Match Report Premier League

ဒစ်လည်တိုက်စစ်နဲ့ သရဲနီတွေကို လူမစွမ်း ဘုန်းမောက်မ,တဲ့ ချန်ပီယံလိဂ်နံ့ရှူပွဲ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘုန်းမောက်အသင်းကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဇာဘာညီ၊ ဆီနက်ဆီ၊ အက်ဒမ် စမစ်နဲ့ ကယ်လီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ လားမား၊ လူးဝစ္စ ကွတ်ခ်၊ ဘရွတ်ခ်၊ ခရစ္စတီးနဲ့ အန်ထော်နီတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆိုလန်ကီ တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

မန်ယူတို့အနေနဲ့ ရက်ရှ်ဖို့ဒ်ကလွဲလို့ လူစုံထုတ်နိုင်ခဲ့ချိန်မှာ ပွဲထွက်နေကျ ဘီလင်း၊ တာဗားနီးယာနဲ့ ဆီမင်ညိုတို့လို ကစားသမားတွေ လွဲချော်ခဲ့တဲ့ ဘုန်းမောက်တို့ဘက်ကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ကြပြီး သူတို့ရဲ့ မရေရာလှသေးတဲ့ ချန်ပီယံလိဂ်တိုက်ပွဲအတွက် သူတို့ဘက်က ရှိနေခဲ့တာကတော့ အရေးကြီးချိန်တွေမှာ ကံကောင်းတတ်တာပဲဖြစ်နေပါတယ်။

ပွဲချိန် ၉ မိနစ်မှာ မန်ယူတို့ ကံကောင်းတဲ့ အနေအထားကနေ ဂိုးရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အဲရစ်ဆန်က ဧရိယာထဲကို လှမ်းမ,ပေးလိုက်တာက ကန်ဖို့ ခက်တဲ့ ဘောလုံးလမ်းကြောင်းမျိုးဖြစ်ခဲ့ပေမယ့် မမီမကမ်းနဲ့ တားဆီးဖို့ ကြိုးစားတဲ့ ဘုန်းမောက်ခံစစ်မှူး ဆီနက်ဆီကြောင့် ထိန်းပေးလိုက်သလိုမျိုး တည်ငြိမ်သွားချိန်မှာ ဘယ်ခြမ်းက ပြေးလိုက်လာတဲ့ ကာစီမီရိုက ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းသွားနိုင်ခဲ့တာပါ။

နည်းပြ အိုနီးလ်အနေနဲ့ တန်းဆင်းဇုန်က လွတ်မြောက်သွားချိန်မှာ ဗျူဟာပိုင်းကို ခေါင်းစားမခံတော့ဘဲ အနည်းငယ် စိတ်လျှော့လိုက်သလို ဖြစ်နေခဲ့ပြီး ရုန်းအားကောင်းတဲ့ ဝပ်တာရာလို တောင်ပံသမားမျိုးကို အရန်ခုံမှာ ထားခဲ့တာက ဘုန်းမောက်တိုက်စစ်ကို အင်အားလျော့နည်းစေပြီး မန်ယူတို့ ပွဲကို ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူစေခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ပေါ့လျော့တဲ့ မန်ယူခံစစ်ကြောင့် ဆိုလန်ကီ တစ်ကိုယ်တော် လှည့်ပတ်ပြီး ကန်သွင်းခွင့်ရခဲ့တာကို ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့လို့ ဧည့်သည်တွေ သက်သာခဲ့ရပြီး တန်ဟတ်အနေနဲ့ သူ့ရဲ့ အဖျက်ပိုင်းကို အများကြီး အားဖြည့်ဖို့ လိုအပ်နေသေးကြောင်း တွေ့မြင်ခဲ့ရသလို ပထမပိုင်းမှာတော့ တိုက်စစ်ကလည်း တောင်ကန်မြောက်ကန်တွေ များခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒီနေ့ပွဲမှာ မန်ယူခံစစ်က တစ်ချိန်လုံး ကြောင်ပျောက်နေခဲ့ပြီး ဆိုလန်ကီ တစ်ယောက်တည်းကို မထိန်းနိုင်ခဲ့သလို ဘီလင်းလို ကစားသမားမျိုးသာ ပါခဲ့ရင် ဒုက္ခရောက်သွားနိုင်ပြီး ဒုတိယပိုင်းအစမှာလည်း ဒဟေးယား သတိကြီးခဲ့လို့သာ ဂိုးပြန်မပေးခဲ့ရတာဖြစ်သလို အသင်းကြီးတစ်သင်းရဲ့ ကစားပုံမျိုး ရှိမနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာလည်း မန်ယူတိုက်စစ်ရဲ့ ကစားပုံတွေက ရယ်ဖို့အတော်ကောင်းခဲ့ပြီး အန်တိုနီနဲ့ မာစီယယ်လ်တို့ကတော့ လူရွှင်တော်တွေ ဖြစ်ခဲ့သလို ဗက်ဂ်ဟော့စ် ဝင်လာပြန်တော့လဲ ထုံးစံအတိုင်းပဲ ဂိုးလာဘ်မရှိခဲ့လို့ အပိုင်ကန်ခွင့်ရတာတောင် ဂိုးသမားတည့်တည့်ပဲ ဖြစ်ခဲ့ချိန်မှာ ဖာနန်ဒက်စ်ရဲ့ ဧရိယာထိပ်က ကန်ချက်ကိုတော့ နီတိုပဲ လက်စွမ်းပြ ကာကွယ်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ မန်ယူတို့ ဂိုးရဖို့ ယုံကြည်ချက်မရှိတော့တာကြောင့် နိုင်ပွဲကို ထိန်းကစားဖို့အတွက် တိုက်စစ်က အန်တိုနီနဲ့ အဲရစ်ဆန်အစား မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို ထည့်သွင်းခဲ့ရပြီး ပွဲချိန်အပြည့်မှာတော့ ဘာမှ လူမစွမ်းခဲ့ချိန်မှာ ဆီနက်ဆီရဲ့ နတ်မသလို ဘောလုံးထိန်းပေးမှုကြောင့်သာ ကာစီမီရို ဂိုးသွင်းပြီး နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

အောက်က အဲဗာတန်တို့လို အသင်းတွေ ဒစ်လည်နေတာကြောင့် တန်းဆင်းဖို့ မရှိတော့ဘဲ စိတ်အေးနေတဲ့ ဘုန်းမောက်ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ အဖိုးတန် သုံးမှတ်ကို ရယူနိုင်ခဲ့ချိန်မှာ အက်စ်တန်ဗီလာကို အန်းဖီးလ်မှာ အနိုင်မရခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ ခြိမ်းခြောက်မှုကနေလည်း ဝေးခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကတော့ သေချာသလောက်ဖြစ်သွားခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.