Match Report Premier League UCL&UEL

AZ ကို အဝေးကွင်းနိုင်ပွဲနဲ့ ဖိုင်နယ်တက်ပြီး အင်္ဂလန်ဂုဏ်ဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဇူးမား၊ အာဂွါဒ်၊ ခယ်ရာနဲ့ ခရက်စ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ ဒက်ကလန် ရိုက်စ်နဲ့ ပါကေးတာတို့ကိုပဲ တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ဘင်ရာမာနဲ့ အန်တိုနီယိုတို့ကိုပဲ အပြောင်းအလဲမရှိ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အေဇက် အယ်လ်ကမာတို့ကတော့ ဂိုးသမား ရိုင်ယန်၊ ခံစစ်မှာ ဘူကီးမား၊ ချက်ဇီဒီယာကို့စ်၊ ဆူဂါဝါရာနဲ့ ကာကက်ဇ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကလာစီ၊ မိုင်နန်စ်နဲ့ ရိုင်းဒါးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဗန်ဘရီဒါရုတ်ဒ်၊ ကားလ်စ်ဆန်နဲ့ ပက်ဗ်လီဒစ်တို့ကို ကစားစေခဲ့တာပါ။

ပထမအကျော့မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲ ဆင်နွှဲခဲ့တဲ့ ဝက်စ်ဟမ်းတို့အနေနဲ့ အဝေးကွင်းမှာ ခံစစ်ကစားဖို့ပဲ ဦးတည်ခဲ့ပြီး ပွဲအစ သုံးမိနစ်မှာ ကားလ်စ်ဆန်ရဲ့ ကန်ချက်က ဂိုးမဖြစ်ခဲ့လို့ သူတို့တွေ ကံကောင်းခဲ့ရပြီး အေဇက်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေက ညံ့နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ကောင်တာကနေ ကန်သွင်းတဲ့ ပါကေးတာရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့လို့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရသလို အေဇက်တို့ကတော့ အိမ်ကွင်းမှာပေမယ့် ပိုင်နိုင်တဲ့ တိုက်စစ်ကစားပုံကို မပြသနိုင်ဘဲ ဂိုးရှေ့မှာ တိုင်ပတ်နေခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဝက်စ်ဟမ်းတို့ရဲ့ ထိုးဖောက်မှုတချို့ကတော့ ပိုကြောက်ဖို့ ကောင်းခဲ့ပြီး ကံကြမ္မာကတော့ အေဇက်တို့ဘက်မှာ မရှိခဲ့လို့ ဂိုးမရဘဲဖြစ်နေခဲ့သလို့ အိမ်ရှင်တွေဘက်က မိုင်နန်စ်၊ ဗန်ဘရီဒါရုတ်ဒ်၊ ကာကက်ဇ်နဲ့ ကားလ်စ်ဆန်တို့အစား ဒါနီ ဒီဗစ်၊ မီးစ် ဒီဗစ်၊ လာဒိုနဲ့ မီယာဒင်ခ့်တို့ကို ထည့်သွင်းခဲ့ပြီး ဝက်စ်ဟမ်းတို့ဘက်ကတော့ ဘင်ရာမာ၊ အန်တိုနီယိုနဲ့ ပါကေးတာတို့ကို ဖော်နယ်လ်စ်၊ အင်းစ်၊ ဒေါင်းစ်တို့နဲ့ လဲကစားခဲ့ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ပွဲစဉ်ရဲ့ တစ်လုံးတည်းသော ဂိုးကို ဝက်စ်ဟမ်းတို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အေဇက်နောက်ခံလူ ချက်ဇီဒီယာကို့စ်ရဲ့ မသေသပ်တဲ့ ဘောလုံးထိန်းသိမ်းပုံကနေ ဖော်နယ်လ်စ်က လုယူနိုင်ခဲ့ပြီး တောက်လျှောက်ဆွဲပြေးသွားခဲ့သလို ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ အိမ်ရှင်ဂိုးသမား ရိုင်ယန် မကာကွယ်နိုင်ခဲ့ဘဲ အသည်းတွေ ကွဲခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းတို့က အေဇက်တို့ကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ကွန်ဖရင့်လိဂ်က ပုံစံကောင်းကို ရှေ့ဆက်ခဲ့သလို ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာကြောင့် ဘေဆယ်လ်ကို အချိန်ပိုမှာ အနိုင်ယူခဲ့တဲ့ အီတလီကလပ် ဖီအိုရင်တီးနားနဲ့ ဗိုလ်လုရဖို့ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.