La Liga Match Report Premier League UCL&UEL

အပြောနဲ့အလုပ် ကိုက်ညီတဲ့ ဆီဗီလာကြောင့် ယူရိုပါလိဂ်က ထွက်ခဲ့ရတဲ့ မန်ယူ

ပြီးခဲ့တဲ့ ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာ မရှုံးအောင် ကစားနိုင်ရင် မန်ယူကို အလဲထိုးနိုင်ပြီလို့ အိမ်ကွင်းအားကိုးနဲ့ စိန်ခေါ်ထားခဲ့တဲ့ ဆီဗီလာတို့အနေနဲ့ အဝေးကွင်းမှာ အိုဂျီတွေကြောင့် သရေရခဲ့ချိန်မှာ အိမ်ကွင်းကစားရတဲ့ ဒုတိယအကျော့မှာတော့ လိုချင်တဲ့ ဂိုးပြတ်ရလဒ်ကို ရယူပြီး အပြောအလုပ် ကိုက်ညီမှုနဲ့အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အိမ်ရှင် ဆီဗီလာတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဘာဒေ၊ မာကာအို၊ ဟေဆူး နာဗက်စ်နဲ့ အကူးညားတို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဖာနန်ဒို၊ ဂူဒယ်လ်နဲ့ ရာကီတစ်ချ်တို့ရဲ့ ဝါရင့်စုဖွဲ့မှုကို တွေ့မြင်ခဲ့ရသလို တိုက်စစ်မှာတော့ အိုကမ်ပို့စ်၊ လာမယ်လာနဲ့ အန်နက်ဆီရီတို့ကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် မန်ယူတို့ကတော့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး အရင်က အလှူပေးနေကျ လူတွေ ပြန်ဖြစ်သွားခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဆာဘစ်ဇာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဆန်ချိုနဲ့ မာစီယယ်လ်တို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈ မိနစ်မှာကတည်းက ဆီဗီလာတို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒဟေးယားက မက်ဂွိုင်းယားဆီကို အပေးမှာ သုံးယောက် ထောင်ချောက်နဲ့ ပိတ်ဆို့ပြီး လုယူနိုင်ခဲ့တဲ့ လာမယ်လာရဲ့ တားဆီးမှုကနေ ထွက်လာတဲ့ ဘောလုံးကို အန်နက်ဆီရီက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်တိုင်ခြေကို အလျင်အမြန် ကန်သွင်းယူသွားခဲ့တာပါ။

အိုးလ်ထရက်ဖို့ဒ်မှာ ရူးမိုက်စွာ အဝါယူခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် မပါနိုင်ခဲ့လို့ ကွင်းလယ်နဲ့ ဖန်တီးမှုပိုင်းမှာ တိုင်ပတ်နေခဲ့ရတဲ့အထဲမှာ ဒဟေးယားရဲ့ အမြော်အမြင် နည်းလွန်းတဲ့ လူပေးမှုက ခေါင်းကြီး မက်ဂွိုင်းယားကို နာမည်ပိုပျက်စေခဲ့ပြီး ဧည့်သည်တွေ ဘောလုံးကိုင်ကစားနေခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို အိမ်ရှင်တွေကတော့ ကောင်တာနဲ့ ဘောလုံးရတိုင်း တိုက်စစ်ကို အမြန်ဆုံးသွားပြီး ခြိမ်းခြောက်နေခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာ အိုကမ်ပို့စ်က ဧရိယာအစပ်က အပြင်းကန်ချက်နဲ့ ဂိုးသွင်းခဲ့ပေမယ့် တိုက်စစ်စတင်ချိန်မှာ အကူးညား လူကျွံနေခဲ့လို့ မန်ယူတို့ သက်သာခဲ့ရသလို သူတို့တွေရဲ့ တိုက်စစ်ပိုင်းကတော့ ဘာမှ အားရစရာ မရှိခဲ့ဘဲ မာစီယယ်လ်နဲ့ တောင်ပံက ဆန်ချို၊ အန်တိုနီတို့ အစေးမကပ်ခဲ့လို့ ပထမပိုင်းမှာ ဆီဗီလာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ယူနိုက်တက်တို့ဘက်က ဝန်ဘစ်ဆာကာနဲ့ ဆန်ချိုတို့အစား လုခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့ ဝင်လာခဲ့ကြသလို တိုက်စစ်ကို အလုပ်ပြန်ဖြစ်နိုင်ဖို့ နည်းပြ တန်ဟတ်က အပြောင်းအလဲလုပ်လာခဲ့ပေမယ့်လည်း ဆီဗီလာတို့ရဲ့ တစ်ချက်ကောင်း ထိုးဖောက်မှုတွေကပဲ အန္တရာယ် ပိုပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာတော့ ဆီဗီလာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ရာကီတစ်ချ် ကန်တင်ပေးရာမှာ လူကပ်ပုံအားနည်းတဲ့ မန်ယူခံစစ်ကြောင့် ဆာဘစ်ဇာရဲ့ ရှေ့ကို ပြေးထွက်လာနိုင်ခဲ့တဲ့ နောက်ခံလူ ဘာဒေက ခပ်ပြင်းပြင်း ခေါင်းတိုက်ပြီး ဂိုးသမား ဒဟေးယားကို အနိုင်ယူသွားခဲ့တာပါ။

မန်ယူတို့ဘက်က မာစီယယ်လ်၊ ဆာဘစ်ဇာနဲ့ အဲရစ်ဆန်တို့အစား ဗက်ဂ်ဟော့စ်၊ ဖရက်ဒ်နဲ့ အီလန်ဂါတို့ကို ထည့်သွင်းပြီး တိုက်စစ်မြင့်လာခဲ့သလို နှစ်ဂိုးအသာရထားပြီဖြစ်တဲ့ ဆီဗီလာတို့ကတော့ ခံစစ်ကိုပဲ အားပြုသွားခဲ့ကြပြီး လာမယ်လာနဲ့ အကူးညားတို့အစား ဘရိုင်ယန် ဟေးလ်နဲ့ အဲလက်စ် တဲလက်စ်တို့ကို လဲကစားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ မန်ယူတို့ အသည်းကွဲစေမယ့် တတိယဂိုးကို ဆီဗီလာတို့ သွင်းယူသွားနိုင်ခဲ့ပြီး ခံစစ်ကနေ အကူးညား ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို လင်ဒီလော့ဖ်နဲ့အပြိုင် ပြေးလိုက်တဲ့ အန်နက်ဆီရီကို စိုးရိမ်ပြီး ရှေ့ထွက်ရှင်းတဲ့ ဒဟေးယား ဘောချော်တာကနေ ခူးပြီးခပ်ပြီးဖြစ်သွားတဲ့ အခွင့်အရေးကို မော်ရိုကိုတိုက်စစ်မှူးက ဘယ်ခြေနဲ့ အဝေးကနေ လှမ်းကန်သွင်းပြီး ကျေးဇူးတင်ကြောင်း ပြသနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဆီဗီလာတို့ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-နှစ်ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ဒဟေးယားနဲ့ မက်ဂွိုင်းယားတို့ သွေးသောက်ညီအစ်ကိုတွေ အတိုင်အဖောက်ညီခဲ့တဲ့ မန်ယူတို့ကတော့ ယူရိုပါလိဂ်ဖလားနဲ့ မထိုက်တန်ခဲ့ဘဲ ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.