Match Report Serie A UCL&UEL

ဆန်စီရိုမှာ အေစီကို အရှက်ခွဲပြီး ဗိုလ်လုပွဲတက်သွားတဲ့ အင်တာမီလန်

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဒါမီယန်၊ အချယ်ဘီနဲ့ ဘက်စ်တိုနီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ ချယ်လ်ဟာနိုးလူး၊ မစ်ခီတာရီယန်၊ ဒမ်းဖရီးစ်နဲ့ ဒီမာကိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လော်တာရို မာတီနက်ဇ်နဲ့ ဂျက်ကိုတို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည်အဖြစ် ကစားရတဲ့ အေစီမီလန်တို့ကတော့ ဂိုးသမား မေညွန်၊ ခံစစ်မှာ သီယော၊ တိုမိုရီ၊ ကာလာဘရီးယားနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ တိုနာလီ၊ ခရူးနစ်ချ်နဲ့ ဘရာဟင်မ် ဒီယက်ဇ်တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ မက်ဆီယာ့စ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပထမအကျော့က နှစ်ဂိုးရှုံးထားခဲ့တဲ့ အေစီမီလန်တို့ ဘောလုံးကိုင်ကစားပြီး ဂိုးတွေ သွင်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ စင်ပေါ်က အမှားစောင့်ကစားတဲ့ အင်တာတို့ကို ကျော်နိုင်ဖို့တော့ ခက်နေခဲ့ပြီး ကွင်းလယ်သုံးယောက်နဲ့ ခံစစ်သုံးယောက်တို့ရဲ့ တည်ငြိမ်မှုတွေက ဒီနေ့ပွဲမှာ အိမ်ရှင်တွေအတွက် အင်အားဖြစ်ခဲ့ပါတယ်။

အင်တာတို့ရဲ့ ကောင်တာတွေက ပွဲစကတည်းက ထက်ထက်မြက်မြက်နဲ့ ခြိမ်းခြောက်နိုင်ခဲ့သလို အီတလီလက်ရွေးစင်နှစ်ဦးဖြစ်တဲ့ ဘာရဲလားနဲ့ တိုနာလီတို့ကတော့ ကွင်းလယ်မှာ ထိပ်တိုက်တွေ့ရင် မကြာခဏ ငြိနေခဲ့ကြပြီး အေစီမီလန်တို့ကတော့ ခပ်ကြမ်းကြမ်းကစားခဲ့သလို တိုမိုရီ၊ ခရူးနစ်ချ်နဲ့ ဟာနန်ဒက်ဇ်တို့လို အဖျက်ကစားသမားတွေရဲ့ ညစ်ဖို့ ကြိုးစားနေပုံတွေကတော့ ရုပ်ပေါက်ခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာ မစ်ခီတာရီယန်အစား ဘရိုဇိုဗစ်ချ် ဝင်ကစားခဲ့သလို ဂိုးသမားတွေဖြစ်ကြတဲ့ အိုနာနာနဲ့ မေညွန်တို့က ဂိုးဝင်နိုင်တဲ့ အပိုင်အခွင့်အရေးတွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ကြလို့ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အေစီမီလန်တို့ဘက်က အဝါထိထားတဲ့ သီယောအစား ကာလူးလူး ဝင်ကစားခဲ့သလို အင်တာဘက်ကတော့ ဂျက်ကိုနဲ့ ဒီမာကိုတို့အစား လူကာကူးနဲ့ ဂိုဆန်စ်တို့ကို လဲကစားခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ အင်တာတို့ ဂိုးရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ထိုးဖောက်လာရင်း လူကာကူးနဲ့ လော်တာရို မာတီနက်ဇ်တို့ ဧရိယာထဲမှာ နှစ်ကြိမ်ဆက်တိုက် အပြန်အလှန် အပေးအယူလုပ်ပြီး အေစီမီလန်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားအပြီးမှာ အာဂျင်တီးနား တိုက်စစ်မှူးက ထောင့်ကျဉ်းထဲကို ကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ အေစီမီလန်တို့ဘက်က မက်ဆီယာ့စ်နဲ့ ဘရာဟင်မ် ဒီယက်ဇ်တို့အစား ဆာလာမေကာစ်နဲ့ အိုရီဂီတို့ကို လဲပြီး တိုက်စစ် မြှင့်သွားခဲ့ချိန်မှာ နှစ်ကျော့ပေါင်း သုံးဂိုးနဲ့ ခိုင်သွားခဲ့ပြီဖြစ်တဲ့ အင်တာတို့ဘက်ကတော့ အဝါထိထားသူတွေဖြစ်ကြတဲ့ ဘာရဲလားနဲ့ မာတီနက်ဇ်တို့အစား ဂါဂလီယာဒီနီနဲ့ ဟိုအာကင်မ် ကော်ရီးယားတို့ကို ထည့်သွင်းပြီး ထိန်းကစားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ရှုံးမဲမဲနေတဲ့ အေစီမီလန်တို့ နိုင်လည်းမနိုင်၊ လူချညစ်ပတ်နေတာတွေကလည်း‌ ပေါ်လွင်ခဲ့ပြီး အရှုံးနဲ့တကွ အရှက်ကွဲခဲ့ရချိန်မှာ အင်တာမီလန်တို့ကတော့ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.