Match Report Premier League

လမ်းပတ်ရဲ့ ချဲလ်ဆီးကို ပထမပိုင်းဂိုးတွေနဲ့ အပြတ်အသတ် အနိုင်ယူတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာတော့ သူတို့ရဲ့ ငှက်ပျောခွံနင်းပြီး ဗွက်ထဲကျခဲ့ရမှုတွေကို ပြန်လည်ကုစားဖို့ ပြင်ဆင်လာခဲ့ပြီး မန်စီးတီးတို့ ခြေချော်မယ်ဆိုရင် အခွင့်အရေးရှိသေးအောင် ပြန်လည်ကြိုးစားလာခဲ့သလို ငါးပါးမှောက်နေတဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီးတို့ကို ကြုံတုန်းမှာ ပညာပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာတီတာအနေနဲ့ အသင်းရဲ့ ပုံမှန်ခြေမရတဲ့ ပွဲထွက်ကစားသမားတွေထဲက မာတီနယ်လီကို အရန်ခုံပို့ပစ်ခဲ့ပြီး ဆာကာကိုတော့ ဆက်သုံးစွဲခဲ့သလို ကျန်တဲ့ ကစားသမားတွေထဲမှာတော့ ပါတေးကို အနားပေးပြီး ဂျော်ဂျင်ညိုကို အသင်းဟောင်းနဲ့ ရင်ဆိုင်ခိုင်းခဲ့သလို ခံစစ်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ကီဗီယာ ပွဲထွက်လာခဲ့ပြီး ရှေ့မှာတော့ ထရော့ဆတ်နဲ့ ဂျေဆူးစ်တို့ တွဲကစားခဲ့တာပါ။

ချဲလ်ဆီးတို့ကတော့ ရှေ့ပွဲတွေက ၃-၆-၁ နဲ့ စုတ်ပြတ်နေခဲ့တာကို အာဆင်နယ်နဲ့ တွေ့မယ်ဆိုတော့မှ သွေးရူးသွေးတန်းနဲ့ ၄-၃-၃ ပြန်ကစားခဲ့ပြီး ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဖိုဖာနာ၊ အက်ဇ်ပီလီကွေတာ၊ ချေးလ်ဝဲလ်နဲ့ ကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်ဇ်၊ ကွန်တေ၊ ကိုဗာချစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာဒူးကီ၊ စတာလင်နဲ့ အူဘာမီယန်းတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

စောစောစီးစီးမှာကတည်း ချဲလ်ဆီးနောက်တန်းက ရောင်းတာကို ချာကာ ဝင်ပိတ်ရာမှာ ကီပါ ကာကွယ်နိုင်ခဲ့လို့ ဂိုးမပေးခဲ့ရတာဖြစ်သလို အာဆင်နယ်တို့အနေနဲ့ ကစားကွက်အသာနဲ့ အိမ်ကွင်းမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ညာခြမ်းက ဆာကာရဲ့ ယုံကြည်မှု ပျောက်ဆုံးနေပုံကတော့ ဂန်းနား ပရိသတ်တွေ ဝမ်းနည်းစရာလည်းဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားခဲ့ကြပြီး ချဲလ်ဆီးတို့ရဲ့ ဆုတ်ခံတာ များလွန်းနေတဲ့ ခံစစ်လိုင်းရှေ့ကနေ ချာကာက ဘယ်တောင်ပံကနေ ဧရိယာထိပ်ကို ပြန်ချိုးပေးတာကို လွတ်နေတဲ့ အော်ဒီဂွါဒ်က အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးဘားအောက်ကို ရှပ်မှန်ပြီး ဝင်သွားခဲ့လို့ ဒီတစ်ခါမှာတော့ ကီပါ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ အတိုင်အဖောက်မညီတဲ့ ဘန်ဝှိုက်နဲ့ ဆာကာတို့ရဲ့ အဖျက်မသေသပ်တဲ့ ညာခြမ်းကနေ ချေးဝဲလ် လွတ်ထွက်သွားခဲ့ပြီး ချဲလ်ဆီးတို့ ချေပဂိုးသွင်းနိုင်ပြီ ထင်ခဲ့ရပေမယ့် ဂိုးသမား ရမ်းစ်ဒေးလ်က အကောင်းဆုံး ကာကွယ်သွားခဲ့တာကြောင့် အာဆင်နယ်တို့ သက်သာခဲ့သလို နည်းပြအနေနဲ့ ညာခြမ်းရဲ့ လျော့ရဲရဲနိုင်မှုကို ပြင်ဆင်ရဦးမယ်ဆိုတာကတော့ သိသာခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂျေဆူးစ် ပေးတာကို ချာကာက ဧရိယာထဲကို အနိမ့်ဘော ဖြတ်ပို့ရာမှာ တော်တော်လေး ညံ့ဖျင်းလွန်းနေတဲ့ ချဲလ်ဆီးခံစစ်သမားတွေရဲ့ ခြေထောက်ခဲဆွဲထားမှုကို အခွင့်ကောင်းယူပြီး အော်ဒီဂွါဒ်က ပြေးဝင်ကန်သွင်းခဲ့ရာမှာ ပထမဂိုးနဲ့ ဆန့်ကျင်ဘက်ကို သွားခဲ့ပြီး နောက်တစ်ဂိုး ထပ်ရခဲ့တာဖြစ်ပါတယ်။

