Analysis Article Premier League

၃၈ ရက်၊ ၅၇ နာရီသာ ကစားရတဲ့ ပရီးမီးယားလိဂ်အတွက် အာဆင်နယ်တို့ ဘယ်လိုမှားခဲ့သလဲ

ပရီးမီးယားလိဂ် ပွဲစဉ်တွေကို တစ်ရာသီမှာ တစ်သင်းအနေနဲ့ ၃၈ ရက်မှာ ၃၈ ပွဲသာ ကစားရလေ့ရှိပြီး အချိန်အားဖြင့် ၃၄၂၀ မိနစ် = ၅၇ နာရီသာ ကြာမြင့်တာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လကနေ မေလအထိ ၁၀ လ ကစားရတာဖြစ်ပြီး ပျမ်းမျှရက်ပေါင်း ၃၀၀ မှာ ခုနက နာရီပေါင်း ၇၂၀၀ ရှိပြီး ခုနက ၃၈ ရက် သို့မဟုတ် ၅၇ နာရီကို နုတ်လိုက်ရင် ကျန်တဲ့ ၂၆၂ ရက် သို့မဟုတ် ၇၁၄၃ နာရီက ကွင်းပြင်မှာ ကုန်ဆုံးရတာပါ။

ပြောရရင်တော့ အဲ့ဒီ ၃၈ ရက်နဲ့ ၅၇ နာရီကို အကောင်းဆုံးကစားနိုင်ဖို့ ၂၆၂ ရက်နဲ့ ၇၁၄၃ နာရီမှာ ပြင်ဆင်ထားရပါတယ်။ နည်းစနစ်ပိုင်း၊ ဗျူဟာပိုင်း၊ လေ့ကျင့်ရေးပိုင်း၊ ကြံ့ခိုင်မှုပိုင်း၊ စီမံခန့်ခွဲမှုပိုင်း၊ ယုံကြည်မှု တည်ဆောက်မှုအပိုင်း၊ ကစားသမား လှည့်ပတ်သုံးစွဲရေးအပိုင်းလို့ အကြမ်းဖျင်း ခေါင်းစဉ်တပ်နိုင်ပြီး ဒါတွေမှာ အားနည်းချက် တတ်နိုင်သမျှ နည်းဖို့ လိုပါတယ်။

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၃၀ မတိုင်ခင်အထိ အကောင်းဆုံး အနေအထားမှာ ရှိခဲ့တယ်ဆိုပေမယ့် ဒဏ်ရာတွေရဲ့ ထိုးနှက်ချက်ကို အဓိက ခံခဲ့ရပြီး အထူးသဖြင့်တော့ နောက်ခံလူ ရော့ဘ် ဟိုးလ်ဒင်းဟာ ပရိသတ်တွေရော နည်းပြတွေပါ လိုချင်တဲ့ အဆင့်မျိုးမှာ ရှိမနေခဲ့သလို သိသာတဲ့ နှေးကွေးလေးလံမှုက ပြဿနာများစေခဲ့ပါတယ်။

မတ်လ ၁၆ ရက်ကတော့ အာဆင်နယ်ဖန်တွေ စတင်စိုးရိမ်ရတဲ့ နေ့လည်းဖြစ်ပြီး အသုံးမကျတဲ့ ရွေးချယ်မှုနဲ့ ဇဝေဇဝါ ပြင်ဆင်မှုတွေကြားမှာ လုံးဝမဖြစ်သင့်တဲ့ နှစ်ပြားမတန် ယူရိုပါလိဂ်မှာ နောက်ခံလူ ဝီလီယမ် ဆာလီဘာနဲ့ တာကဲဟီရို တိုမီယာစုတို့ကို လက်လွှတ်လိုက်ရသလို စပို့တင်း လစ္စဘွန်းကို ရှုံးပြီး ပြိုင်ပွဲကနေပါ ထွက်ခဲ့ရတာပါ။

ဒီပြိုင်ပွဲကို စိတ်မဝင်စားဘူးဆိုရင် သုံးရမယ့် လူတွေက ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဟိုးလ်ဒင်း၊ တီယာနီ၊ ကီဗီယာတို့ဖြစ်ပြီး ဂျပန်ကြီးကတော့ ကံမကောင်း အကြောင်းမလှလို့ နာသွားခဲ့တယ်ဆိုပေမယ့် ဆာလီဘာကတော့ လုံးဝကို အနားပေးထားရမယ့်သူဖြစ်ပြီး ဂျေဆူးစ်ကလည်း အရန်ခုံကနေ ဒုတိယပိုင်း ဝင်ကစားသင့်တဲ့သူဖြစ်ပါတယ်။

ပွဲက ဘာမှ အကျိုးမရှိဘဲ မိနစ် ၁၂၀ နဲ့ ပင်နယ်တီ ကန်ခဲ့ရသလို နောက်ထပ် အဓိက နောက်ခံလူ ဂါဘရီယယ်လ်တောင်မှ ဒဏ်ရာရသွားဖို့ နီးစပ်ခဲ့သေးပြီး သူသာ တစ်ခုခုဖြစ်သွားခဲ့ရင် အဲ့ဒီနေ့နောက်ပိုင်းမှာ အာဆင်နယ်တို့ ကွဲပြီလို့ ဆိုရမှာပါ။ ဆာလီဘာ မပါဝင်ချိန်မှာ မတ် ၁၉ ရက်နေ့က ပြန်စတဲ့ ပရီးမီးယားလိဂ် လေးပွဲဖြစ်တဲ့ ပဲလေ့စ်၊ လိဒ်စ်၊ လီဗာပူးလ်နဲ့ ဝက်စ်ဟမ်းတို့ကို တစ်ပွဲက Clean Sheet လည်းမရဘဲ ၆ ဂိုးအထိ ပေးခဲ့ရတာပါ။

