Match Report Premier League

ဖောရက်စ်ရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် အိမ်ကွင်းမှာ ကပ်အနိုင်ယူခဲ့ရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ကားတစ်ဂျုံးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂျိုတာနဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

တန်းဆင်းဇုန်က ဧည့်သည် ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ နီယာခါတေး၊ ဖလိပီနဲ့ မက်ကင်နာတို့ကို နေရာချခဲ့ပြီး ကွင်းလယ်မှာတော့ ဖရွိုင်လာ၊ မန်ဂါလာ၊ ဒါနီလို၊ ဂစ်ဘ်စ်-ဝှိုက်၊ နီကို ဝီလီယမ်စ်နဲ့ ရီနန် လိုဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဝိုနီယီကို တင်ကစားလာခဲ့တာပါ။

အန်းဖီးလ်ကို အမှတ်ရှာဖို့ လာခဲ့တဲ့ ဖောရက်စ်တို့အနေနဲ့ ကွင်းလယ်မှာ ခြောက်ယောက်အထိ ထားပြီး ပိတ်ဆို့ကစားဖို့ ကြိုးစားလာခဲ့သလို သူတို့အသင်းမှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့သူတွေအဖြစ် တောင်ပံသမား နီကို ဝီလီယမ်စ်နဲ့ တိုက်စစ်မှူး အဝိုနီယီတို့က ပါဝင်လာခဲ့ပြီး ဧည့်သည်နည်းပြ စတိဗ် ကူးပါးအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုထက် ကောင်တာကိုပဲ အသားပေးသွားခဲ့တာဖြစ်ပါတယ်။

အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖန်တီးမှုတွေကနေ ဗန်ဒိုက်ရဲ့ ဂိုးဝင်နိုင်လောက်တဲ့ အပိုင်ခေါင်းတိုက်ချက်ကို ဖောရက်စ်ဂိုးသမား နာဗက်စ်က အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပုတ်ထုတ်သွားခဲ့သလို ဂက်ခ်ပိုရဲ့ ပိတ်သွင်းမှုကိုလည်း နီကို ဝီလီယမ်စ်က ဂိုးစည်းရှေ့ကနေ ရှင်းထုတ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အာနိုးလ်ဒ်ရဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဖာဘင်ညိုက ဂိုးရှေ့ကို ခပ်စောင်းစောင်းလေး ခေါင်းတိုက်သွင်းဖို့ ကြိုးစားတာကို ဖောရက်စ်ခံစစ်က ရှင်းထုတ်နိုင်မယ့် အနေအထားမှာ ရှိနေခဲ့ပေမယ့် အကွက်မြင်လွန်းတဲ့ ဂျိုတာက ကြားဖြတ်ပြီး ခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ရဲ့ ဦးဆောင်မှုက လေးမိနစ်သာ ခံလိုက်ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဖောရက်စ်တို့ ချေပဂိုးသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ ရလာတဲ့ ဘောလုံးကို ဂစ်ဘ်စ်-ဝှိုက်က ညာတောင်ပံကို ထိုးပေးရာမှာ နောက်က ပြေးဝင်လာခဲ့တဲ့ နီကို ဝီလီယမ်စ်က အဝေးကနေ ကန်သွင်းရာမှာ ရောဘတ်ဆန်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အယ်လစ်ဆန် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဖရီးကစ်ကို ရောဘတ်ဆန် လှမ်းမ,ပေးရာမှာ ဖောရက်စ်တို့ရဲ့ ကရော်ကမယ် လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားနိုင်ခဲ့တဲ့ ဂျိုတာက ဧရိယာထဲမှာ ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီးမှ ဘယ်ခြေနဲ့ Volley ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ တန်းဆင်းဇုန် ရုန်းနေတဲ့ ဖောရက်စ်တို့ ဒုတိယ ချေပဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ နီယာခါတေးက ဂိုးရှေ့ကို Long Throw ပစ်တင်ပေးတာကို လီဗာပူးလ်ခံစစ်က ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဂစ်ဘ်စ်-ဝှိုက်က ဧရိယာထဲကနေ Volley ကန်သွင်းရာမှာ ကိုနာတေနဲ့ ရှပ်ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဒီပွဲရဲ့ ထူးခြားချက်အဖြစ် တစ်ဂိုးနဲ့တစ်ဂိုး အချိန်ကွာခြားချက် နည်းခဲ့တာက ရှေ့ဆက်ခဲ့ပြန်ပြီး လီဗာပူးလ်တို့ အနိုင်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တည်ကန်ဘောတွေကို ဘယ်လို ကာကွယ်ရမှန်း သိပုံမပေါ်တဲ့ ဖောရက်စ်ခံစစ်ကြားကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖြတ်တင်ဘော ကျလာခဲ့တာကို ဆာလားက အနီးကပ် ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က နော့တင်ဟမ်ဖောရက်စ်တို့ရဲ့ ရုန်းအားကို ထိန်းသိမ်းပြီး သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ပွဲရယူသွားခဲ့ကြသလို အဆင့်လေးကို ဝင်ရောက်ပြီး ချန်ပီယံလိဂ် ကစားခွင့်ရဖို့ မျှော်လင့်ချက်ကို အဆင့် ၇ ကနေ တစ်ထောက်နားရင်း ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ချိန်မှာ ဧည့်သည် သစ်ပင်တွေကတော့ လေးပွဲဆက် အရှုံးနဲ့ အဆင့် ၁၉ မှာ ဆက်လက်ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.