Analysis Match Report Premier League

အာဆင်နယ်ကို ပညာပေးတဲ့ ဘရိုက်တန်နဲ့ပွဲက မှတ်မှတ်ရရ ပြောစရာများ

ဒီပုံစံနဲ့ ဘာမှ မရဘူးဆိုတာ သိသာခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းမှာ လိုအပ်နေတာက တိုက်ပွဲဝင်စိတ်နဲ့ ရင်ထဲက ဓာတ်ဆီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ သူတို့တွေအနေနဲ့ ၁။ ဖလားရဖို့အတွက် ၂။ အသင်းအတွက် ၃။ ကိုယ့်အတွက် ဒီသုံးချက်ကို ဘယ်တစ်ချက်မှာမှ ဆာလောင်မွတ်သိပ်မှု သို့မဟုတ် မာနတွေနဲ့ မကစားနိုင်ခဲ့ကြပါဘူး။ ဆာကာဟာ သာယာစီး ရေပေါ်ဆီဖြစ်နေတာ ကြာပြီဖြစ်သလို အရိုးကြေကြေ အရေခန်းခန်း ပေးဆပ်ရမယ့် ရာသီကုန် ပန်းဝင်ချိန်မှာ ဒဏ်ရာရမှာစိုးလို့ ရှောင်ကစားတဲ့ ပါတေးလို ကစားသမားမျိုးတွေကို ဘယ်လို အားကိုးနိုင်မလဲဆိုတာက သံသယပွားစရာဖြစ်ခဲ့ပါတယ်။ လာမယ့်ရာသီမှာ ဆာကာကို ပညာမပေးနိုင်ရင်၊ ပါတေးကို အစားမထိုးနိုင်ရင် ဘာဖလားမှ ရမှာ မဟုတ်ဘူးဆိုတဲ့ သတိပေး ခေါင်းလောင်းသံလည်းဖြစ်ခဲ့တာပါ။

အဲဗာတန်အရှုံးအတွက် ပေါက်ကွဲတဲ့ ဒီဇာဘီ
ဘရိုက်တန်နည်းပြ ဒီဇာဘီကတော့ ပွဲကြိုမှာ ကြိမ်းဝါးထားတုန်းက အဲဗာတန်ကို ရှုံးတဲ့ ခြေနဲ့ အမ်းမရိတ်မှာ ဘာဖြစ်နိုင်မှာလဲဆိုတဲ့ လှောင်ပြောင်သူတွေကို အသံတိတ်စေခဲ့ပါပြီ။ ဒီပွဲအနိုင်ရရှိမှုဟာ အာဆင်နယ်တို့ရဲ့ အိမ်ကွင်းမှာ ဘရိုက်တန်တို့ နောက်ဆုံးသုံးပွဲဆက်တိုက် တက်နိုင်ခဲ့တာလည်းဖြစ်ပြီး အဲဗာတန်ကို ရှုံးထားသမျှကို ပေါက်ကွဲသွားခဲ့တာပါ။ ဘရိုက်တန်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၅၉ ရာခိုင်နှုန်း၊ ဂိုးကန်ခွင့် ၁၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၆ ကြိမ်ရှိခဲ့ပြီး ၃ ဂိုးသွင်းယူသွားခဲ့ချိန်မှာ အာဆင်နယ်တို့ကတော့ ဘယ်နားမှာမှ အလုပ်မဖြစ်တဲ့ အတွေးအခေါ်တွေနဲ့ မယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ဂန်နားငတုံးတွေနဲ့ ပင်နယ်တီ မရခြင်းများ
အာဆင်နယ်ပရိသတ်တွေကတော့ ရသင့်တဲ့ ဂါဘရီယယ်လ်ရဲ့ ပင်နယ်တီ မရဘူးလို့ အသံထွက်လာပါတယ်။ ဒီလိုပုံစံမျိုးနဲ့ပဲ ဆောက်သမ်တန်နဲ့ ပထမအကျော့မှာ ဂျေဆူးစ် ခံလိုက်ရတာ မမှတ်မိကြလို့ပါလား? ပင်နယ်တီရဲ့ ဖွင့်ဆိုချက်က ရှင်းပါတယ်။ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးကို ဥပဒေပြင်ပကနေ တားဆီးခံရတာပါ။ ခက်တာက အာဆင်နယ်က ဆရာသမားတွေက တစ်ဖက်ကစားသမားတွေရဲ့ တားဆီးခံရတဲ့ အနေအထားမှာ ဓာတ်ပုံမရိုက်တတ်ကြဘဲ မမီမကမ်း မထိတတိနဲ့ ဘောလုံးကို ဂိုးသွင်းဖို့ပဲ အမြဲတမ်း လုပ်ခဲ့ကြတာပါ။ ဒီတော့ ဂိုးသွင်းမယ့် အနေအထားဟာ တားဆီးမခံရတော့ဘူးလို့ ဖြစ်သွားခဲ့ပြီး ဘယ်တော့မှ ပင်နယ်တီရလာမှာလည်း မဟုတ်တာကြောင့် အားနေရင် ဒိုင်လူကြီးဆီ တောင်းနေဖို့ထက် ပါးနပ်တတ်မှပဲဖြစ်ပါလိမ့်မယ်။