အသင်းတစ်သင်းမှာ ယုံကြည်မှုနဲ့ ခြေစွမ်းပြနိုင်မှုကို တစ်ဆင့်ချင်း တည်ဆောက်ရပါတယ်။ ဂိုးသမားကို ယုံမှ ခံစစ်သမားက ကစားရဲမှာဖြစ်သလို ခံစစ်သမားကို ယုံမှ ကွင်းလယ်လူက ကစားရဲမှာပါ။ ရမ်းစ်ဒေးလ်ကို မယုံရတာကတော့ ရိုးနေချိန်မှာ ဆာလီဘာနေရာ ဝင်ကစားရတဲ့ ဟိုးလ်ဒင်းကို မယုံရလို့ ပါတေးရဲ့ Form က ကျဆင်းသွားခဲ့သလို ကွင်းလယ်စိုးမိုးမှုက လျော့ကျလာပြီး လီဗာပူးလ်နဲ့ပွဲမှာတော့ အဆိုးဆုံးဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်ဖန်တွေအနေနဲ့ ဧပြီလ ၂၆ ရက်နေ့မှာ ကစားရမယ့် မန်စီးတီးနဲ့ပွဲအမီ ဆာလီဘာကို ပြန်ပါစေချင်နေပြီး ဒီနေ့ထွက်လာတဲ့ သတင်းအရတော့ ဆာလီဘာ ပါနိုင်ဖို့ မရှိဘူးဆိုလို့ စိတ်ပျက်ခဲ့ရသလို ကျောဒဏ်ရာကို တစ်လအတွင်းမှာ မကုသနိုင်တဲ့ စီမံခန့်ခွဲမှုနဲ့ ဆေးအဖွဲ့ကတော့ အသုံးမကျလွန်းတာဖြစ်ပြီး နောက်ဆုံးနည်းနဲ့ ဆေးထိုးကစားဖို့ရော ယုံကြည်ရဲရင့်မှု မရှိခဲ့ဘူးလားလို့ မေးစရာလည်းဖြစ်ခဲ့တာပါ။

လေးလံလွန်းပြီး တောသားမြို့ရောက်ပုံစံနဲ့ ကစားနေတဲ့ ဟိုးလ်ဒင်းကြောင့် ပါတေး ပျက်စီးသွားခဲ့ချိန်မှာ ၃-၂-၄-၁ ပုံစံအဆန်းနဲ့ အကောင်းဆုံး ကစားပြနေတဲ့ မန်စီးတီးနဲ့ ပုံစံကောင်းရနေတဲ့ ဟားလန်းတို့ကို ထိန်းချုပ်ပြီး အနည်းဆုံး သရေရယူဖို့ ဖြစ်နိုင်မလားဆိုတာ နည်းစနစ်ပိုင်းအရ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ပဲ ပြောရမှာဖြစ်ပြီး ဖန်တွေအနေနဲ့ အကောင်းမြင်ဝါဒအရသာ တစ်ဖက်အသင်း ခြေစွမ်းမပြဖို့နဲ့ အငိုက်ဖမ်းနိုင်ဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

ဆောင်းပါးအစကလို ပြန်တွက်ကြည့်ရင် မတ်လ ၁၆ ရက်နေ့ကနေ ဧပြီလ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၄၀ မှာ အာဆင်နယ်တို့ ၄ ရက်၊ ၄ ပွဲနဲ့ မိနစ်ပေါင်း ၃၆၀၊ ၆ နာရီသာ ကစားထားပြီး ကျန်တဲ့ အားလပ်မှု ၃၆ ရက်၊ ၉၅၄ နာရီမှာ ဆာလီဘာကို မကုသနိုင်ဘဲဖြစ်နေတာကတော့ ဂယ်ရီ အိုဒရစ္စကိုးလ်တို့ရဲ့ ရှက်စရာကောင်းတဲ့ ဆေးအဖွဲ့ရဲ့ စွမ်းဆောင်ရည်လည်းဖြစ်ခဲ့ပါတယ်။

ဒီပုံစံမျိုးနဲ့ ကိုယ့်လူအင်အား၊ နောက်ခန်းထဲက စီမံခန့်ခွဲမှုကို မသိဘဲ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ အာဆင်နယ်တို့ရဲ့ ကမျော့လိုက်မှုက လက်ရှိအချိန်မှာတော့ ပက်ပက်စက်စက် ဒုက္ခရောက်စေခဲ့ပြီဖြစ်ပြီး ဆာလီဘာရဲ့ သတင်းသာ သတင်းမှန်ဆိုရင်တော့ ကွင်းထဲ ကစားမယ့် ၃၈ ရက်၊ ၅၇ နာရီအတွက် ၂၆၂ ရက်၊ ၇၁၄၃ နာရီက စီမံခန့်ခွဲမှု အမှားတွေဟာ ဖလားလက်မဲ့နဲ့ သင်ခန်းစာ ယူဖို့ပဲ ဖြစ်လာရဖို့ နီးစပ်နေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.