Match Report Premier League

ဂျင်းစပါးတိုက်စစ်မှူးကြောင့် ထိတ်လန့်ခဲ့ရပြီး နောက်ဆုံးမိနစ်မှ အနိုင်ရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာတော့ ဒဏ်ရာကနေ သက်သာလာတဲ့ လူးဝစ် ဒီယက်ဇ်ကို သူတို့ရဲ့ ပွဲထွက်လူစာရင်းထဲ ပြန်လည် ထည့်သွင်းလာခဲ့ပြီး ဆာလား၊ ဂက်ခ်ပိုတို့နဲ့ တိုက်စစ်မှာ တွဲပေးခဲ့သလို ကွင်းလယ်မှာတော့ လူငယ်တွေဖြစ်တဲ့ ကားတစ်ဂျုံးစ်နဲ့ အဲလီးယော့တို့ကို ဖာဘင်ညိုနဲ့ တွဲပြီး ကျန်တဲ့ ခံစစ်ကတော့ ဦးစားပေး လူစာရင်းကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် စပါးစ်တို့ကတော့ ရှက်တဲ့ ဒဏ်ရာရထားသလား မသိတဲ့ ဂိုးသမား လိုရစ်နေရာမှာ ဖော်စတာကို သုံးခဲ့ပြီး ကျန်တဲ့ ကစားသမားတွေထဲမှာတော့ နောက်ခံလူ ဒေးဗီးစ်ပါ ဝင်လာတာကလွဲလို့ အပြောင်းအလဲ မရှိခဲ့သလို သူတို့တွေအနေနဲ့ ဆွန်၊ ကိန်း၊ ကူလူရှက်ဗ်စကီး တိုက်စစ်ကိုပဲ အဝေးကွင်းမှာ သုံးစွဲလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက လီဗာပူးလ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ် ဖြတ်တင်ပေးတာကို အဝေးတိုင်ဘက်ကမှာ လွတ်နေတဲ့ ကားတစ်ဂျုံးစ်က ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာတော့ လီဗာပူးလ်တို့အတွက် ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာလားက ဧရိယာထဲကို မျှောထိုးပေးခဲ့ရာမှာ ဂက်ခ်ပိုက ပြေးလိုက်ပြီး Cut Back လုပ်ပေးတဲ့ ဘောလုံးကို လူးဝစ် ဒီယက်ဇ်က အနီးတိုင်ဘက်ကို ကန်သွင်းပြီး နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ လီဗာပူးလ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲကို အာနိုးလ်ဒ် ထည့်ပေးလိုက်တဲ့ ဘောလုံးကို ရယူဖို့ ကြိုးစားတဲ့ ဂက်ခ်ပိုကို ခြေချိတ်မိခဲ့တဲ့ ရိုမဲရိုးကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆာလားက အလယ်တည့်တည့်ကို အမြင့်ဘော ကန်သွင်းပြီး ဂိုးသမား ဖော်စတာကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

သုံးဂိုးရအပြီးမှာတော့ လီဗာပူးလ်တို့ ကစားအားချသွားခဲ့တာကြောင့် စပါးစ်တို့ ဘောလုံးပိုကိုင်လာနိုင်ခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာတော့ ဘယ်ခြမ်းကို လျှပ်တစ်ပြက် ထိုးပေးတဲ့ ဘောလုံးကို မဖျက်နိုင်ခဲ့တဲ့ ဗန်ဒိုက်ကြောင့် မျက်လှည့်ပြပြီး ဖြတ်တင်ပေးခဲ့တဲ့ ပါရီရှစ်ချ်ရဲ့ ပေးပို့မှုကို ဟာရီကိန်းက Volley ကန်သွင်းခဲ့ရာမှာ ဂိုးသမား အယ်လစ်ဆန်ရဲ့ ခြေထောက်အောက်ကို ဝင်သွားခဲ့လို့ ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဟာရီကိန်းရဲ့ ဂိုးကတော့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယအမြင့်ဆုံး ဂိုးသွင်းဘုရင်အဖြစ် ဝိန်းရွန်နီနဲ့ ၂၀၈ ဂိုးချင်း တူသွားစေတဲ့ သွင်းဂိုးလည်းဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ အလုပ်သိပ်မလုပ်နိုင်တော့သလို စပါးစ်ခံစစ်ကို အငိုက်ဖမ်းနိုင်မှုနည်းသွားခဲ့တာကြောင့် ဧည့်သည်တွေကတောင် အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။

