Match Report Premier League

အာဆင်နယ်ရဲ့ ကူညီမှုနဲ့ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ခဲ့တဲ့ နိုင်ပွဲရှင် ဖောရက်စ်

နော့တင်ဟမ်ဖောရက်စ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဝေါရဲလ်၊ ဖလိပီနဲ့ နီယာခါတေးတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အော်ရီယေး၊ မန်ဂါလာ၊ ယိတ်စ်၊ ဒါနီလိုနဲ့ ရီနန် လိုဒီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဝိုနီယီကို တင်ပြီး ဂစ်ဘ်စ်-ဝှိုက်က နောက်က လိုက်ကစားခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အာဆင်နယ်တို့ကတော့ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်၊ ပါတေးနဲ့ ကီဗီယာတို့ကို စောင်ဆန်းရီးဟလို့ ပြောရအောင် ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အထိမခံ ရွှေပန်းကန် ဆာကာ၊ ထရော့ဆတ်နဲ့ ဂျေဆူးစ်တို့ကိုပဲ တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်လူစာရင်းကို စမြင်မိတော့ ဘန်ဝှိုက်က ညာနောက်ခံ၊ ကီဗီယာက ညာအတွင်းခံစစ်မှူး၊ ချာကာက ဘယ်နောက်ခံလို့ ထင်ခဲ့မိပေမယ့် ပွဲစကစားတော့မှ ဘယ်လိုမှ အဆင်းအတက် မတတ်တဲ့ ပါတေးနဲ့ ကီဗီယာကို အစွန်တွေမှာ သုံးခဲ့တဲ့ နည်းပြ အာတီတာရဲ့ ဖြုတ်ဦးနှောက်ကို ဘွားဘွားကြီး မြင်လိုက်ရပြီး ဂန်းနားဖန်တွေတော့ဖြင့် ကြက်သေသေ သွားလောက်ခဲ့တာလည်းဖြစ်ပါတယ်။

ဆာကာတစ်ယောက် သုံးထပ်ခံစစ်မိပြီး ဘယ်လိုမှ အလုပ်မဖြစ်ချိန်မှာ ဂျေဆူးစ် ပြန်လာချိန်မှာ မျက်နှာလွှဲ ခဲပစ်အလုပ်ခံရပြီး ပွဲကစားခွင့် ပြတ်သွားတဲ့ ထရော့ဆတ်ကလည်း အလုပ်မဖြစ်သလို ဘယ်ညာခံစစ်အစွန်တွေကလည်း လုံးဝ Overlap ညံ့ဖျင်းခဲ့လို့ ဖောရက်စ်တို့ရဲ့ လူလှိုင်းကို ကျော်ဖြတ်ဖို့ အာဆင်နယ်တို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘဲ စီးတီးဂရောင်းမှာ ဖတ်ဖတ်မောနေခဲ့ရတာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ ဖောရက်စ်တို့က အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဆရာကြီး အော်ဒီဂွါဒ်ရဲ့ အိုင်းစတိုင်း ဦးနှောက်နဲ့ နောက်ပြန်ပေးမှုက ဖန်တီးပေးတာထက် ကောင်းခဲ့ချိန်မှာ ဂစ်ဘ်စ်-ဝှိုက်က ဆွဲပြေးပြီး ဧရိယာထဲကို ဖြတ်ချိုးပေးခဲ့ရာမှာ ဂါဘရီယယ်လ် လိုက်ဖျက်ပေမယ့် ခြေဖျားနဲ့ အားမပါဘဲ ထိခဲ့တာက မလုံလောက်လို့ ပြေးပြီး စောင့်နေခဲ့တဲ့ အဝိုနီယီက အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တို့ဆီမှာ စိတ်ဓာတ်ပိုင်းအရ အမှားမခံတဲ့ အနေအထားမှာ ရှိနေခဲ့သလို ဆာကာရဲ့ စာချုပ်သစ်နဲ့ လုပ်ခမြင့်မားလာတာတွေ၊ ခံစစ်က အဓိက ကစားသမား ဆာလီဘာကို စာချုပ်မချုပ်နိုင်တော့ဖို့ များလာတာတွေအပြင် အော်ဒီဂွါဒ်ရဲ့ အသင်းခေါင်းဆောင်အဖြစ် အဆင့်အတန်း မမီမှုက အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ဖိအားဝင်စေပြီး ပွဲကြီးတွေနဲ့ ခက်ခဲတဲ့ အခြေအနေတွေကို မတွန်းလှန်နိုင်ဘဲ ဖောရက်စ်တို့ကိုလည်း ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရတာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေ မဖန်တီးနိုင်တဲ့ အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ရှုံးနိမ့်နေခဲ့သလို ဒုတိယပိုင်းမှာလည်း ဂိုးလိုနေချိန်မှာ ရှေ့ကို တိုက်ရိုက် အမြန်သွားဖို့ထက် ကွင်းလယ်မှာ သုံးပေစီ ခရီးထွက်နေတဲ့ ဘောလုံးက ပြဿနာဖြစ်နေခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာလည်း ခံစစ်ရဲ့ အာရုံစူးစိုက်မှု လျော့ရဲတာကြောင့် ဂါဘရီယယ်လ်သာ မကယ်ခဲ့ရင် ဖလိပီက ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာ ဂျေဆူးစ်ကို နောက်ကနေ ဝေါရဲလ်က ဧရိယာထဲမှာ ဆွဲလှဲခဲ့ပေမယ့် ဒိုင်လူကြီး အန်ထော်နီ တေလာက ပင်နယ်တီပေးဖို့ ငြင်းဆန်သွားခဲ့သလို စောဒကတက်ခဲ့တာကိုလည်း အဝါပြသွားတာကြောင့် လူမလေး ခွေးမခန့် အသင်းခေါင်းဆောင်တွေနဲ့ အာဆင်နယ်တို့ ထုံးစံအတိုင်း အနိုင်ကျင့်ဖတ်ပဲဖြစ်ခဲ့ပြီး နောက်ထပ် နတ်မလိုက်တဲ့(ကံမကောင်းဘဲ တလွဲတချော်ဖြစ်သော)နေ့တစ်နေ့ ဖြစ်ခဲ့ရတာပါ။

