Premier League

အာတီတာ ဘာကြောင်တာလဲလို့ ဒဲ့ကျွေးလိုက်တဲ့ ဂန်းနားကပ္ပတိန်ဟောင်း အက်ဒမ်စ်

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ၁၄ နှစ်ကြာအောင် ဆောင်ရွက်ခဲ့တဲ့ တိုနီ အက်ဒမ်စ်က လက်ရှိနည်းပြ မီခယ်လ် အာတီတာရဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က လူထုတ်ပုံနဲ့ နည်းစနစ်တွေအတွက် မေးခွန်းထုတ်လိုက်ပြီး ဘောလုံးဆိုတာ နားလည်မှုနဲ့ အပေးအယူမျှမှုဆိုတာတောင် မသိဘူးလားလို့ ဒဲ့ကျွေးလိုက်ပါတယ်။

စီးတီးဂရောင်းကို အလည်သွားခဲ့တဲ့ ဂန်းနားတွေရဲ့ ခံစစ်ပိုင်း လူထုတ်ပုံက ပရိသတ်တွေကိုလည်း အော့အန်စေခဲ့ပြီး ကစားသမားတွေကို တစ်ခါမှ မကစားဖူးတဲ့ နေရာတွေမှာ ထည့်သွင်းသွားခဲ့တာဖြစ်သလို အဲ့ဒီကစားသမားတွေအနေနဲ့ အသင်းကို ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ မကူညီနိုင်ခဲ့ဘဲ အရှက်တကွဲဖြစ်ခဲ့ရတာပါ။

နော့တင်ဟမ်ဖောရက်စ်တို့အနေနဲ့ အိမ်ကွင်းမှာ အာဆင်နယ်တို့ကို ဖွင့်မတိုက်ဘဲ ခံစစ်မှာ လုံခြုံအောင် တည်ဆောက်ပြီးမှ အမှားစောင့် ကစားသွားခဲ့တာဖြစ်ပြီး ပွဲချိန် ၁၉ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး တိုင်ဝို အဝိုနီယီရဲ့ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ဒီဂိုးအတွက်တော့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို ဝေဖန်မှုတွေ ကြီးမားခဲ့တာလည်းဖြစ်ပါတယ်။

မစ္စတာ အာဆင်နယ်လို့ သူ့ရဲ့ အာဆင်နယ်ကစားသမား ပီသလွန်းမှုအတွက် ချစ်စနိုး အမည်ရထားတဲ့ အက်ဒမ်စ်ကတော့ သူ့ရဲ့ ၇ ဆက်မြောက် ဆက်ခံသူ အသင်းခေါင်းဆောင်နဲ့ လက်ရှိနည်းပြ အာတီတာရဲ့ ဒီပွဲအပေါ် ချဉ်းကပ်မှုအတွက် မေးခွန်းထုတ်လိုက်ပြီး ကီရန် တီယာနီကို ဘာဖြစ်လို့ အရန်ခုံမှာ ထားခဲ့တာလဲလို့ ထိုးနှက်ခဲ့ပါသေးတယ်။

“ပါတေးနဲ့ ကီဗီယာကို တောင်ပံတွေမှာ ထားလိုက်တာကတော့ ဖောရက်စ်တို့ကို ထိုးကျွေးလိုက်သလိုပါပဲ။ သူတို့တွေက ကောင်တာတွေ စောင့်ပြီးမှ ဒီနှစ်ယောက်ကို ကောင်းကောင်း ပညာပေးခဲ့ကြတာပါ။ ဒါ့အပြင် ဒီလို ကောင်တာချောင်းနေချိန်မှာ ပေါ့ပေါ့ဆဆ လူပေးလို့ မရပါဘူး။ အော်ဒီဂွါဒ်က ဘယ်လို စုတ်ပြတ်တဲ့ ဘောလုံးမျိုး ပေးခဲ့တာလဲ… ဟိုဘက်က ဒါမျိုး စောင့်နေတာလေ”လို့ အာတီတာကိုရော အော်ဒီဂွါဒ်ကိုပါ ဆော်ခဲ့တာပါ။

“ကျွန်တော်တော့ ဒီပွဲအတွက် တော်တော်စိတ်ပျက်မိပါတယ်။ ဘောလုံးဆိုတာ နားလည်မှု၊ အပေးအယူမျှပြီး အတွဲအဖက်ညီမှုဗျ။ ပထမဆုံး ဘန်ဝှိုက်နဲ့ ဆာကာ နားလည်မှုကို ဖျက်တယ်။ ပါတေးကို အဲ့ဒီနား ထည့်လိုက်တော့ ဘာဖြစ်သွားသလဲ။ တီယာနီကရော ဘာဖြစ်လို့ အရန်ခုံမှာ ရောက်နေရတာလဲ။ အာတီတာက ဘာဖြစ်ချင်နေတာလဲ…”

“ပါတေးကို အဲ့ဒီနေရာထားလိုက်တော့ လာမယ့်ရာသီမှာရော ဘယ်လိုကစားချင်တာလဲ… ဘန်ဝှိုက်ကို ဗဟိုပြန်ကစားပြီး ကီဗီယာကို ဘယ်နောက်ခံလူ ကစားဖို့ ဘယ်သူကများ အလိုရှိကြလို့လဲ… ဒီကစားသမားတွေက အာဆင်နယ်ကို အထိနာစေခဲ့တာပဲ။ သူတို့ကို ကျွေးဖို့ ဟိုဘက်က ကောင်တာတွေချည်း စောင့်နေတာလေ။ ဆောရီးဗျာ… ကျွန်တော် စိတ်ပျက်လွန်းလို့ ဒီလောက် ပြောမိသွားတာ”လို့ အက်ဒမ်စ်က ယူကြုံးမရ ပြောသွားခဲ့ပါတယ်။

“ပြီးတော့ သူများအိမ်ကွင်း သွားဆော့တာဗျ။ အိမ်ရှင်အသင်းက ဘောလုံးရတိုင်း ပရိသတ်က အော်ဟစ်အားပေးနေမှာ။ ဒါကို လျှော့ချပြီး ပွဲကို ထိန်းကစားနိုင်ဖို့ အခွင့်အရေးတွေ သွားပေးလို့ မရဘူး။ ခုတော့ ဘောလုံးကို ပေးချင်သလိုပေးပြီး ဟိုဘက်က အသင်းကို သွားမ,တယ်လေ”လို့ အသင်းခေါင်းဆောင်ဟောင်းကြီးက ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားခဲ့တာပါ။

တိုနီ အက်ဒမ်စ်အနေနဲ့ အာဆင်နယ်အသင်းမှာ အမှတ်ပေးချန်ပီယံ နှစ်ကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်အထိ ကိုင်မြှောက်ဖူးခဲ့သူဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ သူ့ကို ဆက်ခံသူ ပက်ထရစ် ဗီယာရာက Invincible တွေအဖြစ် ၂၀၀၃-၀၄ ရာသီမှာ အောင်မြင်ပြီးနောက်ပိုင်း နောက်ထပ်ဆက်ခံသူ အသင်းခေါင်းဆောင်တွေ ဖလားမြှောက်ဖို့တော့ ဘာမှ မတတ်နိုင်ဘဲ မျှော်တလင့်လင့်နဲ့ စောင့်စားနေရတာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.