လီဗာပူးလ်တို့ဘက်က လူးဝစ် ဒီယက်ဇ်၊ အဲလီးယော့၊ ဂက်ခ်ပိုနဲ့ ကားတစ်ဂျုံးစ်တို့အစား ဂျိုတာ၊ ဟန်ဒါဆန်၊ ဒါဝင် နူးညက်ဇ်နဲ့ မီလ်နာတို့ကို လဲကစားသွားခဲ့ပြီး စပါးစ်တို့ဘက်ကတော့ ကူလူရှက်ဗ်စကီး၊ စကစ်ပ်၊ ပါရီရှစ်ချ်နဲ့ ပေါ်ရိုတို့အစား ပါပီ မာတာ ဆားရ်၊ ရစ်ချာလစ်ဆန်၊ ဒန်ဂျူးမားနဲ့ လူးကပ်စ် မော်ရာတို့ကို ပြောင်းလဲသွားခဲ့ကြတာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ စပါးစ်တို့ကို ပြန်လည်အသက်ဝင်စေမယ့် ဒုတိယဂိုးကို ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရိုမဲရိုးရဲ့ အငိုက်ဖမ်းပြီး လီဗာပူးလ်ခံစစ်ပေါ်က ဘယ်တောင်ပံကို ကျော်တင်ပေးလိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ဖောက်ထွက်ရယူပြီး ဂိုးသမား အယ်လစ်ဆန်နဲ့ အတွေ့မှာ အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ စပါးစ်တို့ သရေကျစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ ဖရီးကစ်ကို ညာခြမ်းကနေ ပြေးဝင်ပြီး နဖူးနဲ့ ရှပ်တိုက်နိုင်ခဲ့တဲ့ ရစ်ချာလစ်ဆန်ရဲ့ အားထုတ်မှုကြောင့် သူ့ရဲ့ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်သလိုမျိုး ဒီရာသီ ပထမဆုံးဂိုးနဲ့အတူ အမှတ်ခွဲယူနိုင်မယ်လို့ ထင်ခဲ့ကြရတာပါ။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ နာကျင်အချိန်ပို ၄ မိနစ်မှာ လီဗာပူးလ်တို့ အနိုင်ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အယ်လစ်ဆန် ကန်တင်လိုက်တဲ့ ဘောလုံးကျလာခဲ့တာကို ဆရာကြီးအထာနဲ့ နောက်ပြန်ပေးတဲ့ လူးကပ်စ် မော်ရာကြောင့် စပါးစ်ခံစစ်က အငိုက်မိသွားချိန်မှာ ဂျိုတာက ဆွဲပြေးပြီး ထောင့်ကျဉ်းအနေအထားကနေ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ ပျော်ပွဲဆင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပါးစ်တို့သည် စပါးစ်တို့သာဖြစ်ကြောင်း လေးဂိုး-သုံးဂိုးနဲ့ သက်သေခိုင်မာစွာ ပြသသွားခဲ့ကြပြီး အဆင့် ၆ ကို ကျဆင်းသွားခဲ့ကြသလို လီဗာပူးလ်တို့ကတော့ နောက်ဆုံးမိနစ်နိုင်ပွဲကြောင့် အဆင့် ၅ ကို တက်ရော်ကလာနိုင်ခဲ့ကြချိန်မှာ နည်းပြ ယာဂန် ကလော့ပ်ကတော့ ခုန်ပေါက်ပြေးလွှားပြီး အောင်ပွဲခံမှုကြောင့် ပေါင်နောက်ကြော ဒဏ်ရာရသွားခဲ့တာကလည်း အန်းဖီးလ်ရဲ့ အမှတ်တရ ဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.