Match Report Premier League

အာဆင်နယ်တို့ ခွက်ပျောက်ပွဲကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပေးခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့ပွဲကို တည်တည်ငြိမ်ငြိမ်ပဲ ကစားလာခဲ့ပြီး ပွဲအစမှာ အာဆင်နယ်တို့ကို ဘောလုံး ပေးကိုင်ခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို ပွဲချိန် ၆ မိနစ်မှာကတည်းက တန်ပြန်တိုက်စစ်ကနေ ဟားလန်းရဲ့ ဖန်တီးမှုကို ဒီဘရိုင်းနားက အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဘောကောက်လုပ်စားဖို့ ပိုကောင်းတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်က အဘိုးကြီးစတိုင်နဲ့ ဖမ်းပြီး မမိလိုက်တာကြောင့် ဂိုးစရခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ ပိုလီယိုက အဘခေါ်ရအောင်ဖြစ်နေခဲ့သလို ချာကာနဲ့ ပါတေးတို့က သုံးမရလောက်အောင် ပျက်စီးနေခဲ့ပြီး ဟိုးလ်ဒင်းရဲ့ နှေးကွေးမှုနဲ့ ဂျေဆူးစ်၊ ဇင်ချန်ကိုတို့ရဲ့ အငုံ့စိတ်နဲ့ ကစားနေပုံတွေက ပြဿနာဖြစ်နေခဲ့သလို ဆာကာနဲ့ မာတီနယ်လီတို့ကတော့ စီနီယာတွေတောင် ဘာမှ မလုပ်နိုင်ခဲ့ချိန်မှာ တောင်ပံမှာ အသံတိတ်သွားခဲ့တာပါ။

ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကနေ အာဆင်နယ်တို့ရဲ့ လူကျွံထောင်ချောက်ကို ကျော်ပြေးသွားနိုင်ခဲ့တဲ့ ဂျွန်စတုန်းစ်က ခေါင်းတိုက်သွင်းယူခဲ့ရာမှာ အင်္ဂလိပ်တွေ ဆိုရိုးအရ Sitting Duck (ဗမာလိုဆိုရင်တော့ ခံဖတ်ကြီး)ဖြစ်နေတဲ့ ရမ်းစ်ဒေးလ် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရလို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ မသိရင် နှစ်ရက်ကို တစ်ပွဲကစားနေခဲ့ရတဲ့ အမူအယာနဲ့ စိတ်ဓာတ်ပိုင်းမှာပါ ညံ့ဖျင်းလွန်းခဲ့သလို အသင်းကို မောင်းနှင်မယ့်သူမျိုး မရှိဘဲ ကစားကွက်ကိုလည်း တိုက်စစ်ပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ် ဦးဆောင်မယ့်သူမျိုး မရှိတာက သိသာလွန်းနေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဘာမှ ထူးခြားမလာခဲ့သလို အမြန်နှုန်းချင်း၊ ဆုံးဖြတ်ချက်ချင်း၊ နားလည်မှုချင်းတွေမှာ မန်စီးတီးတို့ရဲ့ ခြေဖျားကိုတောင် မမီခဲ့တာပါ။

ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ အော်ဒီဂွါဒ်ရဲ့ အသုံးမကျတဲ့ နောက်ပြန်ပေးမှုကနေ ဒီဘရိုင်းနားက ဖြတ်ယူပြီး ဟားလန်းကို‌ ပေးခဲ့ရာမှာ ဟားလန်းက ဆွဲယူပြီး ဧရိယာထဲကို ပြန်ခင်းပေးတဲ့ ဘောလုံးကို ဒီဘရိုင်းနားကပဲ ဟိုးလ်ဒင်းရဲ့ ခြေထောက်ကြားကနေ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ သုံးစားမရတဲ့ ချာကာ၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်၊ ဆာကာနဲ့ ဂျေဆူးစ်တို့အစား ဂျော်ဂျင်ညို၊ ထရော့ဆတ်၊ စမစ်ရိုး၊ နယ်လ်ဆန်နဲ့ နကီးတီးယားတို့ကို ထည့်ခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာတော့ ထောင့်ကန်ဘောက ပြန်ထွက်လာတာကို ဂါဘရီယယ်လ်နဲ့ အပေးအယူလုပ်ပြီး ထရော့ဆတ် ချပေးတဲ့ ဘောလုံးကို ဟိုးလ်ဒင်းက ဧရိယာထဲကနေ ကန်သွင်းယူခဲ့လို့ အရှက်ပြေတစ်ဂိုးပြန်ရခဲ့တာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ မန်စီးတီးတို့ကပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ အာဆင်နယ်တို့ရဲ့ လေထဲမှာ သုံးစားမရမှုကို အခွင့်ကောင်းယူပြီး လျှပ်တစ်ပြက် တိုက်စစ်ဆင်ခဲ့ရာကနေ ဖိုဒန်က လိုက်လံရယူပြီး ခင်းပေးတဲ့ ဘောလုံးကို ဆံပင်ဖားလျားနဲ့ ကစားနေတဲ့ ဟားလန်းက အနိမ့်ဘော ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့က အာဆင်နယ်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ ပွဲဖြတ်ပြီး ခွက်ပျောက်ရာသီကို ဖန်တီးပေးလိုက်သလို ဥစ္စာရင်း မှန်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ထပ်မံကာကွယ်နိုင်ဖို့ သေချာသွားခဲ့ပြီး အသင်းကြီးဆိုတာ စစ်မျက်နှာအရပ်ရပ် ပြိုင်ပွဲစုံမှာ ဘယ်လို ကစားရတယ်ဆိုတာ ပညာကောင်းကောင်း ပေးသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.