Match Report Premier League

ဆမ်ကြီးရဲ့ လိဒ်စ်ကို အနိုင်ရဖို့ ထင်သလောက် မလွယ်ခဲ့တဲ့ အာရုံများများ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ လာပေါ့တ်နဲ့ အာကေတို့ ကစားခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ အယ်လ်ဗာရက်ဇ်၊ မာရက်ဇ်နဲ့ ဖိုဒန်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဟားလန်းတစ်ဦးတည်းကို တင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဆမ် အလာဒိုက်စ်ကတော့ သူ့ရဲ့ ပထမဆုံးပွဲမှာ လိဒ်စ်ကို ကြီးကြီးမားမား ပြောင်းလဲခဲ့သလို ဂိုးသမားနေရာမှာ ပွဲထွက်နေကျဖြစ်ပေမယ့် လက်စွမ်း မမှန်တဲ့ မေလီယေးကို ခေါက်ပစ်ခဲ့ပြီး ရော့ဘ်လက်စ်နဲ့ အစားထိုးလာခဲ့ချိန်မှာ ခံစစ်မှာလည်း ခရစ္စတင်ဆန်ကို အလယ်ပို့၊ ဗိုဘာ၊ အေးလင်း၊ ဖာပိုတို့နဲ့ တွဲကစားစေခဲ့သလို ကွင်းလယ်ကို မက်ကင်နီ၊ ရိုကာ၊ ဖော်ရှော၊ ဟာရစ်ဆန်၊ ဂနွန်တိုတို့နဲ့ ဖွဲ့စည်းပြီး ရှေ့မှာတော့ ဘမ်ဖို့ဒ်ကို အထောင်ထားခဲ့တာပါ။

လိဒ်စ်ဂိုးသမား ရော့ဘ်လက်စ် လက်စွမ်းပြနေခဲ့ပေမယ့် ပွဲချိန် ၁၉ မိနစ်မှာ ညာခြမ်းက မာရက်ဇ် ချိုးပေးတာကို ဂွန်ဒိုးဝမ်က တိုင်ခြေကို ချိန်သားကိုက်ကန်သွင်းခဲ့ရာမှာ ဘာမှ မတတ်နိုင်ခဲ့ဘဲ မန်စီးတီးတို့ ဂိုးစရခဲ့ပြီး ပွဲချိန် ၂၇ မိနစ်မှာလည်း မာရက်ဇ်ကပဲ ညာတောင်ပံကနေ ချိုးပေးတာကို ဂွန်ဒိုးဝမ်က ပထမဂိုးနဲ့ ဆန့်ကျင်ဘက် ဘယ်ဘက်တိုင်ခြေကို ကန်သွင်းနိုင်ခဲ့လို့ တူညီတဲ့ ဖန်တီးမှုပုံစံ၊ မတူညီတဲ့ နှစ်ထောင့်ကို နှစ်ဂိုးရခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ဂိုးစလုံးက ကွင်းလယ်အဖျက်တွေဖြစ်တဲ့ မက်ကင်နီနဲ့ ရိုကာတို့အနေနဲ့ ဧရိယာအစပ်ကို လွှတ်ပေးထားခဲ့ပြီး ဉာဏ်တုံးနေခဲ့လို့ ပေးခဲ့ရတာဖြစ်သလို ဟားလန်းရဲ့ လမ်းကြောင်းနဲ့ ပါဝါကန်သွင်းမှုတွေကိုတော့ ဆမ်ကြီး ရွေးချယ်ထားတဲ့ ခရစ္စတင်ဆန်က လျင်လျင်မြန်မြန် ပိတ်ဆို့နေခဲ့လို့ အပိုင်ကန်ခွင့်တွေကို အသုံးချဖို့ ခက်ခဲ့ပြီး ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် အာရုံများနေပုံရခဲ့တာကြောင့် ဂွါဒီယိုလာအနေနဲ့ သိပ်ပြီး အပြောင်းအလဲ မလုပ်နိုင်ခဲ့ဘဲ လိဒ်စ်ခံစစ်နဲ့ ဂိုးသမား ရော့ဘ်လက်စ်တို့ကို ဂိုးသွင်းဖို့ ခက်ခဲနေခဲ့ပါတယ်။

ဟားလန်းရဲ့ ၆၂ မိနစ် ကန်ချက်က အားလုံးကို အငိုက်ဖမ်း လှည့်စားနိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ၃၅ ဂိုးကို ထပ်မပေါင်းနိုင်ခဲ့သလို မာရက်ဇ်ရဲ့ ကန်ချက်တွေကတော့ အလဟဿဖြစ်နေခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာတော့ ၅၀-၅၀ အနေအထားကို မျက်နှာလိုက်ပြီး ပေးတဲ့ ပင်နယ်တီကို ဂွန်ဒိုးဝမ်က ဟက်ထရစ်ရဖို့ ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကြောင့် လိဒ်စ်တို့ အားပြန်တက်လာခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ လိဒ်စ်တို့ ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ နောက်ခံလူ အာကန်ဂျီရဲ့ ကရော်ကမယ် ခေါင်းတိုက်ဖျက်မှုကနေ ပြန်ရသွားတဲ့ လူစားဝင်တိုက်စစ်မှူး ရိုဒရီဂိုက ဧရိယာထိပ်ကနေ ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကွက်တိ ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်စီးတီးတို့ အမှားမခံတော့ဘဲ ကစားသွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ လိဒ်စ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ကို တောက်ချထားနိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခြေတစ်လှမ်း ပိုနီးလာခဲ့ပေမယ့် ဒီအတွက်ကို သေချာချင်ရင် အမှားလုပ်တတ်တဲ့ ခံစစ်ကိုတော့ ဂွါဒီယိုလာအနေနဲ့ ပတ်ကြမ်းတိုက်ရဖို့ ရှိနေသေးပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.