Match Report Premier League

ချဲလ်ဆီးကို အရန်တွေနဲ့ အနိုင်ကစားပြီး ချန်ပီယံဆုကို သိမ်းပိုက်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ လာပေါ့တ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ကယ်လ်ဗင် ဖိလစ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ ရီကို လူးဝစ္စတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဖိုဒန်၊ မာရက်ဇ်၊ ပါးလ်မားနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဖိုဖာနာနဲ့ ချာလိုဘာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ လော့ဖ်တပ်စ်-ချိခ်၊ ဂါလာဂါ၊ အက်ဇ်ပီလီကွေတာနဲ့ ဟောလ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်နဲ့ စတာလင်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၁၂ မိနစ်မှာ မန်စီးတီးတို့က ဒီနေ့ပွဲအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ပါးလ်မားက ခံစစ်ကစားပုံ စာမကြေတဲ့ ချဲလ်ဆီးနောက်တန်းကြားက ဟာကွက်ထဲကို ထိုးထည့်ပေးခဲ့ရာမှာ အယ်လ်ဗာရက်ဇ်က ညာဘက်အောက်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ဦးစားပေးအသင်းလောက်ရှိနေတဲ့ မန်စီးတီး အရန်တွေအနေနဲ့ ဒီနေ့မှာလည်း သူတို့လိုချင်တဲ့ ဘောင်ဝင်အောင် ပွဲကို ထိန်းချုပ် ကစားသွားနိုင်ခဲ့ပေမယ့် ချဲလ်ဆီးတို့ကတော့ ကောင်တာတွေနဲ့ ပြန်လည်ခြိမ်းခြောက်နိုင်ဖို့ ကြိုးစားခဲ့ကြပြီး စတာလင်ရဲ့ ရုတ်တရက် ဖောက်ထွက်သွားတဲ့ ဘယ်ခြေကန်ချက်ကို ဂိုးသမား အော်တေဂါ သတိကြီးကြီးနဲ့ ကာကွယ်ခဲ့ရတာပါ။

ပွဲချိန် ၃၆ မိနစ်မှာ ဟောလ်ရဲ့ ဖြတ်တင်ဘောကနေ ဂါလာဂါ ခေါင်းတိုက်ရာမှာ ဂိုးသမားတည့်တည့်ဖြစ်နေခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို ပထမပိုင်း ပြီးခါနီးမှာလည်း ဖရီးကစ်ကနေ ခြိမ်းခြောက်မှုကို မန်စီးတီးခံစစ်က ရှင်းထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးဘယ်တောင်ပံက ဟောလ်ရဲ့ ကန်ချက်တွေကို ဂိုးသမား အော်တေဂါ ကာကွယ်ခဲ့ရသလို ဧည့်သည်တွေရဲ့ အဝေးကန်ချက်တွေကတော့ ဂိုးပေါက်တည့်တာကလွဲရင် ဒီလောက် အကောင်းကြီး မဟုတ်ခဲ့တာက အိမ်ရှင်တွေကို သက်သာစေခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာ စတာလင်ရဲ့ အသင်းဟောင်းဘက်ကို ဂိုးသွင်းယူဖို့ ကြိုးစားမှုကလည်း ဂိုးသမားကို ကျော်ဖြတ်သွားခဲ့ပေမယ့် ဂိုးစည်းပေါ်က ရှင်းထုတ်ခံခဲ့ရတာပါ။

ပွဲချိန် ၆၈ မိနစ်နဲ့ ၇၁ မိနစ်တွေမှာ မန်စီးတီးဘက်က မာရက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့က အပြန်အလှန် ဖန်တီးမှုတွေကနေ နှစ်ကြိမ်တိတိ ဘောလုံးကို ဂိုးပိုက်ထဲ အရောက်ပို့ခဲ့ပေမယ့် တစ်ကြိမ်က ပြစ်ဒဏ်ဘောနဲ့ တစ်ကြိမ်က လက်ထိဘော သတ်မှတ်ခံခဲ့ရတာကြောင့် ပွဲချိန်အပြည့်မှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အောင်ပွဲခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား သိမ်းပိုက်အောင်ပွဲခံမှုကို ဒီပွဲအပြီးမှာ ပြုလုပ်သွားခဲပြီး ချဲလ်ဆီးတို့ကတော့ ရှုံးပွဲကြောင့် အဆင့် ၁၂ အထိ ကျဆင်းသွားခဲ့ချိန်မှာ လာမယ့်နှစ်ပွဲကိုလည်း မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်လ်တို့နဲ့ တွေ့ဆုံရဦးမှာဖြစ်လို့ နောက်ဆုံးသုံးပွဲမှာ တစ်မှတ်တောင် ရနိုင်ဖို့ မသေချာဘဲ ဝုလ်ဗ်စ်တို့ကပါ ကျော်တက်သွားနိုင်တဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.