Match Report Premier League

ဝက်စ်ဟမ်းနဲ့ သရေကျပြီး မန်စီးတီးကို အရှုံးပေးလိုက်တဲ့ တန်ရာတန်ရာ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ တီယာနီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကိုပဲ အထိုင်ချခဲ့သလို တိုက်စစ်မှာ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ ကစားလာခဲ့တာပါ။

အိမ်ရှင် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ခယ်ရာ၊ ဇူးမား၊ ဆိုဖာလ်နဲ့ ခရက်စ်ဝဲလ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ် မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်၊ ပါကေးတာ၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီယို တစ်ယောက်တည်းကို အထောင် ထားခဲ့တာပါ။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဖိကစားခဲ့ပြီး ဝက်စ်ဟမ်းတို့ ဧရိယာထဲမှာသာ ထိုင်နေခဲ့ရသလို ဧည့်သည်တွေဘက်ကတော့ အရည်အသွေးချင်း ထိပ်တိုက်တွေ့မှု ပြဿနာကို စောစောစီးစီး တွေ့မြင်ခဲ့ရသလို အာတီတာ မျက်နှာသာပေးပုံရတဲ့ ဂျေဆူးစ်ကြောင့် ဘောလုံးက ဘယ်ခြမ်းကိုပဲ သွားနေပြီး ဆာကာအတွက် လုပ်ကွက်တွေ အတော်လေး ပျောက်ခဲ့တာကိုလည်း သတိပြုမိခဲ့ရပါတယ်။

ပွဲချိန် ၇ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်တွဲလုံးကနေ ပါတေး ပေးတာကို အော်ဒီဂွါဒ်က ဧရိယာထဲကို ခင်းပေးရာမှာ တောင်ပံကနေ ပြေးဝင်လာတဲ့ ဘန်ဝှိုက်က အနိမ့်ဘော ဖြတ်ပို့ခဲ့တာကို ဂျေးဆူးစ်က အဆင်သင့်ပြင်ပြီး ညာနဲ့ ကန်ရမယ့်အစား ဘယ်ခြေနဲ့ အနီးကပ် ကြုံသလို ပိတ်သွင်းခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရသွားတဲ့ မာတီနယ်လီက ဧရိယာ ညာဘက်ခြမ်း နေရာလွတ်ထဲကို ဖြတ်တင်ပေးရာမှာ အော်ဒီဂွါဒ်က Volley ကန်ပြီး ဝက်စ်ဟမ်းတို့ကို အနိုင်ယူသွားခဲ့တာပါ။ ဒီဂိုးမှာ ဂျေဆူးစ်ရဲ့ သူသွင်းချင်တယ်ဆိုပြီး ဘောလုံးတောင်းနေမှုကတော့ အနည်းငယ် ရုပ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျေဆူးစ် ပြန်လာနိုင်တာ အာဆင်နယ်တို့အတွက် လာခြင်းကောင်းတယ်လို့ မဆိုနိုင်ဘဲ ပေးဆပ်မှုကို ကြီးမားခဲ့သလို သူပြန်လာပြီးနောက်ပိုင်း ခြေစွမ်းပြနေတဲ့ ဆာကာ ဘောလုံးအရနည်းသွားတာ၊ ဖန်တီးမှုကောင်းနေတဲ့ ထရော့ဆတ်ကို မသုံးနိုင်ဘဲ အရန်ခုံမှာ ထားလိုက်ရတာနဲ့ နည်းပြ အာတီတာအနေနဲ့ ပစားပေးထားတဲ့ ပုံစံတွေက တိုက်စစ်မှာ စည်းလုံးမှုနဲ့ လက်လက်ထနေမှုကို ဖျက်ဆီးလိုက်သလိုလည်းဖြစ်သွားခဲ့တာပါ။

လီဗာပူးလ်နဲ့ပွဲကလိုပဲ နှစ်ဂိုးရရင် နိုင်ပြီလို့ ဘယ်မအေ့လင်က အာမခံထားတယ် ထင်နေတာလဲလို့ ထပ်မေးရမယ့် အကွက်ကို အာဆင်နယ်တို့ ပေါ့လျော့စွာ ကျရောက်သွားခဲ့သလို ဘောလုံးသီအိုရီအရ တူးဇီးနဲ့ ဦးဆောင်မှုဟာ ကြောက်စရာအကောင်းဆုံး ဦးဆောင်မှုဖြစ်တယ်ဆိုတဲ့ ဆိုးရွားမှုကို နည်းပြနဲ့ ကစားသမားတွေ သိထားပုံ မပေါ်ချိန်မှာ လေးလံတဲ့ ဟိုးလ်ဒင်းတို့ ခံစစ် တြိဂံက ကရော်ကမယ်တွေ စလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ ယုံကြည်မှု လွန်ကဲပြီး ဒက်ကလန် ရိုက်စ်ကို ဘောလုံးနဲ့ ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ပါတေးရဲ့ အမှားနေ ဧရိယာထဲ ချပေးတာကို ဂါဘရီယယ်လ် အဖျက်ညံ့လို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ပထမအကျော့ကလည်း ပင်နယ်တီနဲ့ပဲ ဂိုးသွင်းယူခဲ့တဲ့ ဘင်ရာမာက ဂိုးသမား ရမ်းစ်ဒေးလ်ကို လှည့်စားကန်သွင်းယူသွားခဲ့တာပါ။

