Match Report Premier League

တိုနီ ပွဲပယ်ပေးထားတာတောင် ဘရန့်ဖို့ဒ်ကို ရှုံးတဲ့ ဟာရီကိန်းတို့ စပဆရာကြီးများ

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာတော့ သူတို့ရဲ့ ကစားနေကျ 3 Back ကို စွန့်ပယ်ပြီး ဒေဗင်ဆင် ဆန်ချက်ဇ်၊ လွန်ဂလေ၊ အီမာဆန် ရိုယဲလ်နဲ့ ဒေးဗီးစ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘီဆူးမားနဲ့ စကစ်ပ်တို့ကို အထိုင်ချခဲ့ပြီး တောင်ပံနဲ့ တိုက်စစ်မှာ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်၊ ဒန်ဂျူးမားနဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရန့်ဖို့ဒ်အသင်းကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ပင်းနော့ခ်၊ ဘန်မီး၊ ဟစ်ကီနဲ့ ရီကို ဟင်နရီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ် မှာတော့ အွန်ယီကာ၊ ယန်ဆင်နဲ့ ယန်နဲ့လ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ တိုနီ ပွဲပယ်ခံထားရချိန်မှာ အမ်ဘူးမို၊ ဝစ်ဆာနဲ့ ရှာဒါတို့ကို တွဲဖက်ပေးခဲ့တာပါ။

စပါးစ်နည်းပြ ရိုင်ယန် မေဆန်အနေနဲ့ ဒီနေ့ပွဲမှာ ဘရန့်ဖို့ဒ်ကို လျှော့တွက်ခဲ့ပုံပေါ်ပြီး တိုနီ မပါတဲ့ တိုက်စစ်ကို အထင်သေးခဲ့ပုံရသလို ခံစစ်ကို ဂရုမစိုက်ခဲ့ဘဲ တိုက်စစ်သမား လေးဦးအထိ ထည့်သွင်းပြီး ဖိကစားဖို့ လုပ်ခဲ့သလို အိမ်ရှင်တွေအနေနဲ့ အထသွက်ခဲ့တာကြောင့် ပွဲအစမှာ ဘရန့်ဖို့ဒ်တို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ကူလူရှက်ဗ်စကီးက မကန်ဘဲနဲ့ လှိမ့်ပေးရာမှာ ဟာရီကိန်းက လူတံတိုင်းပေါ်ကနေ ကျော်ကန်သွင်းခဲ့ရာမှာ ဂိုးညာဘက်အပေါ်ထောင့်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့လို့ ဂိုးသမား ရာယာ မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆွန်ဟောင်မင် အခွင့်အရေး ရခဲ့ပေမယ့် ဘောလုံးထိန်းသိမ်းပုံ အားနည်းမှုကြောင့် အပိုင်ကန်ခွင့် မရခဲ့ဘဲ ဂိုးသမား ရာယာ ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာလည်း ရိုယဲလ်ရဲ့ ခေါင်းတိုက်ချက်ပြင်းပြင်းကို ဘရန့်ဖို့ဒ်နောက်ခံလူ ဟင်နရီက ဂိုးစည်းထိပ်ကနေ ခေါင်းတိုက်ရှင်းထုတ်သွားခဲ့လို့ စပါးစ်တို့ရဲ့ ပွဲကို ဖြတ်ထားချင်တဲ့ ရည်ရွယ်ချက် ပျက်ခဲ့ရပါတယ်။

