Match Report Premier League

စင်ရော်တွေကို ဇာတ်တူသားစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတဲ့ ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ဖာဘီယန် ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကိုပဲ အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဝီလ်ဆန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား စတီးလ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ဗန်ဟက်ကာ၊ ကိုင်စီဒိုနဲ့ အက်စ်တူပီညန်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဂရော့စ်၊ ဂီးလ်မိုး၊ ဘော်နာနိုတေး၊ အွန်ဒက်ဗ်နဲ့ မီတိုမာတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ်ကို တင်ကစားလာခဲ့တာပါ။

စင်ရော်တွေအနေနဲ့ သူတို့လုပ်နေကျပုံစံအတိုင်း အဝေးကွင်းမှာလည်း ဘောလုံးပိုင်ဆိုင်မှုကို ထိန်းနိုင်အောင် ကွင်းလယ်လူများများနဲ့ လှုပ်ရှားပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အတွက် အိမ်ရှင်ငှက်ကျားတွေကတော့ ကောင်တာတွေ၊ ဂိုးရှေ့ကို အလျင်အမြန် ပေးပို့မှုတွေနဲ့ တိုက်စစ်ကို အမြန်ဆုံး သွားတဲ့ ပုံစံကိုပဲ ရွေးချယ်ခဲ့ရပါတယ်။

ဘရိုက်တန်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ မဖန်တီးနိုင်ခဲ့ဘဲ ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်မှာ ၂ ကြိမ်သာ တည့်ခဲ့တဲ့ အချိန်မှာ နယူးကာဆယ်လ်တို့ကတော့ မကြာခဏ ဆိုသလို ခြိမ်းခြောက်နေခဲ့ကြပြီး ၂၂ ကြိမ်မှာ ၉ ကြိမ် ဂိုးပေါက်တည့်ခဲ့လို့ ဧည့်သည်ဂိုးသမား စတီးလ်နဲ့ ကပ္ပတိန် လူးဝစ္စ ဒန့်ခ်တို့ အလုပ်များခဲ့ရတာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ တရစပ် တိုက်စစ်ဆင်နေခဲ့ကြတဲ့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရသွားခဲ့ကြသလို ဒီဂိုးကိုတော့ ထရစ်ပီယာရဲ့ ညာထောင့်ကန်ဘောကို ကာကွယ်ဖို့ ကြိုးစားရင်း တကယ်ခေါင်းတိုက်ဖျက်နိုင်တဲ့ ကိုင်စီဒိုရဲ့ ရှေ့ကနေ လောကြီးပြီး မမီမကမ်းနဲ့ ကိုယ့်ဂိုးထဲကိုယ် နောက်ပြန်ခေါင်းတိုက်မိခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူး အွန်ဒက်ဗ်ကြောင့် အိမ်ရှင်တွေ ဦးဆောင်ကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိတဲ့ ဖရီးကစ်ကို ထရစ်ပီယာကပဲ ကန်တင်ပေးရာမှာ ခုခံကာကွယ်ပုံ မကောင်းခဲ့တဲ့ ဘရိုက်တန်ခံစစ်ကြားနေ နောက်ခံလူ ဒန်ဘန်းက အသင်းဟောင်းဘက်ကို အပိုင်ခေါင်းတိုက်သွင်းပြီး အောင်ပွဲပါခံသွားခဲ့သလို ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂီးလ်မိုးရဲ့ ကွင်းလယ်ကနေ ဧရိယာထိပ်အထိ မျှောထိုးပေးခဲ့တဲ့ ကမ္ဘာ့အဆင့် ပေးပို့မှုကနေ နယူးကာဆယ်လ်ခံစစ်ကြားက လွတ်ထွက်သွားနိုင်ခဲ့တဲ့ အွန်ဒက်ဗ်က ဂိုးသမား နစ်ခ် ပုပ်နဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘောကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘရိုက်တန်တို့ဘက်က ပွဲအဖြေကို ပြောင်းလဲနိုင်ဖို့အတွက် ဒီဇာဘီက ဂီးလ်မိုး၊ ဘော်နာနိုတေးနဲ့ ဝဲလ်ဘက်ခ်တို့အစား မက္ကယ်လစ္စတာ၊ အန်စီဆိုနဲ့ ဖာဂူဆန်တို့ကို ထည့်သွင်းလာခဲ့သလို နယူးကာဆယ်လ်နဲ့ အက်ဒီဟောင်းတို့ကတော့ ဒဏ်ရာရသွားတဲ့ ဝီလော့ခ်အစား အန်ဒါဆန်ကို ထည့်သွင်းပြီး ကွင်းလယ်ကစားအား မကျအောင်ပဲ ထိန်းသိမ်းသွားခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ တတိယဂိုး ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာတောင်ပံတစ်လျှောက် ဘောလုံးဆွဲယူလာနိုင်ခဲ့တဲ့ အယ်လ်မီရွန်က ဘရိုက်တန်ခံစစ်တန်းကြားကနေ ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားနိုင်ခဲ့တဲ့ ဝီလ်ဆန်က ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော အပိုင်ကန်သွင်းပြီး ဧည့်သည်တွေရဲ့ မျှော်လင့်ချက်မှန်သမျှကို ရိုက်ချိုးခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာ နယူးကာဆယ်လ်တို့ပဲ အနိုင်ပြတ်သားစေမယ့် စတုတ္ထ ပွဲသိမ်းဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ စပေးဘော ပေးပေးပြီးချင်း ကွင်းလယ်မှာ ဆရာကြီးလိုလိုနဲ့ ထယားတဲ့ လူငယ်ကစားသမား အော့ဖီယားရဲ့ အမှားကနေ အီဆက်ခ်က လုယူပြီး ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ ဝီလ်ဆန်က လိုက်လံရယူပြီး မကန်ဘဲ ဂိုးရှေ့ကို ပြန်ခင်းပေးတာကို ဘရူနို ဂီမာရိုင်းစ်က မနားတမ်း ပေးပိတ်နိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က ချိုကြွနေတဲ့ ဘရိုက်တန်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ ပညာပေး ဆုံးမခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၆ ပွဲ ကစားရမှတ် ၆၉ မှတ်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အမှားမခံဘဲ ရှေ့ဆက်ခဲ့ချိန်မှာ ဒီဇာဘီရဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ စင်ရော်တွေကတော့ ယူရိုပါလိဂ်လား၊ ကွန်ဖရင့်လိဂ်လားပဲ တွေးရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.