ကွင်းလယ်ရွေးချယ်မှု မှားယွင်းခြင်း (သို့) ရွေးချယ်စရာ မရှိခြင်း
ဘရိုက်တန်လို အသင်းကြီးတွေနဲ့ ယှဉ်ပြီး ဘောလုံးကိုင်ကစားတဲ့ အသင်းမျိုးရဲ့ လုပ်အားနှုန်း အခြေပြု ကွင်းလယ်ကို ချာကာနဲ့ ဂျော်ဂျင်ညိုတို့ နှစ်ယောက်နဲ့ ပွဲထွက်လာတာကတော့ မှားယွင်းတာ မဟုတ်ရင် ရွေးချယ်စရာ မရှိတာပါပဲ။ ကိုင်စီဒို၊ ဂရော့စ်၊ အန်စီဆို၊ မက္ကယ်လစ္စတာ၊ ဂီးလ်မိုးတို့ ငါးယောက်အထိ ဝင်ကစားတဲ့ ကွင်းလယ်ကို ဒီခဲဆွဲထားတဲ့ ဂန်းနားကွင်းလယ်အထိုင်က မကျော်နိုင်တာ အဆန်းတော့ မဟုတ်ပါဘူး။ ဒုတိယပိုင်းမှာ ဝင်လာတဲ့ ပါတေးတစ်ယောက် ဒဏ်ရာရမှာ အရမ်းတွေ ကြောက်နေပြီး ဂါနာမှာ မကစားရရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးမျိုးနဲ့ ကစားနေတာ တော်တော်ကြာခဲ့ပြီဖြစ်သလို အဖျက်ကစားမယ့်သူက မဝင်ရဲ မထွက်ရဲတွေဖြစ်နေတာကို ကြည့်ရင် အာဆင်နယ်တို့မှာ တကယ်ပဲ ရွေးချယ်စရာမရှိခဲ့တာပါ။

