Match Report Premier League

ခြစ်ခြစ်တောက်ပူတဲ့ နွေမှာ ငှက်ကျားတွေကြောင့် ခြောက်တစ်နဲ့ ကြက်ကင်ဖြစ်သွားတဲ့ စပါးစ်

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဖာဘီယန်ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ ဂျိုလင်တန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် တော့တင်ဟမ်ဟော့စပါးအသင်းကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ရိုမဲရိုး၊ ဒိုင်ယာ၊ ပက်ဒရို ပေါ်ရိုနဲ့ ပါရီရှစ်ချ်တို့ကို အဝိုင်းထဲ လေးထောင့်ရိုက်ထည့်ပြီး 4 Back ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်နဲ့ ပါပီ မာတာ ဆားရ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ကွန်တီကို ဆက်ခံတဲ့ ယာယီနည်းပြ စတယ်လီအနေနဲ့ အစွမ်းရှိကြောင်း ထုတ်ကြွားချင်လို့လား ပန်းထိမ်မတတ်ဘဲ ရွှေခိုးသင်တာလားတော့ မသိဘဲ စပါးစ်အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ခံစစ်လေးယောက်တန်းကို ပြန်လည်တည်ဆောက်ပြီး ကွင်းလယ်မှာ အတုံးလိုက် အတစ်လိုက် ပိတ်ဆို့ဖို့ ကြိုးစားခဲ့ရာမှာတော့ ငှက်ကျားတွေကဆီက ဟဟကိုပဲ ရသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂ မိနစ်မှာကတည်းက နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂျိုလင်တန်ရဲ့ တစ်ကိုယ်တော် အစွမ်းနဲ့ အတွင်းကို ချိုးဝင်လာမှုကို ဟိုလူလိုလို ဒီလူလိုလိုနဲ့ တားဆီးမယ့်သူ မရှိတဲ့ စပါးစ်ခံစစ်ကြောင့် အနိမ့်ဘော အကန်ခံခဲ့ရပြီး လိုရစ်က ပုတ်ထုတ်ခဲ့ပေမယ့် ပြေးဝင်လာတဲ့ မာဖီက အလိုက်သင့်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာ ငှက်ကျားတွေပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ ရှားက စပါးစ်ဂိုးရှေ့ကို လှမ်းမ,ပေးခဲ့တဲ့ ဘောလုံးကို ဧည့်သည်တွေရဲ့ ခပ်ညံ့ညံ့ ဗဟိုခံစစ်မှူးနှစ်ယောက်ဖြစ်တဲ့ ရိုမဲရိုးနဲ့ ဒိုင်ယာတို့ကြားကနေ လူကျွံထောင်ချောက်ကို ကျော်လွှားသွားခဲ့တဲ့ ဂျိုလင်တန်က ဂိုးသမား လိုရစ်ကိုပါ ကျော်ဖြတ်ပြီး ချိုးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ တတိယဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဆွန်ဟောင်မင်ဆီကနေ ဖျက်ထုတ်နိုင်ခဲ့တဲ့ ရှားကြောင့် ကွင်းလယ်မှာ ဘောလုံးပြန်ရသွားတဲ့ မာဖီက စပါးစ်ခံစစ်က မတားဆီးနိုင်ခင်မှာပဲ ဧရိယာထိပ်က လှမ်းကန်ခဲ့ရာမှာ ဂိုးသမား လိုရစ် ကြောင်နေခဲ့တာကြောင့် ဆယ်မိနစ် မပြည့်ခင်မှာပဲ သုံးဂိုးရသွားခဲ့တာပါ။

