မွန်တို့အနေနဲ့ ဘိုင်ယန်မြူးနစ်ထက် နှစ်မှတ်အသာနဲ့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်လိုက်နိုင်ခဲ့ချိန်မှာ ရှုံးနိမ့်ခဲ့တဲ့‌ အော့စ်ဘတ်တို့ကတော့ အဆင့် ၁၅ ကနေ တန်းဆင်းဖို့အတွက် စိတ်မချရသေးဘဲ နောက်ဆုံးပွဲစဉ်အထိ ဆက်လက်ရုန်းကန်ရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.