ဘာကတ်မှ မထိခဲ့ကြသူနှစ်ဦးရဲ့ ကွာခြားချက်
ပွဲချိန် ၆ မိနစ်မှာ မီတိုမာ ခေါင်းတိုက်မယ့် ဘောလုံးကို အလွန်နောက်ကျတဲ့ အနေအထားကနေ ခုန်ဝင်ပြီး ဘော်ဒီတိုက်ဖို့ ကြိုးစားတဲ့ ဂန်းနား တောင်ပံသမား မာတီနယ်လီအနေနဲ့ အနည်းဆုံး အဝါထိခဲ့သင့်သလို ရည်ရွယ်ချက်ကြီးက ထင်ရှားလွန်းနေတာကြောင့် ဒိုင်လူကြီးသာ မသက်ညှာရင် အနီလောက်ဖြစ်သွားနိုင်ခဲ့တာပါ။ နှစ်မိနစ်အကြာမှာတော့ သူ့ကို ဘရိုက်တန်ရဲ့ ကိုင်စီဒိုက တစ်ကွက်ပြန်ပြခဲ့ပြီး ဘောလုံးယှဉ်လုရင်းကနေ ခြေထောက်ပေါ် ကိုယ်လုံးနဲ့ ပစ်လှဲချလိုက်ပါတယ်။ ရလဒ်က မာတီနယ်လီ ဆက်မကစားနိုင်တော့တာဖြစ်ပြီး အီကွေဒေါသားကတော့ ပြစ်ဒဏ်ဘောနဲ့ မတူဘဲ မတော်တဆ ချော်လဲလို့ဖြစ်တာဆိုတဲ့ ကောက်ချက်နဲ့ ဘာကတ်မှ မထိခဲ့တာကြောင့် အထူအပါး နားလည်မှုကို ယှဉ်ကြည့်ခွင့်ရခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

ဆာကာကို အာတီတာ ကြောက်နေရတာလား
ဒီလောက် စုတ်ပြတ်သတ်နေပြီး ဘာစိတ်ဓာတ်မှ မရှိတဲ့ ဆာကာတစ်ယောက် ခြေပျက်နေတာကို အာဆင်နယ်နည်းပြရင့်မကြီး အာတီတာ မကိုင်တွယ်ရဲတာက ကြောက်တာမဟုတ်ရင် ဝဲကူးမှာစိုးရလို့ပဲ ဖြစ်ပါလိမ့်မယ်။ အသင်းရဲ့ Pressing တွေမှာ တာဝန်ပျက်ကွက်လွန်းတာ၊ Final Pass တွေ စိတ်ပျက်စရာဖြစ်နေတာ၊ လျော့တိလျော့ရဲ ကစားပုံကိုပဲ ပြသနေတာတွေက ပွဲထွက်ဖို့ မထိုက်တန်ပေမယ့် အာတီတာကတော့ တစ်ပွဲမှ အရန်ခုံ မထားဘဲ ဆက်သုံးနေခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေရဲ့ ရှုံးပွဲတိုင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆာကာဟာ ဖိအားတွေကို တစ်နည်းနည်းနဲ့ တုံ့ပြန်နိုင်ဖို့ လိုနေပေမယ့် ဆက်တိုက်ပွဲထွက်ခိုင်းပြီး ခြေစွမ်းပြမလား‌ စောင့်ကြည့်နေတာကတော့ အလောင်းအစားဆန်ပြီး မထိရဲ မတို့ရဲတာပဲလို့ ဆိုရမှာပါ။

အက်စ်တူပီညန်ရဲ့ ခြေစွမ်းပြတဲ့ပွဲ
ကူကူရဲလားကို ချဲလ်ဆီးတို့ဆီ ပေါင် ၆၃ သန်းနဲ့ ရောင်းထုတ်ပြီး အက်စ်တူပီညန်ကို ပေါင် ၁၈ သန်းနဲ့ ဗီလာရီးရဲလ်ကနေ ပြန်ခေါ်နိုင်ခဲ့တာက ဘရိုက်တန်တို့ရဲ့ ဆရာကျလွန်းတဲ့ ရွှေ့ကွက်ဖြစ်ခဲ့ပြီး အီကွေဒေါသား နောက်တစ်ယောက်ကို စင်တင်ပေးမှုလည်းဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူ့အနေနဲ့ ဆာကာကို တစ်ချိန်လုံး ထိန်းချုပ်သွားနိုင်ခဲ့သလို အန်စီဆိုရဲ့ အဖွင့် အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ ကိုယ်တိုင် သွင်းဂိုးတစ်ဂိုးနဲ့ အာဆင်နယ်တို့ကို ပြိုလဲစေခဲ့သလို သူ့ရဲ့ တန်ဖိုးအစစ်အမှန်ကို ပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ရပါလိမ့်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.