Match Report Premier League

ဒီပုံစံမျိုးနဲ့ ချန်ပီယံဖြစ်ဖို့ ဆယ်နှစ်လို့ ဘရိုက်တန် ပညာပေးတာ ခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ မန်စီးတီးတို့ ခြေချော်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ သိလိုက်ရလို့ ကြေကွဲနေတဲ့ ပုံစံနဲ့ ပွဲကို ကစားခဲ့ပြီး အသင်းရဲ့ လူစာရင်းမှာလည်း ကြံ့ခိုင်မှုရော နိုင်ပွဲဆာလောင်မှုပါ မရှိဘဲ အပြည့်အဝ ပေးဆပ်လိုစိတ်မရှိတဲ့ ကစားသမားတွေ များပြားနေမှုကလည်း သိသာလွန်းခဲ့သလို အသင်းအတွက်ရော ကိုယ့်အတွက်ပါ မကစားချင်တဲ့ ပုံစံတွေနဲ့ အိမ်ကွင်းမှာ ဆီပုလင်းလေး ခါးချိတ်လာခဲ့ကြတာဖြစ်ပါတယ်။

ဘရိုက်တန်တို့ကတော့ အဲဗာတန်နဲ့ပွဲမှာ ခြေချော်ခဲ့ပေမယ့် သူတို့ရဲ့ ကစားအားကောင်းတဲ့ ကွင်းလယ်က ဟန်ကိုယ့်ဖို့ လုပ်နေတဲ့ အာဆင်နယ် ကွင်းလယ်ကို ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုတာ ယုံကြည်ထားတဲ့ ပုံစံမျိုးနဲ့ ပွဲထွက်လာခဲ့ပြီး မက္ကယ်လစ္စတာ၊ ဂီးလ်မိုး၊ ကိုင်စီဒို၊ အန်စီဆို၊ ဂရော့စ်၊ မီတိုမာနဲ့ အက်စ်တူပီညန်တို့ရဲ့ လက်လက်ထ ပြေးလွှားမှုတွေက ချာကာနဲ့ ဂျော်ဂျင်ညိုတို့ ကစားကွက် တည်မရအောင် ဖြစ်စေခဲ့တာပါ။

အာဆင်နယ်ရဲ့ ဆာကာကတော့ ဒီပွဲရဲ့ အဆဲခံရဖို့ အထိုက်တန်ဆုံး ကစားသမားဖြစ်သလို ကိုယ်ရဲ့ အစွမ်းအစကို မှတ်ကျောက်တင်ခံနိုင်ဖို့ မာနမျိုးတောင် မရှိဘဲ ကစားနေခဲ့ချိန်မှာ အသင်းရဲ့ အဓိက လုပ်အားနှုန်းရှင် မာတီနယ်လီ လူချခံလိုက်ရပြီး နာသွားခဲ့တာကတော့ အိမ်ရှင်တွေအတွက် ဘူးလေးရာ ဖရုံဆင့်သလို ဆိုးရွားလွန်းခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ သူ့နေရာကို ထရော့ဆတ် ဝင်လာခဲ့ပေမယ့် တစ်သင်းလုံးက စိတ်ဓာတ်မပါဘဲ ကစားနေခဲ့တာကြောင့် ဘရိုက်တန်တို့ကပဲ ပွဲကို ထိန်းချုပ်သွားခဲ့ကြပြီး ဒီလိုပုံစံမျိုးနဲ့ ချန်ပီယံစိန်ခေါ်ပြီး ချန်ပီယံလိဂ် သွားကစားမယ်ဆိုတာကို အာဆင်နယ်ပရိသတ်တွေ မယုံနိုင်အောင်ဖြစ်ခဲ့ကြသလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဘရိုက်တန်တို့ရဲ့ လုပ်ချင်တိုင်းလုပ်နေခဲ့တဲ့ ဘယ်ခြမ်းကနေ ဂိုးသွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ မီတိုမာရဲ့ လှည့်စားမှုမှာ ကားသွားခဲ့တဲ့ ဘန်ဝှိုက်နောက်က ဘောလုံးရသွားတဲ့ အက်စ်တူပီညန်ရဲ့ နှစ်ကြိမ်တိုင်တိုင် ဖြတ်တင်မှုမှာ ကီဗီယာ လဲကျနေတုန်း အရပ်ပုပုနဲ့ အန်စီဆိုက ရမ်းစ်ဒေးလ်ရှေ့ကနေ အလွတ်ကြီး ခေါင်းတိုက်သွားခဲ့တာပါ။