စပါးစ်တို့ရဲ့ ခံစစ်နဲ့ ကွင်းလယ်ကတော့ လုံးဝကို လမိုင်းမကပ်ဘဲဖြစ်နေခဲ့ပြီး ခံစစ်သုံးယောက်နဲ့ ကစားနေကျ နောက်တန်းအနေနဲ့ လိုအပ်တဲ့ နေရာယူပုံမျိုးကို မလုပ်ဆောင်နိုင်ခဲ့သလို ကွင်းလယ်မှာ လူတစ်ယောက် ပိုထည့်ထားခဲ့ပေမယ့် အဖျက်ရော အဖြန့်မှာပါ အဖြစ်မရှိခဲ့တာကြောင့် အိမ်ရှင် ငှက်ကျားတွေကပဲ ကြက်သံပုံးကင်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံအားပေးသွားခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဝီလော့ခ်က ကွင်းလယ်ကနေ ဂိုးရှေ့ကို လှမ်းခင်းပေးခဲ့ရာမှာ မက်ဂွိုင်းယား အဘခေါ်ရမယ့် ဒိုင်ယာက ခဲဆွဲထားသလို လေးလံနေခဲ့ချိန်မှာ တိုက်စစ်မှူး အီဆက်ခ်က ထိန်းသိမ်းရယူပြီး ဂိုးသမား လိုရစ်နဲ့အတွေ့မှာ အနိမ့်ဘော ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာ နယူးကာဆယ်တို့ပဲ ပဉ္စမ အနိုင်ဂိုးနဲ့ မညှာမတာ နှိပ်စက်ခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ လောင်းစတပ်ဖ်က ဂိုးရှေ့ကို ချိုးပေးဖို့ လုပ်ရာမှာ စပါးစ်ခံစစ်နဲ့ထိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို နောက်က‌ လိုက်လာတဲ့ အီဆက်ခ်က ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ စုတ်ပြတ်ပျက်စီးနေတဲ့ လိုရစ်က မကာကွယ်နိုင်ခဲ့လို့ စောစောစီးစီး ငါးဂိုးအထိ ပေးခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီတော့မှ သူ့ရဲ့ ပေါတောတော အတွေးအခေါ်တွေ အလုပ်မဖြစ်မှန်း နောင်တရသွားခဲ့တဲ့ စတယ်လီနီအနေနဲ့ ကွင်းလယ်က ဆားရ်အစား ဒေဗင်ဆင် ဆန်ချက်ဇ်ကို ထည့်ခဲ့သလို နယူးကာဆယ်လ်တို့လည်း အားနာသမှုနဲ့ ကစားအား လျှော့ချခဲ့တာကြောင့် ဖုန်းတစ်ဂိုး လိုရစ်လည်း အနားရခဲ့ပြီး ဝီလော့ခ်ရဲ့ ဖြုန်းတီးမှုတွေကြောင့်လည်း ဂိုးထပ်မရခဲ့ဘဲ ပထမပိုင်းကတော့ ငါးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ လိုရစ်အစား ဂိုးစောင့်ဖို့ ဖော်စတာကို စပါးစ်တို့ လဲလှယ်သွားခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ အရှက်ပြေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့သလို ကွင်းလယ်ကနေ ဟွိုင်ဘယာ့ဂ် ပေးတာကို ဟာရီကိန်းက ပြန်ဆင်းဖို့ နောက်ကျနေခဲ့တဲ့ ထရစ်ပီယာကြောင့် ဖြစ်နေတဲ့ ဘယ်ခြမ်း ကွက်လပ်ကနေ တောက်လျှောက်ဆွဲယူပြီးမှ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား နစ်ခ် ပုပ် မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့ဘက်က ဟက်ထရစ် ရမလိုလို ဘာလိုလိုနဲ့ လောတွေကြီးပြီး လွဲချော်နေခဲ့ကြတဲ့ မာဖီနဲ့ အီဆက်ခ်တို့ကို ထုတ်ပြီး အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို ထည့်သွင်းသွားခဲ့ကြသလို ပွဲချိန် ၆၇ မိနစ်မှာတော့ ကွင်းထဲ ရောက်လို့ တစ်မိနစ်သာ ရှိသေးတဲ့ ဝီလ်ဆန်က အယ်လ်မီရွန်ရဲ့ ကန်ချက် လူထိထွက်လာတာကို အနီးကပ် ပိတ်သွင်းပြီး ဂိုးဒါဇင်ဝက်ပြည့်အောင် ဖြည့်ဆည်းပေးသွားခဲ့တာပါ။

အိမ်ရှင်တွေဘက်က ထရစ်ပီယာ၊ ဘရူနို ဂီမာရိုင်းစ်နဲ့ ရှားတို့အစား မန်ကီးယို၊ ဂေါ်ဒန်နဲ့ လာဆယ်လက်စ်တို့ကို ထည့်သွင်းသွားခဲ့ကြပြီး ဧည့်သည်တွေဘက်ကတော့ ကူလူရှက်ဗ်စကီးနဲ့ ဆွန်ဟောင်မင်တို့အစား ဒန်ဂျူးမားနဲ့ ရစ်ချာလစ်ဆန်တို့ကို လဲပြီး ဂိုးထပ်ရမလားလို့ ကြိုးစားခဲ့ပေမယ့် စပါးစ်တို့ကတော့ ဒီနေ့ပွဲမှာ အစွမ်းမဲ့ဇုန်ကိုပဲ ရောက်နေခဲ့တာကြောင့် ခြစ်ခြစ်တောက်ပူတဲ့ နွေရာသီမှာ ခြောက်တစ်နဲ့ မှောက်ပစ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချန်ပီယံလိဂ် ဝင်ဦးမလားလို့ မတန်မရာ မျှော်လင့်နေတဲ့ စပါးစ်တို့ မျက်နှာကို ဓားနဲ့လှီးချင်လောက်အောင်ဖြစ်သွားခဲ့ရသလို အဆင့် ၅ နဲ့ ယူရိုပါလိဂ်ကစားဖို့လည်း မသေချာတော့ဘဲ အက်စ်တန်ဗီလာ၊ လီဗာပူးလ်နဲ့ ဘရိုက်တန်တို့ရဲ့ ဖိအားတွေနဲ့ ဒီပရက်ရှင် ဝင်ခဲ့ရချိန်မှာ နယူးကာဆယ်လ်တို့ကတော့ အဆင့် ၄ က ဘယ်မှ ပြေးမလွတ်ဘူးလို့ ကြုံးဝါးသွားနိုင်ခဲ့တာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.