Match Report Premier League

ဟုတ်မလိုလိုနဲ့ ဦးဆောင်ပြီးမှ ဒုတိယပိုင်းမှာ စပါးစ်ကို သရေပြန်ပေးခဲ့ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ လုခ်ရှော၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် တော့တင်ဟမ်ဟော့စပါးတို့ကတော့ ဂိုးသမား ဖော်စတာ၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ လွန်ဂလေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ စကစ်ပ်၊ ဟွိုင်ဘယာ့ဂ်၊ ပက်ဒရို ပေါ်ရိုနဲ့ ပါရီရှစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ရစ်ချာလစ်ဆန်နဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက မန်ယူတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ကွင်းလယ်အူကြောင်းကနေ ရက်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော် ဆွဲပြေးမှုအပြီးမှာ ဘယ်ခြမ်းကို ထုတ်ပေးလိုက်တဲ့ ဘောလုံးကို လက်ခံရရှိခဲ့တဲ့ ဆန်ချိုက အတွင်းကို ခေါက်ပြီး အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ လိုရစ်နေရာ ဝင်ကစားတဲ့ ဖော်စတာ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

အဲဗာတန်ကနေ ပေါင်သန်း ၆၀ နဲ့ ရောက်လာခဲ့တဲ့ ဘူကောင်တိုက်စစ်မှူး ရစ်ချာလစ်ဆန်ကတော့ ဘယ်နည်းပြမှ မကယ်နိုင်အောင်ဖြစ်နေခဲ့ပြီး ပွဲစဉ် ၃၃ ရောက်တာတောင် ဂိုးမရသေးတဲ့ သူ့ရဲ့ ဂိုးလာဘ်က စိတ်ပျက်စရာကောင်းလွန်းနေခဲ့သလို ယာယီနည်းပြ ရိုင်ယန် မေဆန်အနေနဲ့ ဆွန်ဟောင်မင်ကို ညာခြမ်းမှာ သုံးခဲ့တာကလည်း သိပ်ပြီး အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ် ကန်တင်ပေးလိုက်တာကို ပြေးထွက်ရယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က စပါးစ်ရဲ့ ခဲဆွဲနောက်ခံလူတွေဖြစ်တဲ့ ဒိုင်ယာနဲ့ လွန်ဂလေတို့ကို ကျော်ပြေးပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ စပါးစ်တို့ ဖိကစားလာခဲ့သလို ပွဲချိန် ၅၆ မိနစ်မှာတော့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဖြတ်တင်ဘောကို ရစ်ချာလစ်ဆန်နဲ့ ဟာရီကိန်းတို့ ဆက်တိုက်ဝင်တိုးပြီး ဘယ်သူမှ မရလိုက်ဘဲ မန်ယူခံစစ်နဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ပေါ်ရိုက မဖြစ်နိုင်တဲ့ ကန်ချက်မျိုးနဲ့ ကြုံသလိုကန်သွင်းယူသွားခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ စိတ်ဓာတ်တက်သွားတဲ့ စပါးစ်တို့ဘက်က ရစ်ချာလစ်ဆန်၊ ပေါ်ရိုနဲ့ ပါရီရှစ်ချ်တို့အစား ကူလူရှက်ဗ်စကီး၊ ဒန်ဂျူးမားနဲ့ ဒေးဗီးစ်တို့ကို ထည့်ပြီး သရေတစ်မှတ်ရဖို့ တင်ကစားလာခဲ့သလို မန်ယူတို့ဘက်ကတော့ အဲရစ်ဆန်၊ ဆန်ချို၊ အန်တိုနီနဲ့ ဝန်ဘစ်ဆာကာတို့အစား ဖရက်ဒ်၊ မာစီယယ်လ်၊ ဗက်ဂ်ဟော့စ်နဲ့ မာလာစီယာတို့ကို လဲပြီး နောက်တစ်ဂိုးထပ်ရဖို့ လုပ်ဆောင်လာခဲ့တာပါ။

ဒါပေမယ့် ကံကတော့ အိမ်ရှင်တွေဘက်မှာပဲ ရှိနေခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာတော့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က ခေါင်းတိုက်ချရာမှာနေ ဟန်ချက်ပျက်သွားတဲ့ မန်ယူနောက်တန်းကြားက ဘောလုံး ဆွဲယူသွားနိုင်ခဲ့တဲ့ ဟာရီကိန်းက ညာခြမ်းကနေ အဝေးတိုင်ဘက်ကို အနိမ့်ဘော ဖြတ်ပို့ရာမှာ ဆွန်ဟောင်မင်က ပါးပါးနပ်နပ် ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးစီသရေဖြစ်နေခဲ့ချိန်မှာ စပါးစ်တို့ ထပ်တင်ကစားနိုင်ခြင်း မရှိတော့သလို မန်ယူတို့ကလည်း ဖန်တီးမှုပိုင်းမှာ အားနည်းခဲ့လို့ နှစ်ဖက်စလုံး ဂိုးထပ်သွင်းဖို့ မဖြစ်နိုင်ကြတော့ဘဲ ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုးစီ သရေကျခဲ့ချိန်မှာ မန်ယူတို့ အဆင့် ၄ ကို ဆင်းပေးလိုက်ရသလို စပါးစ်တို့ကတော့ အဆင့် ၅ ကနေ မကြာခင် ဖယ်ပေးရမယ့် အနေအထားကို ရောက်ရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.