Premier League

အာဆင်နယ်နဲ့ ဘရိုက်တန်တို့ပွဲက အငြင်းပွားမှုတွေအပြီး အပြောင်းအလဲလုပ်မယ့် VAR

ပရီးမီးယားလိဂ်ဟာ VAR စနစ်ကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး အဲဒီထဲက တစ်ခုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ ဒိုင်လူကြီးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိအောင် နောက်ထပ် ကင်မရာတွေ အင်အားဖြည့်တင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယခုရာသီမှာ VAR ဆုံးဖြတ်ချက် ၆ ခုအထိ မှားယွင်းခဲ့တယ်လို့ ဒီဇင်ဘာလမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ပွဲစဉ်တွေလည်း အပါအဝင် ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း နောက်ထပ် အမှားတွေ ရှိနေခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ဘရန့်တ်ဖို့ဒ်တို့ပွဲက မှားယွင်းစွာ ခွင့်ပြုခဲ့တဲ့ သွင်းဂိုးနဲ့ ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့မှာ သွင်းဂိုးကို မှားယွင်းပယ်ဖျက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

VAR စနစ်ဟာ သိသာထင်ရှားတဲ့ အငြင်းအခုံဖြစ်စရာ ကိစ္စရပ်ဖြစ်လာခဲ့ပြီး အချို့ကဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကနေ VARကို ဖယ်ရှားပစ်ဖို့တောင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပေမယ့်လည်း အဲဒီအစား လာမယ့်ရာသီမှာ အပြောင်းအလဲတွေ ပြုလုပ်သွားမယ့်ပုံပေါ်နေတာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ပရီးမိးယားလိဂ်ဟာ နောက်ထပ် ကင်မရာ ၄ လုံးအထိ ထပ်မံ တပ်ဆင်သွားဖို့ ထောက်ခံချက်ပေးခဲ့တယ်လို့ သိရပြီး အဲဒီကင်မရာ ၄ လုံးကို ပိုမိုကောင်းမွန်တဲ့ လူကျွံဆုံးဖြတ်ချက် ချမှတ်နိုင်အောင် ပင်နယ်တီ ဧရိယာအပြင်ဘက်မှာ ထားရှိသွားမှာဖြစ်တယ်လို့ သီရပါတယ်။

ကင်မရာတွေ ပိုများလာမှာဖြစ်တာကြောင့် သိမ်းငှက်မျက်လုံးစနစ်ကလည်း ပိုမို တိတိကျကျ အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်ရပြီး ဒီရာသီမှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေအပြင် ကင်မရာ နေရာယူပုံ လွဲချော်မှုကြောင့် ကစားသမားက လူကျွံလား၊ မကျွံဘူးဆိုတာကို ဆုံးဖြတ်ရာမှာ မရေရာမသေချာမှုတွေ ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ဆုံးဖြတ်ချက်ချမှတ်တဲ့ မြန်နှုန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနပေမယ့်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ ဆီမီးအော်တိုမိတ် လူကျွံစနစ်ကို စမ်းသပ်မှုတွေ ပြုလုပ်သွားမယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။ The Athletic ရဲ့ မှတ်ချက်ပြုချက်အရ အပြီးသတ် အပြောင်းအလဲကို ပြုလုပ်နိုင်ဖို့အတွက် ပရီးမီးယားလိဂ် အသင်း ၂၀ ထဲက အနည်းဆုံး ၁၄ သင်းဆီကနေ အားပေးထောက်ခံမှု ရရှိဖို့ လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လူကျွံဘောဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး VAR ဖြေရှင်းပုံကို ပြောင်းလဲမှာကို အားပေးမယ့်သူအချို့ ရှိနေပေမယ့်လည်း အခြား အငြင်းပွားမှုတွေ ဖြစ်နေတဲ့ နေရာတွေလည်း ရှိနေသေးတာ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နည်းပြ စတိဗ် ကူးပါးက တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားရဲ့လက်ကို ဘောလုံးထိမှန်ချိန်မှာ ကွင်းလယ်ဒိုင်ရော VAR ဒိုင်ပါ ပင်နယ်တီ ပေးသင့်တယ်လို့ မထင်ခဲ့ကြတဲ့ကိစ္စကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“အဲဒါက VAR အပေါ်မှာ ပြန်လည်စိစစ်ရမယ့် နောက်ထပ် ကြီးမားတဲ့အခိုက်အတန့်ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း အပြုသဘောမဆောင်တဲ့ ဆုံးဖြတ်ချက်တွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို ရှုံးရတဲ့ အကြောင်းအရင်းတော့မဟုတ်ပေမယ့်လည်း အဲဒါက ပင်နယ်တီ ဖြစ်ခဲ့ရမှာပါ။ ဟာရီ မက်ဂွိုင်းယားကို ဒုတိယမြောက် အဝါကတ်ပြခဲ့ရမှာပါ။ ကျွန်တော်တို့ ပင်နယ်တီသွင်းပြီး တစ်ဂိုးရခဲ့ရမှာပါ”

“ကျွန်တော် ဒီမှာထိုင်ပြီး အဲဒါက ကျွန်တော်တို့ ဒီနေ့ အနိုင်မရခဲ့တဲ့အကြောင်းအရင်းလို့ ပြောနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက အမှန်အတိုင်းပြောရရင် ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိခဲ့တယ်။ ကျွန်တော် ဒီမှာ ကိုယ့်လျှာကိုယ်ကိုက်ထားရတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကို ကျွန်တော်တို့ ရှိနေတဲ့ လိဂ်ရပ်တည်မှုနဲ့ ဘာကြောင့် ရှုံးနိမ့်ခဲ့ရလဲဆိုတဲ့အကြောင်းအရင်းအဖြစ် မသုံးချင်လို့ပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲဒါက ဆိုးရွားတဲ့ အမှားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.