ကွန်တေ၊ ကိုဗာချစ်ချ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ရဲ့ နေရာယူပုံတွေက တော်တော်လေး အာရုံစိုက်မှု နည်းပါးခဲ့သလို နည်းပြ လမ်းပတ်အနေနဲ့ သူ့မှာ ဒီအသင်းအတွက် ဘာမှ လုပ်ပေးနိုင်စွမ်း မရှိဘူးဆိုတာကိုလည်း ပေါ်လွင်နေခဲ့တာဖြစ်ပြီး အထူးသဖြင့် ဧရိယာထဲမှာ နောက်တန်းနဲ့ အလယ်တန်းတွေရဲ့ နားလည်မှုနဲ့ စုဖွဲ့မှုက တော်တော်လေး ဆိုးရွားနေခဲ့တာကို အာဆင်နယ်တို့က အမိဖမ်းနိုင်ခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘန်ဝှိုက် ဖြတ်တင်ဘောကို အက်ဇ်ပီလီကွေတာ ခေါင်းမတိုက်နိုင်ဘဲ ပြန်ကျလာရာမှာ ချာကာက ပိတ်သွင်းခဲ့ပေမယ့် သီယာဂို ဆေးလ်ဗားနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဂျေဆူးစ်က ထပ်မံပိတ်သွင်းပြီး ပထမပိုင်းမှာ အိမ်ရှင်တွေ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ အူဘာမီယန်းအစား ဟာဗတ်ဇ်ကို ချဲလ်ဆီးတို့ ထည့်သွင်းခဲ့ပေမယ့် အာဆင်နယ်တို့ပဲ ဖိကစားခဲ့သလို ထောင့်ကန်ဘောကနေ ဂါဘရီယယ်လ် ခေါင်းတိုက်ရာမှာတော့ ဂိုးစည်းပေါ်ကနေ သီယာဂို ဆေးလ်ဗားပဲ ရှင်းထုတ်ခဲ့ရသလို တန်ပြန်တိုက်စစ်ကနေ ချာကာ ထိုးဖောက်ခဲ့ရာမှာတော့ သူ့ရဲ့ စတိုင်နဲ့ မကိုက်ညီပဲ အလျင်အမြန် ကန်ခဲ့ရလို့ အားအနည်းငယ် ပျော့တဲ့ ဘောလုံးကို ကီပါပဲ ပုတ်ထုတ်နိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ အသင်းကို ဒုက္ခမပေးရရင် မနေနိုင်တဲ့ အာတီတာအနေနဲ့ ချဲလ်ဆီးတို့ ကြောက်နေရတဲ့ ထရော့ဆတ်ကို ထုတ်ပြီး ဘယ်ခြမ်းမှာ မာတီနယ်လီကို ထည့်ကစားလိုက်ရာမှာတော့ ထက်မြက်မှု ကျဆင်းသွားခဲ့သလို အရင်နေ့တွေက အသင်းကို အလုပ်မဖြစ်စေတဲ့ တိုက်စစ်အတွဲကြီး ပြန်ဖြစ်သွားခဲ့ပြီး ချဲလ်ဆီးတို့ အခွင့်အရေးတွေ ပြန်လည်ရှာဖွေလာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ မာဒူးကီကို သူ့ကို နှမပေးထားတဲ့ ရွှေယောက်ဖ မှတ်နေလို့ လျှော်ပေးလိုက်တဲ့ အထာနဲ့ အားသွန်ခွန်စိုက် မဖျက်ဘဲ ရပ်ကြည့်နေခဲ့တဲ့ ဇင်ချန်ကိုကြောင့် ဂိုးမသွင်းတတ်တဲ့ ချဲလ်ဆီးတို့ တစ်ဂိုးပြန်ရသွားခဲ့ကြပြီး အာဆင်နယ်တို့ရဲ့ လေးနက်မှု မရှိတဲ့ ခံစစ်ကစားပုံကတော့ စိတ်ပျက်စရာလည်းဖြစ်ခဲ့တာပါ။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ဇင်ချန်ကို၊ ဆာကာ၊ ဂါဘရီယယ်လ်နဲ့ ဂျော်ဂျင်ညိုတို့အစား တီယာနီ၊ နယ်လ်ဆန်၊ ဟိုးလ်ဒင်းနဲ့ ပါတေးတို့ကို ထည့်ပြီး ခံစစ်ကို အားပြုသွားခဲ့သလို ချဲလ်ဆီးတို့ဘက်ကတော့ စတာလင်၊ အန်ဇို ဖာနန်ဒက်ဇ်၊ မာဒူးကီနဲ့ ဖိုဖာနာတို့အစား ဂါလာဂါ၊ မူဒရစ်ခ်၊ ဇီးယက်ရှ်နဲ့ ချာလိုဘာတို့ကို ထည့်ကစားသွားခဲ့ပေမယ့် ရလဒ်ကတော့ မပြောင်းတော့ပဲ သုံးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ မန်စီးတီးထက် နှစ်ပွဲ ပိုကစားထားပြီး နှစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ကို ပြန်တက်လာခဲ့သလို တစ်ဖက်က ခြေချော်ဦးမလားလို့ မျှော်လင့်နိုင်ခဲ့ချိန်မှာ ချဲလ်ဆီးတို့ကတော့ ဘုန်းမောက်နဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၁၂ နေရာမှာ ဆက်လက် နေမြဲတိုင်းဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.