ပထမပိုင်းမှာ စပါးစ်တို့ရဲ့ အပိုင်အခွင့်အရေးတွေကို ဒန်ဂျူးမားနဲ့ ဆွန်ဟောင်မင်တို့ မသေမသပ် ကန်သွင်းခဲ့ကြလို့ ဂိုးမဖြစ်ခဲ့တာက သူတို့အတွက် နစ်နာမှု ကြီးမားခဲ့ပြီး တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ တုံ့ပြန်နိုင်ဖို့ အခွင့်အရေးရှိသွားခဲ့သလို ဒုတိယပိုင်းအစမှာတော့ နည်းပြ သောမတ်စ် ဖရန့်ခ်က ကွင်းလယ်အဖျက် အွန်ယီကာအစား တိုက်စစ်သမား ဒမ်းစ်ဂါ့ဒ်ကို ထည့်သွင်းပြောင်းလဲလာခဲ့တာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဘရန့်ဖို့ဒ်တို့ ပထမဆုံး ဂိုးပေါက်တည့်မှုကနေ ချေပဂိုး ပြန်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ယန်ဆင် ပေးတာကို ရသွားတဲ့ ဝစ်ဆာက ဧရိယာထိပ် ညာခြမ်းကို ခင်းပေးခဲ့ရာမှာ အမ်ဘူးမိုက စပါးစ်နောက်ခံလူ နှစ်ဦး ပိတ်ထားတဲ့ကြားကနေ အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ လေးလံတဲ့ ဂိုးသမား ဖော်စတာ မကာကွယ်လိုက်နိုင်ဘဲ ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာ ဘရန့်ဖို့ဒ်တို့ပဲ ဒုတိယဂိုး ထပ်သွင်းပြီး ပြန်လည်ဦးဆောင်သွားခဲ့ကြသလို ဒီဂိုးကိုလည်း အမ်ဘူးမိုကပဲ သွင်းယူပေးခဲ့တာဖြစ်ပြီး ညာခြမ်းခံစစ်ကနေ ဟစ်ကီက တောင်ပံတလျှောက်ဆွဲပြေးပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို လွတ်ထွက်သွားတဲ့ ကင်းမရွန်းတောင်ပံသမားက ဧရိယာထဲကို ချိုးပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ထုံးစံအတိုင်းပဲ ဂိုးသမား ဖော်စတာရဲ့ အားနည်းချက်တည့်တည့်ကို ထိုးနှက်နိုင်ခဲ့တာပါ။

ဟန်ချက်မညီတဲ့ ဆရာကြီးစတိုင် လူစာရင်းကြီးနဲ့ ဖွင့်တိုက်ပြီး ပြန်ရှုံးသွားတော့မှ မေဆန်တစ်ယောက် လူစားလဲဖို့ သတိရလာခဲ့ပြီး ဒန်ဂျူးမား၊ ကူလူရှက်ဗ်စကီး၊ ရိုယဲလ်နဲ့ ဒေးဗီးစ်တို့အစား လူးကပ်စ် မော်ရာ၊ ရစ်ချာလစ်ဆန်၊ ပက်ဒရို ပေါ်ရိုနဲ့ ပါရီရှစ်ချ်တို့ကို ထည့်သွင်းခဲ့ချိန်မှာ ဘရန့်ဖို့ဒ်တို့ကတော့ ယန်ဆင်နဲ့ ရှာဒေတို့အစား ဘက်ပ်တစ္စနဲ့ ဇန်ကာတို့ကို ထည့်သွင်းပြီး ခံစစ်ကို ပြန်လည်အားပြုသွားခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ စပါးစ်တို့ကို ငုတ်တုတ်မေ့စေမယ့် တတိယဂိုးကို ဘရန့်ဖို့ဒ်တို့ပဲ ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ပဲများတဲ့ စကပ်စ်ဆီကနေ ဘက်ပ်တစ္စ လုယူလို့ ပျက်တဲ့ ဘောလုံးကို အမ်ဘူးမိုက ဧရိယာထဲမှာ အနီးကပ် ခင်းပေးခဲ့ရာမှာ ဝစ်ဆာက ဂိုးသမား ဖော်စတာနဲ့ အတွေ့မှာ ဒိုက်ပစ်တဲ့ အပေါ်ကနေ ကျော်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်းမှာ ရိုက်မယ်နှက်မယ် တကဲကဲနဲ့ မောင်းတင်သွားခဲ့ကြတဲ့ စပါးစ်တို့အနေနဲ့ နဖူးကွဲ ဒူးပြဲပြီး ငိုပွဲဆင်ခဲ့ကြရသလို ဥရောပဝင်ခွင့် ပျောက်ဆုံးရတော့မတတ်ဖြစ်ခဲ့ချိန်မှာ ဘရန့်ဖို့ဒ်တို့ကတော့ အဝေးကွင်းက သုံးဂိုး-တစ်ဂိုးနိုင်ပွဲနဲ့ ဥရောပဝင်ခွင့်တစ်ခုခုကို ရယူနိုင်ဖို့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီး လန်ဒန်ဒါဘီမှာ ပျားဆိပ်ပြင်းထန်မှုကို ပြသနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.