Premier League UCL&UEL

ချဲလ်ဆီးကို ပြန်လာဖို့ တောင်းဆိုခံခဲ့ရတဲ့ ဟာဇက်

အီဒင် ဟာဇက်ဟာ အင်္ဂါနေ့က စတမ်းဖို့ဒ် ဘရစ်ချ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လာခဲ့ချိန်မှာ ချဲလ်ဆီးကို ပြန်လာဖို့အတွက် ပြောကြားခြင်းခံခဲ့ရပါတယ်။

ဟာဇက်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အနောက်လန်ဒန်ကို ပြန်လာခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ချဲလ်ဆီးဂန္တဝင်က အဝတ်လဲခန်းထဲကို ပြန်သွားခဲ့ရာမှာ ချဲလ်ဆီးအသင်း အလုပ်သမားတစ်ဦးက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို ပြန်လာခဲ့ပါလို့ တောင်းဆိုခဲ့တာကြောင့် လမ်းလျှောက်နေရင်းကနေ ခဏရပ်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ ဟာဇက်က အဝတ်လဲခန်းထဲကို ဝင်သွားခဲ့တာဖြစ်ပြီး ဂီလာမို ရိုင်းက “အီဒင်ရေ အမှတ်တရတွေ အများကြီးပဲလား”လို့ မေးမြန်းခဲ့ရမှာ အသက် ၃၂ နှစ်အရွယ် တောင်ပံကစားသမားက “အများကြီးပဲ။ ဟူး(သက်ပြင်းချသံ)။ ကောင်းတဲ့ အမှတ်တရတွေပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဟာဇက်ရဲ့ မှတ်ချက်က လူမှုကွန်ရက်ပေါ်က ချဲလ်ဆီး ပရိသတ်တွေအတွက် ပြောစရာ ဖြစ်ခဲ့ပြီး ပရိသတ်အများစုက ဘယ်လ်ဂျီယမ်ကြယ်ပွင့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့နေ့တွေကို စားမြုံ့ပြန်ခဲ့ကြသလို အချို့ကလည်း ပြန်လာခဲ့ဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “သူ ပြန်လာမှာပါ။ ငါ အဲဒါကို သိတယ်။”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “အိမ်ပြန်ခဲ့ပါ ငါ့ဘုရင်ကြီး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးမှာ ဆုဖလားအောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ ၇ ရာသီကို ကုန်ဆုံးခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ်အပြင်အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ချဲလ်ဆီးအတွက် သွင်းဂိုး ၁၁၀ သွင်းယူပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၁၀၃.၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.