Match Report Premier League

ဒီရာသီအတွက် ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲကို ဝုလ်ဗ်စ်နဲ့ပွဲမှာ ဖန်တီးပြခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ပွဲဆက်တွေ များနေတာကြောင့် ပါးနပ်တဲ့ လူစာရင်းကို ထုတ်သုံးခဲ့ပြီး မက္ကယ်လစ္စတာ၊ ကိုင်စီဒိုနဲ့ မီတိုမာတို့လို ကစားသမားတွေကို အနားပေးခဲ့သလို မာ့ချ်၊ ဂရော့စ်၊ အွန်ဒက်ဗ်နဲ့ ဝဲလ်ဘက်ခ်တို့ကို တိုက်စစ်ကို ဦးဆောင်စေခဲ့ပြီး ကြားရက်မှာ မန်ယူနဲ့ ထပ်ကစားရမယ့်ပွဲအတွက် ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်တို့ကတော့ ခုချိန်အထိ တည်ငြိမ်တဲ့ လူစာရင်းနဲ့ ပုံသေကိုင်ထားရမယ့် ကစားကွက်ကို မဖန်တီးနိုင်သေးချိန်မှာ ဘရိုက်တန်တို့အကြိုက် ဖြစ်သွားခဲ့ပြီး ခံစစ်လည်း မရ၊ တိုက်စစ်လည်း မရတဲ့ လိုပီတီဂီရဲ့ လူထုတ်ပုံမှာ ပွဲချိန် ၆ မိနစ်မှာကတည်းက အွန်ဒက်ဗ်က ဂိုးသွင်းယူခဲ့သလို ဒါကို ပေါတောတာ စည်းကြပ်ဒိုင်ရဲ့ အလံထောင်မှုကြောင့် VAR ပြန်ကြည့်တော့မှ ဂိုးအဖြစ် သတ်မှတ်နိုင်ခဲ့တာပါ။

ရုပ်သံကြည့်ပရိသတ်တွေတောင် လွယ်လွယ်နဲ့ ဆုံးဖြတ်နိုင်တဲ့ ဂိုးတစ်ဂိုးကို ဒီလောက်ကြာအောင် အချိန်ဆွဲခဲ့တဲ့ VAR ဒိုင်တွေကတော့ ရွံစရာပဲ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ စောင်တလွဲ အဆင့်အတန်း နိမ့်ကျမှုကို သိသာစေခဲ့သလို ပွဲတွေကို လောင်းကစားဒိုင်တွေအတွက် တတ်နိုင်သလောက် အကျိုးရှိအောင် ထိန်းချုပ်ပေးဖို့ လုပ်နေတယ်ဆိုတဲ့ အယူအဆတွေကိုလည်း ပိုမိုခိုင်မာလာစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ ဘရိုက်တန်တို့တွေပဲ ဒုတိယဂိုး ရယူနိုင်ခဲ့သလို ဘယ်ခြမ်းက အန်စီဆိုရဲ့ တောက်လျှောက်ဆွဲပြေးပြီး ဖန်တီးပေးမှုကို ဂရော့စ်က ဧရိယာထဲကနေ အပိုင်ကန်သွင်းအဆုံးသတ်ခဲ့ပြီး ပွဲချိန် ၂၆ မိနစ်မှာလည်း အန်စီဆိုရဲ့ အလိမ်အခေါက်နဲ့ ဖြတ်ကျော်ပေးပို့မှုကိုပဲ ဂရော့စ်က ဧရိယာထိပ်ကနေ မြေမကျ ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၃၉ မိနစ်မှာတော့ ဘရိုက်တန်တို့အတွက် စတုတ္ထဂိုးကို ဘယ်ခြမ်းတိုက်စစ်ကနေပဲ ရရှိခဲ့ပြီး အက်စ်တူပီညန်ရဲ့ ဖြတ်တင်ဘောကို ခပ်ညံ့ညံ့ ဝုလ်ဗ်စ်ခံစစ်ကြားကနေ ဝဲလ်ဘက်ခ်က ခေါင်းတိုက်သွင်းခဲ့လို့ ပထမပိုင်းမှာ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့သလို ဒုတိယပိုင်းအစမှာတော့ လိုပီတီဂီအနေနဲ့ စုတ်ပြတ်နေတဲ့ ဒီယေဂို ကော့စတာအပါအဝင် ကစားသမား သုံးဦးအထိ လဲကစားခဲ့ပေမယ့် ဘာမှ ထူးမလာဘဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာတော့ အန်စီဆို ဘောလုံးပျက်ရာကနေ ပြန်ရတဲ့ ဝဲလ်ဘက်ခ်က ဧရိယာထိပ်ကနေ မနားတမ်း ကန်သွင်းခဲ့ရာမှာ ဘရိုက်တန်တို့ ပဉ္စမဂိုး ရရှိခဲ့ပြီး ပွဲသိမ်း ဆဌမဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ အဖွင့်ဂိုးသွင်းတဲ့ အွန်ဒက်ဗ်က ဆရာကြီးလိုလို ဘာလိုလိုလုပ်တဲ့ မက်သီယူးစ် နူးနက်စ်ဆီက လုယူပြီး ရှေ့ထွက်လာတဲ့ ဂိုးသမား ဂျိုဆေးဆားပေါ်ကနေ အသာကျော်ပြီး သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က ဝုလ်ဗာဟမ့်ပ်တန်တို့ကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပြီး ထိပ်ဆုံးလေးသင်းလောက်ပြီးရင် သူတို့ပဲ ဆိုတာကို သက်သေပြသွားနိုင်ခဲ့သလို အနည်းဆုံး ယူရိုပါလိဂ် ဝင်ရောက်ကစားနိုင်ဖို့ တာစူနေခဲ့ပြီး လာမယ့်ပွဲကို ဖဲလ်မားကွင်းမှာ လာရောက်ကစားရမယ့် မန်ယူနဲ့ အဲဗာတန်တို့ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.