Match Report Premier League

လမ်းပတ်အတွက် ပထမဆုံးနိုင်ပွဲနဲ့ ချယ်ရီကိုသာ ပန်ပါကွယ်ဆိုတဲ့ ညီမလေး

ချဲလ်ဆီးတို့ရဲ့ ဘယ်အသင်းလာလာ ရှုံးနေတဲ့ စံချိန်ကြောင့် ယာယီ မရှိသုံး လုပ်ချင်သလိုလုပ်နည်းပြ လမ်းပတ်တစ်ယောက် စိတ်ပျက်နေရပြီး ပရိသတ်တွေကတောင် အကောင်းမမြင်ကြတော့ချိန်မှာ ညီမလေးတို့တွေ လှပစေဖို့ အဆင်သင့်ဖြစ်နေတဲ့ ချယ်ရီတွေကြောင့် အဝေးကွင်းမှာ သုံးမှတ်နဲ့ စိတ်ချမ်းသာနိုင်ခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်တို့အနေနဲ့ ချဲလ်ဆီးတို့နဲ့ အမှတ်တောင် တူနေခဲ့သေးတာဖြစ်ပြီး ဒီအသင်းနဲ့ ဒီအသင်းကွာလို့ ပရိသတ်တွေက မချိတင်ကဲ ဖြစ်နေရချိန်မှာ အဝေးကွင်း Vitality မှာတော့ ပုံစံကောင်းနဲ့ ကစားနိုင်ခဲ့ပြီး အားနည်းတဲ့ ပြိုင်ဘက်ကို အသာစီးယူနိုင်ခဲ့သလို ကွင်းလယ်လူ ကွန်တေရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ဂါလာဂါက အိမ်ရှင်နောက်ခံလူတွေကြားက ခေါင်းတိုက်ပြီး ပွဲချိန် ၉ မိနစ်မှာ အဖွင့်ဂိုးရယူနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ အခွင့်အရေးတွေ အသုံးမချနိုင်မှုရဲ့ ဒဏ်ကို ချဲလ်ဆီးတို့ ခံခဲ့ရပြီး ပွဲချိန် ၂၁ မိနစ်မှာတော့ ချေပဂိုး ပြန်ပေးခဲ့ရသလို ဒီဂိုးကိုတော့ ဘုန်းမောက်တို့ရဲ့ ဘယ်ခြမ်းတိုက်စစ်ကို မထိရဲမတို့ရဲဖြစ်နေတဲ့ ဧည့်သည်ခံစစ်သမားတွေရဲ့ နှောင့်နှေးမှုကြားကနေ ခရစ္စတီးက ခင်းပေးရာမှာ ဗီညာက ဘယ်ဘက်ကို ရောက်နေတဲ့ ဂိုးသမား ကီပါရဲ့ နေရာယူမှုအပေါ် အခွင့်ကောင်းယူပြီး ညာဘက်အပေါ်ကို ကန်ထည့်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အပြောင်းအလဲတွေ လုပ်ခဲ့ချိန်မှာ ဘုန်းမောက်တို့ထက် ချဲလ်ဆီးတို့က ပိုပြီး အသာရနိုင်ခဲ့ကြသလို အိမ်ရှင်တွေကတော့ အမြင့်ဘောတွေနဲ့ လျင်မြန်မှုကို အားကိုးခဲ့ပေမယ့် ဒီနေ့ကတော့ သူတို့နေ့ မဟုတ်ခဲ့သလို ပွဲချိန် ၇၉ မိနစ်မှာ ဝပ်တာရာရဲ့ အနီးကပ် ခေါင်းတိုက်ချက် ဘားကျော်သွားခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းလို့ ဆိုရမှာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဇီးယက်ရှ်ရဲ့ ဖရီးကစ်ကနေ ဘုန်းမောက်ခံစစ်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ နောက်ခံလူ ဘာဒီယာရှီးလ်က အနီးကပ် ကန်သွင်းပြီး ဂိုးသမား နီတိုကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ အနိုင်သေချာစေမယ့်ဂိုးကို ဆက်တိုက်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်တွဲလုံးကနေ စတာလင် ရလာပြီး ဧရိယာထဲကို ချိုးပေးရာမှာ ဂျာအို ဖဲလစ္စက ထိန်းမလိုနဲ့ မထိန်းဘဲ ဘုန်းမောက်ခံစစ်ကို မျက်လှည့်တစ်ချက်ပြပြီး ညာဘက်ကို လိမ့်လာတဲ့ ဘောလုံးကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က ဘုန်းမောက်တို့ကို အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပြီး အဆင့် ၁၁ နေရာကို တက်လှမ်းလာနိုင်ခဲ့ကြသလို ဘုန်းမောက်တို့ကတော့ ကြိုးစားအားထုတ်မှု ညံ့ဖျင်းခဲ့တာကြောင့် အဆင့် ၁၄ ကို ရောက်ရှိသွားခဲ့ရပေမယ့် တန်းဆင်းဇုန်နဲ့တော့ ၉ မှတ်အထိ ကွာဝေးဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.