Carabao & FA Match Report Premier League

မာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့ ရှက်ဖီးလ်ကို ထုပြီး FA မှာ ဗိုလ်လုပွဲတက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ လာပေါ့တ်နဲ့ ဆာဂျီယို ဂိုမက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ အယ်လ်ဗာရက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဟားလန်းနဲ့ မာရက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်ဟောင်း ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ အာမက်ဟော့ဂျစ်၊ အီဂန်၊ ရော်ဘင်ဆန်၊ ဘောလ်ဒေါ့ခ်နဲ့ မက်စ်လိုးတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ နော်ဝုဒ်၊ ဘာဂါနဲ့ ဖလက်ခ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဂျက်ဘီဆန်နဲ့ အန်ဒီယာယေးတို့ကို တွဲဖက်ပေးခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ဘယ်လိုမှ အစားထိုးဖို့ မဖြစ်နိုင်တဲ့ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဂျွန်စတုန်းစ်၊ ရူဘင် ဒီယက်စ်နဲ့ အီဒါဆန်တို့လို ကစားသမားတွေကို အာဆင်နယ်နဲ့ပွဲအတွက် အနားပေးထားခဲ့ချိန်မှာ ရှက်ဖီးလ်ဒ်တို့ကတော့ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရခင်က ကစားသမားတွေထဲကနေ ကိုးဦးအထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ချန်ပီယံရှစ်ကနေ တန်းပြန်တက်နိုင်ဖို့လည်း အခြေအနေကောင်းနေခဲ့တာဖြစ်ပါတယ်။

ရှက်ဖီးလ်ဒ်တို့အနေနဲ့ ခံစစ်နဲ့ ကွင်းလယ်မှာ ကစားသမား ရှစ်ဦးအထိ သုံးစွဲသွားခဲ့တာကြောင့် ဒီဘရိုင်းနား မပါတဲ့ မန်စီးတီးတို့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး မာရက်ဇ်နဲ့ ဂရီးလစ်ရှ်တို့ ရုန်းကန်နေခဲ့ရသလို ဟားလန်းကတော့ တိုင်ပတ်နေခဲ့ပြီး သူ့အနေနဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်ဖန်တီးရှင်ကို မှီခိုနေခဲ့ရတာလည်း သိသာသွားခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘာနာဒို ဆေးလ်ဗားကို ဘောလုံးမထိဘဲ သိမ်းဖျက်ခဲ့တဲ့ ရှက်ဖီးလ်ဒ်လူငယ်တိုက်စစ်မှူး ဂျက်ဘီဆန်ရဲ့ အမှားကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို မာရက်ဇ်က ဂိုးသမား ဖိုဒါရင်ဟမ် ဒိုက်ပစ်တဲ့ဘက်နဲ့ တခြားစီဖြစ်တဲ့ ညာဘက်တိုင်ခြေကို အသာအယာ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ မန်ချက်စတာစီးတီးတို့က ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ဘဲ ဘောလုံးကိုင်ပြီး ဖိကစားနေခဲ့ကြသလို ဆာဂျီယို ဂိုမက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဟားလန်း အသုံးမချနိုင်ဘဲ ဘေးချော်ကန်ခဲ့တာကြောင့် ဒုတိယဂိုးနဲ့ လွဲခဲ့ရတာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မက်စ်လိုးရဲ့ ဝါးနုက ဝါးရင့်ကို ပတ်ချင်တဲ့ အလိမ်အခေါက်မျိုးနဲ့ ကမျော့ခဲ့ရာမှာ မာရက်ဇ်က ဖြတ်လုပြီး တောက်လျှောက်ဆွဲပြေးပြီးမှ နားလည်မှုလွဲနေတဲ့ ရှက်ဖီးလ်ဒ်ခံစစ်ကြားကနေ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး အနိမ့်ဘော ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ မန်စီးတီးတို့ရဲ့ တတိယဂိုးကို မာရက်ဇ်ကပဲ သူ့ရဲ့ ဟက်ထရစ်အဖြစ် သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အပေးအယူလုပ်ပြီး တောင်ပံကို ချပေးရာမှာ ဂရီးလစ်ရှ်က ဘယ်ခြမ်းကနေ အတွင်းပြန်ဝင်လာပြီး ဧရိယာထဲကို အနိမ့်ဘော ခင်းပေးတာကို အယ်လ်ဂျီးရီးယားတိုက်စစ်မှူးက မနားတမ်း ကန်သွင်းပြီး ဂိုးသမား ဖိုဒါရင်ဟမ်ကို အနိုင်ယူသွားခဲ့တာပါ။

အက်ဖ်အေဖလားရဲ့ ဆီမီးဖိုင်နယ်မှာ ပထမဆုံး ဟက်ထရစ်ဖြစ်ခဲ့တဲ့ မာရက်ဇ်ရဲ့ အစွမ်းနဲ့ မန်စီးတီးတို့ အနိုင်သေချာသွားခဲ့အပြီးမှာတော့ ဂရီးလစ်ရှ်၊ ဟားလန်း၊ ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့အစား ပါးလ်မား၊ ဖိုဒန်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ရီကို လူးဝစ်တို့ကို ထည့်သွင်းပြီး အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အနားပေးသွားခဲ့ကြသလို ပွဲကို ထိန်းကစားခဲ့ပြီး ရှက်ဖီးလ်ဒ်တို့ ဘာမှ တုံ့ပြန်နိုင်စွမ်းမရှိအောင် ထိန်းချုပ်သွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး အက်ဖ်အေဖလားရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့သလို ဝင်ဘလီကွင်းကြီးမှာ ကစားရမယ့် ပွဲစဉ်အတွက် တနင်္ဂနွေနေ့မှာ ရင်ဆိုင်ကြမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်က အနိုင်ရသူကို စောင့်စားနေခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.