Premier League

ဆရာပက်တို့ရဲ့ ဘုန်းသမ္ဘာကို မခံနိုင်တဲ့ အာဆင်နယ်ကြောင့် မကန်ဘဲ ဖလားရသွားတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးတို့အနေနဲ့ သောကြာနေ့တုန်းက ဖလားသုံးလုံးရဖို့ တစ်ပွဲစီအလိုလို့ ခန့်မှန်းသူတွေက ဆိုခဲ့ကြပေမယ့် စနေနေ့မှာတော့ သူတို့ရဲ့ အဆုံးအဖြတ်ပွဲကို တနင်္ဂနွေနေ့မှာ မကစားခင်ရမှာပဲ သူတို့ရဲ့ ဘုန်းတန်ခိုးတေဇော် အာနုဘော်ကို မခံနိုင်တော့တဲ့ အာဆင်နယ်တို့ရဲ့ လူပုန်းတောမှာ မနေသာခဲ့တဲ့ ဒူးထောက်အညံ့ခံမှုနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ကြပြီဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီနေ့ ဖောရက်စ်နဲ့ပွဲအတွက် ဘာရည်ရွယ်ချက်ကောင်းမှ ရှိမနေခဲ့တာလည်းဖြစ်ပါတယ်။ သူတို့တွေ အနေနဲ့ (၁) နောက်ဆုံးအချိန်အထိ မန်စီးတီးကို စိတ်အနှောင့်အယှက်ပေးသွားဖို့ (၂) ကိုယ့်ဂုဏ်သိက္ခာအတွက် ရသင့်တဲ့ နိုင်ပွဲကို ရယူဖို့ (၃) လူငယ်တွေကို အခွင့်အရေး ပေးဖို့ စတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ အတွေးအခေါ်တွေလည်း ရှိမနေခဲ့တာပါ။

ဖောရက်စ်ကွင်းမှာ ပွဲထွက်ခဲ့တဲ့ လူစာရင်းက ဒီရာသီမှာ ဒီနေ့ပွဲထွက်နေရာတွေကို တစ်ခါမှ မကစားဖူးသေးတဲ့ ပါတေးနဲ့ ဘန်ဝှိုက်တို့ကို ညာနဲ့ ဗဟိုခံစစ်မှာ ထားကစားခဲ့ပြီး ကီဗီယာကိုလည်း ဘယ်နောက်ခံလူအဖြစ် အသုံးပြုခဲ့တာကတော့ သူတို့တွေရဲ့ ဆင်ခြင်ဉာဏ်ကို ဆုံးရှုံးလိုက်ရလို့သာ ဒီလို လုပ်ခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချလို့ရပြီး အဖတ်ဆယ်လို့ မရတဲ့ ပွဲမှာ ဖောရက်စ်တို့ကိုလည်း ပရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ ကူညီနိုင်ခဲ့ပါတယ်။

မန်စီးတီးတို့အနေနဲ့ ဒီနေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာကတော့ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲနိုင်တဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ စံချိန်ကိုလည်း လိုက်မီသွားနိုင်ခဲ့တာဖြစ်ပြီး မန်ယူတို့ကတော့ ၁၉၉၉ ကနေ ၂၀၀၁၊ ၂၀၀၇ ကနေ ၂၀၀၉ အထိ နှစ်ကြိမ်တိုင်တိုင် သုံးကြိမ်ဆက် ရယူပြထားနိုင်ခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ လက်ရှိ ၂၀၂၂-၂၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အဆင့် ၁ နေရာကနေ ၂၄၈ ရက်အထိ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံ မဖြစ်ခဲ့တဲ့ ဘယ်အသင်းထက်မဆို ပိုမိုကြာရှည်တဲ့ ရပ်တည်မှုလည်းဖြစ်ခဲ့သလို လက်ရှိမှာတော့ မန်စီးတီးတို့ဆီ အသာတကြည်ပဲ လွှဲပေးပြီး ယာယီနည်းပြလို ယာယီချန်ပီယံပဲ ဖြစ်ခဲ့တာလို့ ပြောရမလိုလည်းဖြစ်ခဲ့ချိန်မှာ လာမယ့်ရာသီတွေမှာတော့ ပိုမိုကံကောင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းလည်း တောင်းပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.