လူစားတွေ လဲကြပြန်တော့လည်း ကိုယ့်အသင်းကိုယ် ၁၁ ယောက်ကနေ ၁၀ ယောက်နဲ့ ကစားသလိုဖြစ်မယ့် ဖာဘီယို ဗီယာရာလို ဘောလုံး စောင့်တောင်းနေတဲ့ ဆရာကြီးကို ချာကာအစားထည့်လိုက်ပြန်တာကြောင့် ပရိသတ်တွေ ငိုအားထက် ရယ်အားသန်ခဲ့ရသလို ထရော့ဆတ်အစား ဝင်လာတဲ့ နကီးတီးယားကလည်း ဘာမှ မလုပ်တတ်ခဲ့တာကြောင့် ဖောရက်စ်ရဲ့ ခံစစ်အထပ်ထပ်ရှေ့မှာ လန်ကျခဲ့ကြရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နော့တင်ဟမ်ဖောရက်စ်တို့က အာဆင်နယ်တို့ကို ပထမပိုင်းက ရလဒ်အတိုင်းပဲ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး တန်းဆင်းဖို့ အရေးက လွတ်မြောက်သွားခဲ့သလို ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ဖို့ သေချာသွားခဲ့တာကြောင့် နေ့ထူးနေ့မြတ်တစ်နေ့ကို ပိုင်ဆိုင်သွားခဲ့ကြချိန်မှာ အမှတ်ပေးဇယားထိပ်မှာ ၂၅၄ ရက်နေပြီး ဘာမှမဖြစ်လိုက်တဲ့ ဧည့်သည်ပုဂ္ဂိုလ်တွေကတော့ ယာယီချန်ပီယံအဖြစ်နဲ့သာ ကျေနပ်ခဲ့ရပြီး မန်ချက်စတာက ဆရာစီးတီးတို့ကို သုံးနှစ်ဆက် ချန်ပီယံဖြစ်ခွင့်ကို ကူညီပေးလိုက်ရတော့တာပါ။

ဖောရက်စ်တို့ကတော့ အိမ်ကွင်းမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေနဲ့ တန်းဆင်းဖို့ အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်ကတည်းက မပျက်မကွက် အားပေးခဲ့မှုတွေကို ကျေးဇူးတင် ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းရဲ့ LED ဘုတ်မှာ THANK YOU FOR YOUR SUPPORT လို့ စာလုံးအကြီးနဲ့ထိုးပြီး တုံ့ပြန်အသိအမှတ်ပြုခဲ့ချိန်မှာ အာဆင်နယ်ရဲ့ ကူညီမှုကို စာတန်းထည့်မထိုးဘဲ မေ့နေခဲ့တာကတော့ တရားမျှတစွာ တွေးတတ်သူတွေအတွက် စိတ်မကောင်းစရာပဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.