La Liga Match Report Serie A UCL&UEL

အချိန်ပိုမှာ ဂျူဗီကို ကျော်ဖြတ်ခဲ့တဲ့ ၇ ကြိမ်မြောက် ယူရိုပါဖိုင်နယ်ရောက် ဆီဗီလာ

ဆီဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဘာဒေ၊ ဂူဒယ်လ်၊ ဟေဆူးစ် နာဗက်စ်နဲ့ အကူးညားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာနန်ဒို၊ ရာကီတစ်ချ်၊ အိုလီဗာ တောရက်စ်၊ အိုကမ်ပို့စ်နဲ့ ဘရိုင်ယန် ဟေးလ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ အန်နက်ဆီရီ တစ်ဦးတည်းကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဂျူဗင်တပ်စ်တို့ကတော့ ဂိုးသမား ရှချက်စ်နီ၊ ခံစစ်မှာ ဂက်တီ၊ ဘရီးမားနဲ့ ဒါနီလိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကွာဒရာဒို၊ အီလင်း ဂျူနီယာ၊ လိုကာတယ်လီ၊ ဖာဂျိုလီ၊ ဟာဗျိုနဲ့ ဒီမာရီယာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မွိုက်စ် ကီးန်တစ်ဦးတည်းနဲ့ပဲ ကစားလာခဲ့တာပါ။

တူရင်က ပထမအကျော့မှာတုန်းက ဦးဆောင်ဂိုးသွင်းပြီးမှ ဂျူဗီတို့ရဲ့ နောက်ကျချေပဂိုးနဲ့ သရေကျခဲ့တဲ့ ဆီဗီလာတို့အနေနဲ့ ဒီနေ့ အိမ်ကွင်းပွဲစဉ်မှာတော့ ပွဲစကတည်းက တိုက်စစ်ဆင်ကစားနေခဲ့ကြပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာနဲ့ နှစ်ဖက်ဂိုးသမားတွေ ကောင်းခဲ့ကြလို့သာ ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်ဖက်အပြန်အလှန် ထိုးဖောက်ခဲ့ကြသလို ဆီဗီလာရဲ့ တိုက်စစ်မှာတော့ တစ်ကိုယ်ကောင်းဆန်လွန်းလို့ စပါးစ်ကနေ ကန်ထုတ်ခံထားရတဲ့ ဘရိုင်ယန် ဟေးလ်ရဲ့ ဖြုန်းတီးမှုတွေကြောင့် အလေအလွင့်များနေခဲ့ချိန်မှာ အိုလီဗာ တောရက်စ်အစား ဆူဆိုကို ဆီဗီလာတို့ဘက်က စတင်ပြောင်းလဲခဲ့ပြီး ဂျူဗင်တပ်စ်တို့ဘက်က ကစားပုံမကောင်းတဲ့ ဒီမာရီယာနဲ့ မွိုက်စ် ကီးန်အစား ခီယေဆာနဲ့ ဗလာဟိုဗစ်ချ်တို့ကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ ကွင်းထဲရောက်တာ တစ်မိနစ်သာ ရှိသေးတဲ့ ဗလာဟိုဗစ်ချ်က အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟာဗျို ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဆီဗီလာခံစစ်က ရှင်းထုတ်ပုံညံ့ခဲ့လို့ ချော်ပြီး လွတ်ထွက်လာခဲ့ချိန်မှာ ဆာဘီးယားတိုက်စစ်မှူးက ဂိုးသမား ဘိုနိုပေါ်ကနေ အသာလေး Chipping ကန်ချက်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ အိုကမ်ပို့စ်အစား လာမယ်လာ ဝင်လာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ သူ့ရဲ့ ဖန်တီးမှုကနေ ဆီဗီလာတို့ ချေပဂိုး ပြန်သွင်းနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဂျူဗင်တပ်စ်ကစားသမားသုံးယောက်ရဲ့ ဝိုင်းဝန်းဖျက်ထုတ်မှုကြားကနေ လဲမကျခင်မှာ လာမယ်လာက ပေးနိုင်ခဲ့တဲ့ ဘောလုံးကို ဆူဆိုက တစ်ချက်ထိန်းပြီး ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူနိုင်ခဲ့တာပါ။

ချေပဂိုးကြောင့် စိတ်ဓာတ်တက်လာတဲ့ ဆီဗီလာတို့ရဲ့ ပွဲချိန်အတွင်း အနိုင်ရဖို့ ကြိုးပမ်းမှုတွေကို ဂိုးသမား ရှချက်စ်နီနဲ့ ခံစစ်က ပိတ်ဆို့ ကာကွယ်သွားနိုင်ခဲ့ကြလို့ ပွဲချိန် မိနစ် ၉၀ အပြည့်မှာတော့ ပထမအကျော့ကလိုပဲ တစ်ဂိုးစီသရေကျနေခဲ့ကြတာကြောင့် နှစ်ကျော့ပေါင်း နှစ်ဂိုးစီသရေနဲ့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပို ပထမပိုင်း ၅ မိနစ် အရောက်မှာတော့ ဆီဗီလာတို့က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ လူစားဝင် ကစားသမားတွေမှ ဂိုးသွင်းရမယ်လို့ သတ်မှတ်ထားသလား မသိတဲ့ ပွဲမှာ ဘယ်တောင်ပံက ဘရိုင်ယန် ဟေးလ်ရဲ့ ဖြတ်တင်ဘောကို တစ်ချိန်လုံး ထိုင်ဖျက်နေရလို့ ကုန်နေပြီ ဖြစ်တဲ့ ဂျူဗင်တပ်စ် ကစားသမားတွေ အချိန်မီ မတားဆီးနိုင်ခင်မှာ လာမယ်လာက ပြေးဝင်ခေါင်းတိုက်သွားခဲ့တာပါ။

ဂျူဗင်တပ်စ်တို့အနေနဲ့ ဒီနောက်ပိုင်းမှာ ကွာဒရာဒိုအစား မီလစ်ခ်ကို ထပ်ထည့်ပြီး ဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ဆီဗီလာတို့ ပိတ်ကစားခဲ့သလို ဒုတိယပိုင်း ၁၀ မိနစ်မှာ အကူညာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပေမယ့် ဆူဆိုအစား ရီကစ်ခ်ကို ထည့်သွင်းပြီး ထိန်းသွားခဲ့လို့ ပွဲချိန်အပြည့်မှာတော့ အီတလီသားတွေရဲ့ ခရီးက နှစ်ဂိုး-တစ်ဂိုးရှုံးပွဲနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

နှစ်ကျော့ပေါင်းမှာ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆီဗီလာတို့အတွက်တော့ ယူရိုပါလိဂ်ဆိုတာက မထူးဆန်းတဲ့ အိမ်စာတစ်ပုဒ်ပဲဖြစ်နေခဲ့သလို ဒီနှစ်မှာလည်း ခုနစ်ကြိမ်မြောက် ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြတာဖြစ်ပြီး ချန်ပီယံ ၆ ကြိမ်ရ အသင်းအနေနဲ့ ဗိုလ်လုပွဲကစားတိုင်း အနိုင်ရတဲ့ အစဉ်အလာကို ဆက်ထိန်းသွားမလားဆိုတာကတော့ မော်ရင်ညိုရဲ့ ရိုးမားနဲ့အတွေ့မှာ စောင့်ကြည့်ရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.