Match Report Premier League

မြေခွေးသား ချက်စားပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တစ်မှတ်သာ ကွာတော့တဲ့ လီဗာပူးလ်

လီဗာပူးလ်တို့အနေနဲ့ ဒီနေ့မှာ လက်စတာနဲ့ တွေ့ဆုံခဲ့တာက ကြိုးကြာနဲ့ မြေခွေးတို့ရဲ့ အပြန်အလှန် ဧည့်ခံပွဲတွေ အကြောင်းကို သတိရစေခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ တစ်ယောက်ကို တစ်ယောက် ဒုက္ခပေးခဲ့ကြတဲ့ ပုံပြင်ထဲကလို မဟုတ်ဘဲ သာလွန်တဲ့ ဧည့်သည်တွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းအားက အိမ်ရှင်တွေရဲ့ တန်းဆင်းဇုန် ရုန်းအားကို လွှမ်းမိုးသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လက်စတာတို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဗာဆန်၊ ခံစစ်မှာ အီဗန်၊ ဖာ့စ်၊ ရီကာဒို ပါရဲရားနဲ့ ကက်စတာညာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ ဆူမာရေး၊ တီးလီးမန်းစ်၊ မက်ဒီဆန်၊ ဟာဗီဘန်းစ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဗာဒီတစ်ယောက်တည်းကို အထောင်ထားလာခဲ့တာပါ။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ ကားတစ်ဂျုံးစ်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ ဖိကစားနေတဲ့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ အယ်လစ်ဆန် ကန်တင်လိုက်တာကို ဒီယက်ဇ်က လိုက်လံရယူပြီး ဘောလုံးပြန်ရသွားတဲ့ ဆာလားက ညာခြမ်းကနေ အဝေးတိုင်ဘက်ကို လှမ်းမ,ပေးတာကို ဘယ်ခြမ်းက ပြေးဝင်လာတဲ့ ကားတစ်ဂျုံးစ်က အနီးကပ် ပိတ်သွင်းယူသွားခဲ့တာပါ။

ဆက်တိုက်ဆိုသလိုပဲ ပွဲချိန် ၃၆ မိနစ်မှာ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း ကွင်းလယ်ကနေ ရလာတဲ့ ဂက်ခ်ပိုက ဆာလားဆီ အပေးမှာ အီဂျစ်သားက ဧရိယာထဲ လှမ်းထိုးပေးတာကို လူကျွံသလိုလို မကျွံသလိုလို အနေအထားမှာ ရသွားတဲ့ ကားတစ်ဂျုံးစ်က ဇဝေဇဝါဖြစ်နေတဲ့ လက်စတာခံစစ်ကြားက အလျင်အမြန် ကန်သွင်းပြီး ဂိုးသမား အီဗာဆန်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဆာလားရဲ့ ဖန်တီးမှုတွေနဲ့ အလုပ်ဖြစ်ခဲ့တဲ့ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ပွဲကို ဆက်ပြီး ထိန်းသိမ်းထားခဲ့သလို လက်စတာတို့ကတော့ အန်ဒီဒီ၊ ဘန်းစ်နဲ့ ပါရဲရားတို့အစား ဒါကာ၊ တီတီနဲ့ သောမတ်စ်တို့ကို လဲလှယ်ခဲ့ပြီး အပြောင်းအလဲ စတင်ပြုလုပ်လာခဲ့ပေမယ့် ဂိုးထပ်ရသွားတာကတော့ ဧည့်သည်တွေပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ လက်စတာတို့ကို အပြီးတိုင် ပြိုလဲစေမယ့် တတိယဂိုးကို လီဗာပူးလ်တို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးရှေ့ ဘယ်ဘက်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဆာလားက ကန်မလိုနဲ့ မကန်ဘဲ နောက်ပေါက်နဲ့ လှိမ့်ပေးခဲ့ရာမှာ အသင့်နေရာယူထားတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ညာဘက်ထောင့်ကို ကန်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က လက်စတာတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်သုံးနဲ့ လေးက နယူးကာဆယ်လ်နဲ့ မန်ယူတို့ကို တစ်ပွဲပိုကစားပြီး တစ်မှတ်အကွာကနေ ဖိအားဝင်စေခဲ့ချိန်မှာ လက်စတာတို့ကတော့ တန်းဆင်းဖို့ အတော်လေး နီးကပ်လာခဲ့ပြီး မှော်ဝင်အခိုက်အတန့်မျိုးကို မဖန်တီးနိုင်ခဲ့ရင် ကိုးရာသီ ကစားခဲ့ပြီးပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ကို နှုတ်ဆက်ရဖို့ ရှိနေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.