UCL&UEL

အင်တာတို့ နောက်တဆင့်တက်ပြီး မီလန်ဒါဘီဖြစ်မယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်

အင်တာမီလန်နည်းပြ ဆီမီယွန်နီ အင်ဇာဂီက ၎င်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှုကို အိပ်မက်တစ်ခုအဖြစ် ပြောဆိုခဲ့ပြီး ၆ နှစ်အတွင်း ဗိုလ်လုပွဲတက်နိုင်တဲ့ ပထမဆုံး အီတလီအသင်းဖြစ်လာဖို့ အေစီမီလန်နဲ့ရင်ဆိုင်ရာမှာ အရာအားလုံးပေးပြီး တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အတွက် ပထမပိုင်း ၁၄ မိနစ်မှာ ဘာရယ်လာက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း ၃၈ မိနစ်မှာ ဖရက်ဒရစ် အောရှ်နက်စ်က ခေါင်းတိုက်ပြီး ပြန်လည်ချေပသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ လော်တာရို မာတီနက်ဇ်က အင်တာမီလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယာကွင်း ကော်ရီရာက ၇၈ မိနစ်မှာ အင်တာမီလန်အတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ဘင်ဖီကာကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိတော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း ပွဲပြီးဆုံးခါနီး ၈၆ မိနစ်မှာ အန်တိုနီယို ဆေးလ်ဗားနဲ့ ၉၅ မိနစ်မှာ ပီတာ မူဆာတို့က ချေပဂိုးတွေ ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အင်ဇာဂီဟာ ဘင်ဖီကာအသင်းနဲ့ ဗုဒ္ဓဟူးနေ့ညမှာ ၃-၃ သရေကျခဲ့ပြီး ၂ ကျော့ပေါင်း ၅-၃ နဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ၎င်းရဲ့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ကောင်လေးတွေလား။ သူတို့တွေက သမိုင်းဝင်ခဲ့ပါပြီ။ အဲဒါက သမိုင်းဝင်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေ လုပ်နေတာတွေ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာပြိုင်ပွဲ ၂ ခုစလုံးမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီမို့လို့ပါ။အီတလီလိဂ်မှာ ကျွန်တော်တို့ လမ်းမှာ ရမှတ်တွေ လျော့ကျခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲဒီလို ရမှတ်လျော့ကျခဲ့တဲ့ အများစုက ရူးသွပ်ချင်စရာ ပွဲချိန်စာရင်းကြောင့်ပါ။ ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နဲ့ ဩဂုတ်လတုန်းက တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့အချိန်တုန်းက ကျွန်တော်တို့က နောက်တဆင့်တက်ဖို့ အရမ်းကို အလှမ်းကွာခဲ့ပါတယ်။”

အင်တာမီလန်ဟာ ၂၀၁၀ ခုနှစ်မှာ ဥရောပဖလားကို ၃ ကြိမ်မြောက် အနိုင်ရရှိခဲ့ပြီး ဂျူဗင်တပ်အသင်းက ၂၀၁၅၊ ၂၀၁၇ ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး ရရှိခဲ့တဲ့ အီတလီကလပ်အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

မီလန် ၂ သင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ၂ ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၂-၂၀၀၃ ဆီမီး၊ ၂၀၀၄-၂၀၀၅ ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့ရာမှာ ၇ ကြိမ်အထိ ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ အေစီမီလန်က ၂ ပွဲစလုံးကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ ထိုက်တန်ခဲ့ပါတယ်။ အဲဒါက အိပ်မက်ပါ။ ဒါပေမယ့် အခု ကျွန်တော်တို့ ဒီမှာရှိနေပြီဖြစ်ပြီး ကျွန်တော်တို့ လိုချင်တဲ့အောင်မြင်မှုရအောင် ဘာတွေပဲ ပေးရပေးရ လုပ်သွားမှာပါ။ ကျွန်တော် ကောင်လေးတွေနဲ့ သူတို့ရဲ့ ခရီးလမ်းအတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ဘိုင်ယန်၊ ဘာဆာတို့နဲ့အတူ အရမ်းခက်ခဲတဲ့အုပ်စုကနေ စတင်ခဲ့ရပေမယ့် ကျွန်တော်တို့ ကောင်းမွန်ခဲ့တယ်။ ကျွန်တော်တို့တို့ အများကြီး အကူအညီပေးခဲ့တဲ့ ပရိသတ်တွေနဲ့ တစ်စုတစည်းတည်း စည်းလုံးညီညွတ်ခဲ့တယ်။ ကျွန်တော်တို့ အင်တာမီလန်မှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဒီလိုနေ့တွေမှာ နေထိုင်နိုင်ဖို့ နေ့တိုင်း အလုပ်လုပ်နေကြပါတယ်။ ဒီမှာရှိနေတဲ့အားလုံးအတွက် ဒီဒါဘီက ဘာကို ကိုယ်စားပြုလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်နေပြီး အကောင်းဆုံးပုံစံနဲ့ အဲဒီပွဲကို ကစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန်နဲ့ အေစီမီလန်တို့ဟာ မေလ ၁၀ ရက်နေ့ ဆန်စီရိုမှာ ဆီမီးဖိုင်နယ် ပထမအကျော့၊ မေလ ၁၆ ရက်နေ့မှာ ဒုတိယအကျော့ကို ကစားသွားမှာဖြစ်ပြီး အနိုင်ရရှိသူက ရီးရဲလ်မက်ဒရစ် သို့မဟုတ် မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.