Analysis Premier League

Analysis: ဆာကာ ဘာကြောင့် အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာလဲ

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို အနိုင်ရစေမယ့် ပွဲချိန် ၅၂ မိနစ်က ပင်နယ်တီကို အာဆင်နယ်တောင်ပံသမား ဘူကာယို ဆာကာအနေနဲ့ ဘာကြောင့် လွဲချော်ခဲ့တာလဲဆိုတဲ့ အချက်အလက်တွေကို နည်းစနစ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းအရ ကောက်ချက်ချထားပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ အဆင်သင့် မဖြစ်ခြင်း
ပြီးခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ ပင်နယ်တီရတုန်းက ဂါဘရီယယ်လ် ဂျေဆူးစ်ကပဲ ကန်သွင်းခဲ့ပြီး ဒီနေ့ပွဲမှာလည်း ဘယ်သူကန်မယ်ဆိုတာကို ဆာကာအနေနဲ့ ဇဝေဇဝါဖြစ်နေခဲ့ပုံ ပေါ်ပါတယ်။ နောက်ပြီးတော့ ပွဲတွင်းမှာ ဘောလုံးမရမှုကလည်း သူ့ကို ဖိအားဝင်စေခဲ့ပြီး တကယ်တမ်း ပင်နယ်တီ ကန်ရချိန်မှာ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်ခဲ့တာပါ။

၂။ အခြေအနေကို သဘောမပေါက်ခြင်း
ပင်နယ်တီဝင်သွားရင် ရလဒ်က သုံးဂိုး-တစ်ဂိုးဖြစ်ပြီး တစ်ဖက်အသင်းကို ဦးချိုးနိုင်လိမ့်မယ်ဆိုတာ၊ မဝင်ရင် စိတ်ဓာတ်တွေ တက်ကြွပြီး ပြန်အဗျင်းခံရမယ်ဆိုတာ၊ ကိုယ့်အသင်းရဲ့ စိတ်ဓာတ်တက်ကြွမှု ကျဆင်းသွားမယ်ဆိုတာ၊ အဝေးကွင်းဖြစ်နေတယ်ဆိုတာ၊ ဒီအချက်လေးချက်ကြောင့် ဝင်ကို ဝင်ရမယ့် ပင်နယ်တီ ဖြစ်တယ်ဆိုတာ ဆာကာ သဘောမပေါက်ခဲ့ဘူးလို့ ဆိုရပါလိမ့်မယ်။

၃။ ကန်ပုံကန်နည်း လွဲမှားခြင်း
ဆာကာရဲ့ ဘောလုံးကို တည်ပြီး နေရာယူချိန်မှာ ကြည့်နေတဲ့သူတွေအနေနဲ့ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့အနေနဲ့ ဘောလုံးနဲ့ ခြေနှစ်လှမ်းစာ အကွာမှာသာ နေရာယူခဲ့ပြီး မူလ ကန်နေကျ ပုံစံကနေ ပြောင်းလဲထားခဲ့သလို ဂိုးသမားကို လှည့်စားဖို့အချိန် လုံလုံလောက်လောက် မရနိုင်တာကြောင့် ဒီပင်နယ်တီဟာ လွဲရင်လွဲ၊ မလွဲရင် ဂိုးသမားက ကာကွယ်နိုင်ဖို့ များနေတာပါ။

၄။ လှည့်စားမှု တစ်စုံတစ်ရာ မပါဝင်ခြင်း
ဒီနေ့ခေတ် ပင်နယ်တီတွေရဲ့ အကောင်းဆုံး ရွေးချယ်မှုကတော့ မကန်ခင်မှာ တုံ့ပြီး ဂိုးသမားကို ဒုက္ခပေးတာဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံးကတော့ မကန်ခင် နောက်ဆုံး စက္ကန့်မှာ ဂိုးသမားကို ကြည့်ပြီး ခြေကျင်းဝတ်ရဲ့ Angle ကို လိုသလို ပြောင်းလဲချိုးကန်တာပါ။ အဲ့ဒီလိုလုပ်ဖို့ ဆာကာရဲ့ နေရာယူမှုက လုံးဝ မဖြစ်နိုင်တော့သလို အနီးကပ်နေရာကနေ အားသုံးပြီး ကန်ချလိုက်ရာမှာတော့ ဘောလုံးနဲ့ ခန္ဓာကိုယ် ဟန်ချက်မညီဘဲ အားပိုပြီး ဘေးကို လွဲသွားခဲ့တာဖြစ်ပါတယ်။

၅။ ယုံကြည်မှု အားနည်းနေခြင်း
လူတစ်ယောက်ရဲ့ ယုံကြည်မှု တည်ဆောက်ပုံက အမျိုးမျိုး ရှိပါတယ်။ မြှောက်စားခံရတာနဲ့ နှိမ့်ချခံရတဲ့ အနေအထားနှစ်မျိုးမှာ ယုံကြည်မှုက မြင့်တက်လာပြီး စပ်ကူးမတ်ကူး ကာလတွေမှာတော့ ကျဆင်းသွားတတ်ပါတယ်။ ဂျေဆူးစ် ပြန်ပါလာပြီးကတည်းက ဆာကာ ဘောလုံးအရနည်းလာချိန်မှာ လိဒ်စ်၊ လီဗာပူးလ်တို့နဲ့ ပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး နိုင်မယ့် အနေအထားက သရေကျမှုကလည်း သူ့ရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့တာပါ။

ဒီအကြောင်းအချက် ၅ ရပ်က နည်းစနစ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းအရ ဆာကာတစ်ယောက် ပင်နယ်တီ မဝင်စေတဲ့ အချက်တွေဖြစ်ပြီး အာဆင်နယ်တို့ကို မန်ချက်စတာစီးတီးဆီက လွတ်အောင်ပြေးဖို့ လိုအပ်တဲ့ သုံးမှတ်ကို မရယူနိုင်စေတော့သလို လက်ကျန်ပွဲတွေမှာ ဖိအားကြီးကြီးမားမားနဲ့ ကစားရစေတော့မှာဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်းဖြစ်ခဲ့ရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: OWN ANALYSIS
PHOTOS CREDIT TO OWNERS
SPORTS A2Z.