တစ်ဂိုးတည်းသာ ဦးဆောင်တယ်ဆို ခံစစ်ကို အားပြု၊ နှစ်ဂိုးနဲ့ဆို ဘာလုပ်ရမှန်း မသိဘဲ တစ်ဂိုးပြန်ပေးရရင် နှစ်ဂိုး-တစ်ဂိုးဖြစ်နေချိန်မှာ သရေကျဖို့ ဖြစ်သွားတတ်တယ်ဆိုတာက တူးဇီးသီအိုရီရဲ့ အဓိပ္ပါယ် အကျယ်ဖွင့်ဆိုချက်ဖြစ်ပြီး စိတ်ဓာတ်တက်သွားတဲ့ ဝက်စ်ဟမ်းတို့ရဲ့ ဖိကစားမှုကို အာဆင်နယ်တို့ ပထမပိုင်းမှာ ခက်ခက်ခဲခဲ ထိန်းချုပ်ပြီး မနည်းတောင့်ခံထားခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဝက်စ်ဟမ်းတို့ပဲ ဖိကစားနေခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ မာတီနယ်လီရဲ့ ကန်ချက်ကို အန်တိုနီယို လက်ထိလို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို ဂျေဆူးစ်က ဘောလုံးယူထားပြီး ဆာကာကို နှစ်သိမ့်ဖို့ ကန်ခွင့်ပေးရာမှာ ပထမပိုင်းတစ်ပိုင်းလုံး ဘူနေပုံရတဲ့ ဆာကာအနေနဲ့ မကန်ခင် Run-up မှာ နေရာယူပုံနဲ့ ခြေလှမ်းတွက်ပုံတွေက ယုံကြည်စရာ မကောင်းတဲ့အတိုင်းပဲ ဘေးကို ကန်ပစ် Over Hit ဖြစ်ပြီး လွဲခဲ့ရတာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ပင်နယ်တီအလွဲကြောင့် ပိုလို့တောင် စိတ်ဓာတ်တက်သွားတဲ့ ဝက်စ်ဟမ်းတို့ ဒုတိယချေပဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို နောက်ခံလူ ခယ်ရာက အာဆင်နယ်ခံစစ်ပေါ်က ကျော်တင်ပေးလိုက်ရာမှာ ညာခြမ်းကနေ လူမကျွံဘဲ ပြေးထွက်နိုင်ခဲ့တဲ့ ဘိုဝင်က အပိုင်ကန်သွင်းယူခဲ့ပြီး ရမ်းစ်ဒေးလ်ကို အသည်းခွဲသွားနိုင်ခဲ့ပါတယ်။

နှစ်ဂိုးဦးဆောင်နေရာကနေ နှစ်ဂိုးပြန်ပေးလိုက်ရလို့ ကြက်သေသေသွားခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ တိုက်စစ်ကို အားဖြည့်ရမယ့်အစား ဆတူ နေရာတူ လူစားလဲမှုတွေနဲ့ ခပ်တုံးတုံးပဲ လုပ်သွားခဲ့သလို ဂျေဆူးစ်အစား ထရော့ဆတ်နဲ့ ပါတေး+ဂျော်ဂျင်ညို တွဲလို့ရတယ်ဆိုတာ စိတ်တောင်ကူးဖူးပုံ မပေါ်တဲ့ အာတီတာရဲ့ ချာကာကို ချန်ထားပြီး သူတို့နှစ်ယောက်ကို တိုက်ရိုက်လူစားလဲမှုပဲ လုပ်ခဲ့တာပါ။

ဝက်စ်ဟမ်းတို့ ပိတ်ကစားသွားခဲ့ရာမှာ အာဆင်နယ်ဘက်က အလုပ်ဖြစ်နိုင်တဲ့ မာတီနယ်လီနဲ့ တီယာနီတို့အစား နယ်လ်ဆန်နဲ့ ဖာဘီယို ဗီယာရာတို့ကို ထည့်ခဲ့တာကလည်း အူကြောင်ကြောင် ဆုံးဖြတ်ချက်ပဲဖြစ်ခဲ့ပြီး ဘောလုံးပေးမယ့် အော်ဒီဂွါဒ်ကိုပါ ချန်ပီယံလိဂ် ကန်နေရတဲ့ စတိုင်နဲ့ ဆွဲထုတ်ပြီး နကီးတီးယားနဲ့ လူလဲခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မပြောနဲ့ ဖလားဓာတ်ပုံနဲ့တောင် မတန်ဘူးလို့ပဲ ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ နှစ်ဂိုးစီသရေကျခဲ့ပြီး စိတ်ဓာတ်ပိုင်း ညံ့ဖျင်းမှုအရ ခြေချော်ခဲ့ပြီဖြစ်သလို မန်စီးတီးတို့ထက် တစ်ပွဲပိုကစားပြီး လေးမှတ်ပဲသာတော့ချိန်မှာ ဒီပုံစံနဲ့ အစ်တီဟတ်မှာ ဒူးထောက်ရဖို့ကတော့ တစ်ရာ့တစ်ဆယ်ရာခိုင်နှုန်းနဲ့အထက်မှာ ရှိနေတာကြောင့် ဒုတိယ လက်စတာဖြစ်လာဖို့ အခွင့်အရေးကိုတော့ ဟဟလို့ပဲ တုံ့ပြန်မှတ်ချက်ပေးရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.