Bundesliga Match Report Premier League UCL&UEL

သရေနဲ့ ဆီမီးတက်ခဲ့ပေမယ့် ဘိုင်ယန်ကို ဖိနှိပ်တဲ့ ဒိုင်ကြောင့် ဖီးလ်ကျဲခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘိုင်ယန်မြူးနစ်တို့ကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်၊ ပါဗတ်နဲ့ ဂျာအို ကန်ဆယ်လိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာနဲ့ မူစီယာလာတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ကိုမွန်၊ ဆာနေးနဲ့ ချူပို-မိုတင်းတို့ကို ကစားစေခဲ့တာပါ။

ဘိုင်ယန်တို့ ဘောလုံးကိုင်ပြီး ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ကွင်းလယ်က ဖန်တီးမှုအားနည်းခဲ့သလို မူစီယာလာကတော့ မန်ချက်စတာစီးတီးလို အသင်းမျိုးက ခံစစ်ဂျိုးတွေကို ရင်ဆိုင်ဖို့ နုလွန်းနေခဲ့တာကြောင့် တိုက်စစ်က အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု အားနည်းရတဲ့ကြားထဲ ပထမအကျော့ကလိုပဲ ဆာနေးရဲ့ ဖြုန်းတီးမှုတွေနဲ့ ကိုမွန်ရဲ့ လိုရာမရောက်တဲ့ ဖြတ်တင်မှုတွေကလည်း ရှေ့ဆက်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနောက်တန်းသုံးဦးကို ဖြိုခွဲဖို့အတွက် ချူပို-မိုတင်းမှာ အင်အားရော အမြန်နှုန်းပါ ရှိမနေခဲ့သလို ဒါက လီဗန်ဒေါ့ဗ်စကီးကို ရောင်းချပြီး ထိပ်တန်း နံပါတ် ၉ တစ်ဦး ပြန်ဝယ်ရမယ့်အစား ခေါင်းမာခဲ့တဲ့ ဘိုင်ယန်တို့ရဲ့ ပျက်ကွက်မှုဖြစ်သလို နည်းပြတွေကိုပါ ဒုက္ခရောက်စေခဲ့ပြီး ဒီကွက်လပ်ကို နာဂဲလ်စ်မန်းရော တူဟယ်လ်ပါ မဖြည့်ဆည်းတတ်ခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ လွတ်ထွက်သွားတဲ့ ဆာနေးရဲ့ ကန်ချက်က ဂိုးပေါက်မတည့်ခဲ့သလို တစ်မိနစ်အကြာမှာ ဟားလန်းကို နောက်ဆုံးအနေအထားကနေ တားဆီးတဲ့ အူပါမီကာနို အနီကတ်ထိပြီးမှ လူကျွံဘောဖြစ်နေခဲ့လို့ ပယ်ဖျက်ခံရပြီး ကံကောင်းသွားခဲ့သလို ဘိုင်ယန်တို့ရဲ့ ဖရီးကစ်ရနိုင်တဲ့ ဧရိယာထိပ်က ဖောင်းအတော်များများကို ပြင်သစ်ဒိုင် တာပန်က ပယ်ချသွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ ဂွန်ဒိုးဝမ်ရဲ့ ကန်ချက်ကနေ အူပါမီကာနိုရဲ့ လက်နဲ့ ထိမိတာကြောင့် မန်စီးတီးတို့ ပင်နယ်တီရခဲ့ပြီး ဒီဖြစ်ရပ်မှာ ဘိုင်ယန် ခံစစ်မှူးကို မလိုအပ်ဘဲ အဝါပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ လုပ်ရပ်က ဖိနှိပ်မှန်း သိသာလွန်းခဲ့သလို ပင်နယ်တီကို ဟားလန်း ကန်ရာမှာတော့ ဘားပေါ်ကျော်သွားခဲ့လို့ အိမ်ရှင်ပရိသတ်တွေ တစ်ခဲနက် အော်ဟစ်ခဲ့ကြတာပါ။

ဘိုင်ယန်တို့ ထိုးဖောက်နိုင်ခဲ့ပေမယ့် ဂိုးရှေ့ရောက်တာနဲ့ တိုင်ပတ်နေတဲ့ တိုက်စစ်နဲ့ တစ်ယောက်တည်း ချာလည်လည်နေတဲ့ ဆာနေးတို့ကြောင့် ဂိုးရဖို့တော့ မဖြစ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့သလို ဒုတိယပိုင်း ပြန်စချိန်မှာလည်း ကစားကွက်ကို စောစောစီးစီး ပြင်ဆင်သင့်ပေမယ့် နည်းပြ တူဟယ်လ်ကတော့ နှောင့်နှေးနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လိုတာထက်ပိုပြီး ရှေ့တက်ကစားတဲ့ ဘိုင်ယန်နောက်ခံ အလယ်လူနှစ်ဦးရဲ့ နေရာယူပုံတွေကြောင့် မန်စီးတီးတို့ ကောင်တာတွေကနေ အခွင့်အရေး ဖန်တီးနိုင်ခဲ့ကြပေမယ့် ဟားလန်းရဲ့ အနီးကပ်ကန်ချက် ဂိုးမဖြစ်ခဲ့သလို ဂိုးသမား ဆွမ်းမားရဲ့ ကာကွယ်မှုတွေကြောင့် သက်သာနေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒီဘရိုင်းနား ခင်းပေးတဲ့ ဘောလုံးကို ဟားလန်းက ဧရိယာထိပ်မှာ ရယူနိုင်ခဲ့တာကို ဝင်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ့်အရှိန် ကိုယ်မထိန်းနိုင်ဘဲ ချော်လဲတဲ့ အူပါမီကာနိုကြောင့် အလွတ်ကြီး ကန်ခွင့်ရသွားခဲ့ချိန်မှာ သူက ဂိုးသမား ဆွမ်းမားပေါ်ကနေ ခပ်ပြင်းပြင်း အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘိုင်ယန်တို့ဘက်က ကန်ဆယ်လို၊ ဆာနေး၊ ချူပို-မိုတင်း၊ မူစီယာလာနဲ့ ပါဗတ်တို့အစား အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ မာနေး၊ တဲလ်၊ မူလာနဲ့ စတန်နီရှစ်ချ်တို့ကို ထည့်သွင်းကစားခဲ့ပေမယ့် ကွင်းလယ်က ဖန်တီးမှု လုံးဝ မလုပ်နိုင်သလို ထက်မြက်တဲ့ အထောင်တိုက်စစ်မှူး မရှိတာကလည်း သူတို့တွေကို ဘာမှ မလုပ်နိုင်စေခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ သိက္ခာဆည် ချေပဂိုးကို ဘိုင်ယန်တို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖြတ်တင်ဖို့ ကြိုးစားတဲ့ မာနေးရဲ့ အားထုတ်မှုကို တားဆီးရင်း လက်ထိတဲ့ အာကန်ဂျီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ကွင်းလယ်လူ ကင်းမစ်ချ်က အီဒါဆန်ကို လှည့်စားကန်သွင်း ရယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်စီးတီးတို့ဘက်က အာကေ၊ ဟားလန်းနဲ့ ဒီဘရိုင်းနားတို့အစား လာပေါ့တ်၊ အယ်လ်ဗာရက်ဇ်နဲ့ ဝေါ်လ်ကာတို့ကို ထည့်သွင်းကစားပြီး ခံစစ်ကို အားပြုသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ တစ်ဂိုးစီသရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-တစ်ဂိုးနဲ့ ဘိုင်ယန်တို့ နောက်ကောက်ချခံခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.