Bundesliga Match Report

ဂျာမန်ချန်ပီယံဆုကို လာပါယူပါဆိုပြီး ဒေါ့မွန်လက်ထဲ ထိုးထည့်ပေးလိုက်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့မှာတော့ အာလီယန့်ဇ်အရီနာ အိမ်ကွင်းမှာ RB လိုက်ပ်ဇစ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဂျာမန် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် အဓိက ပြိုင်ဘက် ဘိုရုရှားဒေါ့မွန်ကို လာပါယူပါ သိမ်းပိုက်လှည့်ပါလို့ ကြာကလပ်နဲ့တင်ပြီး ဆက်သလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

အိမ်ရှင်တွေအတွက် ဒီနေ့ပွဲက အနိုင်ရကို ရသင့်တဲ့ Must Min ပွဲစဉ်လည်းဖြစ်တာကြောင့် ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ ပါဗတ်၊ ဒီလစ်ချ်၊ မာဇရာဝီ၊ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာနဲ့ မူစီယာလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကိုမွန်၊ ဂနာဘရီနဲ့ မူလာတို့ကို တိုက်စစ်ဦးစားပေး ပွဲထုတ်ခဲ့တာပါ။

ဧည့်သည် လိုက်ပ်ဇစ်သားတွေကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ အော်ဘန်၊ ဂွါဒီယောလ်၊ ဆီမာကွန်နဲ့ ဟယ်လ်စတင်ဘာ့ဂ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ လိုင်မာ၊ ဟိုက်ဒါရာ၊ ဆိုဘော့ဆ်လိုင်းနဲ့ ဒါနီ အိုလ်မိုတို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ အန်ကွန်ကူးနဲ့ အွန်ဒရေ ဆေးလ်ဗားတိုကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ဘိုင်ယန်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မူလာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဂနာဘရီက ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီးမှ လိုက်ပ်ဇစ်နောက်ခံလူတွေကြားက ကန်သွင်းခဲ့ရာမှာ အနီးတိုင်ခြေကို ဝင်သွားခဲ့လို့ ဂိုးသမား ဘလာစ်ဗစ်ချ် မကာကွယ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာတော့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြတာပါ။

ဒုတိယပိုင်းပြန်အစမှာ လိုက်ပ်ဇစ်ဘက်က ဒဏ်ရာရသွားတဲ့ ဆီမာကန်အစား ဟိုင်းန်ရစ်ချ် ဝင်ကစားလာခဲ့ပြီး ဘိုင်ယန်တို့ကတော့ အိမ်ကွင်းမှာ နိုင်ချင်ကြက်လို ဖိကစားနေခဲ့ပေမယ့် တစ်သင်းကိုင် ကစားကွက်တစ်မျိုးနဲ့ ကိုယ့်ဘာသာကိုယ် တည်ငြိမ်မှု မရှိတဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ လက်အောက်မှာ သေသပ်ထက်မြက်တဲ့ ပုံစံမျိုးတော့ ရှိမနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ လိုက်ပ်ဇစ်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ကောင်တာပြန်ဝင်လာရာမှာ အုပ်လိုက်ကြီး ပြေးတက်လာခဲ့တဲ့ ဧည့်သည်အင်အားစုကို ခုခံရင်း ဘိုင်ယန်တို့ ဖရိုဖရဲဖြစ်သွားခဲ့ကြပြီး အန်ကွန်ကူး ချိုးပေးတဲ့ ဘောလုံးက ခံစစ်နဲ့ ငြိပြီး ထွက်လာခဲ့တာကို နောက်က ပါလာတဲ့ လိုင်မာက လူကြားထဲကနေ ကန်သွင်းယူသွားခဲ့တာပါ။

တစ်ဂိုးစီသရေဖြစ်နေတဲ့ နောက်မှာတော့ ဘိုင်ယန်တို့ဘက်က ဂေါ်ရက်ဇ်ကာနဲ့ ဂနာဘရီတို့အစား ဂရာဗင်ဘာ့ချ်နဲ့ ဆာနေးတို့ကို လူစားသွင်းခဲ့သလို လိုက်ပ်ဇစ်နည်းပြ မာကို ရိုဆာကတော့ ဟိုက်ဒါရာနဲ့ အွန်ဒရေ ဆေးလ်ဗားတို့အစား ကမ်ပယ်လ်နဲ့ ဖော့စ်ဘတ်တို့ကို ထည့်ကစားပြီး ကောင်တာကိုပဲ ဆက်လက် အားပြုသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ လိုက်ပ်ဇစ်တို့ပဲ ဒုတိယဂိုးကို ထပ်မံသွင်းယူပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့သလို ဒီဂိုးကိုတော့ ဧရိယာထဲကို ဆွဲဝင်ဖို့ ကြိုးစားတဲ့ အန်ကွန်ကူးရဲ့ ခြေထောက်ကို တက်နင်းမိတဲ့ ပါဗတ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အန်ကွန်ကူးက သူကိုယ်တိုင်ပဲ တာဝန်ယူပြီး ဂိုးသမား ဆွမ်းမားရဲ့ အလယ်တည့်တည့်ကို အနိမ့်ဘော အပြင်းကန်သွင်းခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာ လိုက်ပ်ဇစ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ပုံပျက်သွားတဲ့ ဘိုင်ယန်ခံစစ်က ထောင့်ကန်ဘောကို ရှင်းထုတ်ဖို့ ကြိုးစားရင်း မာဇရာဝီ လက်ထိမိလို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒီတစ်ကြိမ်မှာတော့ ဆိုဘော့ဆ်လိုင်းက ဘယ်ဘက် တိုင်ခြေကို ကန်သွင်းပြီး ဂိုးသမား ဆွမ်းမားကို ထပ်မံလှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘိုင်ယန်တို့ဘက်က မာဇရာဝီနဲ့ ကန်ဆယ်လိုတို့အစား မာနေးနဲ့ အူပါမီကာနိုတို့ကို လဲပြီး ကြိုးစားခဲ့ပေမယ့် လိုက်ပ်ဇစ်တို့ဘက်ကတော့ အိုလ်မိုနဲ့ အဝါထိထားတဲ့ ဂွါဒီယောလ်တို့အစား ဒီယယ်လိုနဲ့ ကလိုစတာမန်းတို့ကို ထည့်ပြီး ပိတ်ကစားသွားခဲ့လို့ အိမ်ကွင်းမှာ ဘာဗေးရီးယားသားတွေ သောက်နေကျ ဘီယာခွက်ကြီးတွေတောင် မသောက်ရဘဲနဲ့ ဒေါင်ချာစိုင်းသွားခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဧည့်သည် RB လိုက်ပ်ဇစ်တို့က ဘိုင်ယန်မြူးနစ်ကို သုံးဂိုး-တစ်ဂိုးနဲ့ အဝေးကွင်းမှာ သိပ်သွားခဲ့ပြီး ချန်ပီယံလိဂ်ကစားခွင့် တတိယနေရာကို ခိုင်မာစေခဲ့ချိန်မှာ ဒီပွဲရလဒ်ကြောင့် အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရပြီး ဒုတိယနေရာက ဒေါ့မွန်တို့အတွက်တော့ တနင်္ဂနွေညမှာ အော့စ်ဘတ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့မယ်ဆိုရင် ချန်ပီယံဆုအတွက် နှစ်မှတ်အသာနဲ့ ဦးဆောင်နိုင်ဖို့ ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.