ဂိုးပေးလိုက်ရတော့မှ အာဆင်နယ်တို့ ထူပူပြီး ချာကာနဲ့ ဂျော်ဂျင်ညိုအစား ပါတေးနဲ့ နယ်လ်ဆန်တို့ကို ထည့်ခဲ့ပေမယ့် စုတ်ပြတ်နေတဲ့ ဆာကာ၊ ယုံကြည်မှု မရှိတော့တဲ့ ဂျေဆူးစ်၊ ခြေချုပ်မိနေတဲ့ အော်ဒီဂွါဒ်တို့က ဘာမှ မလုပ်နိုင်ခဲ့သလို ပါတေးကလည်း ဒဏ်ရာရမှာစိုးနေပြီး မဝင်ရဲ မထွက်ရဲနဲ့ ပျက်စီးနေခဲ့တဲ့ ပုံစံက နှေးကွေးလေးလံပါတယ်ဆိုတဲ့ ဂျော်ဂျင်ညိုထက်တောင် ဖျင်းနေခဲ့တာကြောင့် ဘဲဥမကွဲခဲ့ကြတာဖြစ်ပါတယ်။

သေသေကြေကြေ ကစားရမယ့် ပရီးမီးယားလိဂ် ပန်းဝင်ချိန်မှာ ချေပဂိုးရဖို့ လိုအပ်နေတာကို အော်ဒီဂွါဒ်နဲ့ ဂျေဆူးစ်ကို ထုတ်ပြီး စမစ်ရိုးနဲ့ နကီးတီးယားတို့က သူတို့ထက် စွမ်းနိုင်လိမ့်မယ်လို့ ထင်ခဲ့တဲ့ အာတီတာရဲ့ ဦးနှောက်ကတော့ သိပ္ပံပညာရှင်တွေ လေ့လာသင့်နေပြီဖြစ်ပြီး ပွဲချိန် ၈၆ မိနစ်မှာတော့ ထရော့ဆတ်ရဲ့ လူပေးမှားမှုကနေ လူစားဝင်တိုက်စစ်မှူး အွန်ဒက်ဗ်က ဘရိုက်တန်အတွက် နောက်တစ်ဂိုး သွင်းခဲ့လို့ အာဆင်နယ်တို့ မွဲရတဲ့အထဲ ဖွတ်တက်သလိုဖြစ်ခဲ့ရသေးတာပါ။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဝဲလ်ဘက်ခ် ပေးတာကို အွန်ဒက်ဗ်က ဧရိယာအပြင်ကနေ လှမ်းကန်ရာမှာ ပုတ်ချင်သလို ပုတ်ထုတ်လိုက်တဲ့ ရမ်းစ်ဒေးလ်ရဲ့ လက်က ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ပြေးဝင်လာတဲ့ အက်စ်တူပီညန်က ပိတ်သွင်းပြီး ဂန်းနားတို့ကို ဝမ်းသွားအောင် ပညာပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က အာဆင်နယ်တို့ကို သုံးဂိုး-ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး အမ်းမရိတ်ကွင်းဆိုတာ ငယ်နိုင်အောင်မြေ တစ်ခုသာဖြစ်ကြောင်း နောက်ဆုံးသုံးပွဲဆက်အနိုင်ရရှိမှုနဲ့ သက်သေထူခဲ့သလို ဒီပုံစံနဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်ပြီး ချန်ပီယံလိဂ်ကို ဘာသွားလုပ်ကြမှာလဲ၊ ဘာစီလိုနာကို လွမ်းလို့လားလို့ မေးခွန်းထုတ်သွားခဲ့သလိုပဲဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.