Analysis Match Report Premier League

အာဆင်နယ်အကြောင်းချည်း ဆွဲထုတ်ရမယ့် ဝက်စ်ဟမ်းနဲ့ သရေပွဲက ပြောစရာများ

သူတလူ ငါတမင်းဖြစ်နိုင်မှုကို ထိန်းချုပ်ရမယ့် အာတီတာ
အာဆင်နယ်အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ဘယ်လိုရှိမယ်ဆိုတာ မသိပေမယ့် ဘောလုံးကွင်းထဲမှာတော့ Big Ego လို့ခေါ်တဲ့ အတ္တကြီးမားမှုတွေ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါပြီ။ ဂျေဆူးစ် အဓိကလူဖြစ်ချင်မှု၊ အော်ဒီဂွါဒ်ရဲ့ ဂိုးတွေ ပိုသွင်းချင်မှုနဲ့ ဆာကာရဲ့ လက်ရှိ မင်းသားလေးဘဝကို ဆက်လက် ထိန်းထားချင်မှုတွေက ပြဿနာတွေရဲ့ အစဖြစ်နေခဲ့ပြီး မာတီနယ်လီကတော့ အလုပ်ကြိုးစားပြီး တစ်ကိုယ်ကောင်းမဆန်သူမို့သာ ပြဿနာ မရှိခဲ့တာ ဖြစ်ပါတယ်။

ဂျေဆူးစ် ပြန်မလာခင်က အော်ဒီဂွါဒ်နဲ့ ဆာကာက တစ်ခြမ်း၊ မာတီနယ်လီနဲ့ ထရော့ဆတ်က တစ်ခြမ်း အညီအမျှ ဂိုးတွေ ရှာဖွေခဲ့ရာမှာ စည်းလုံးညီညွတ်ခဲ့ကြပေမယ့် ဘောလုံးမရတော့တဲ့ ဆာကာ၊ အရန်ခုံထိုင်လိုက်ရတဲ့ ထရော့ဆတ်နဲ့က ကွင်းထဲမှာ ရလဒ်ကောင်းတွေ ပျက်ပြားသွားပြီး ဒါတွေကို ပြင်နိုင်ရင်တောင် အတော်လေး နောက်ကျနေပြီဖြစ်ပါတယ်။

နည်းပြရဲ့ မျက်နှာသာ ရရှိထားတဲ့ “အကောင်”
အာဆင်နယ်မှာ “အကောင်”လို့ ခေါ်တဲ့ နည်းပြ အာတီတာရဲ့ မျက်နှာသာပေးခံရသူက ဆာကာနဲ့ မာတီနယ်လီတို့လို့ ထင်ရင် မှားသွားပါမယ်။ တကယ်ကတော့ အစ်တီဟတ်ကနေ ထွက်ခွာဖို့ ဘယ်လို မက်လုံးတွေနဲ့ အရေးပါမှုတွေ ပေးမယ်လို့ အဆုံးစွန် ကတိပေးထားသူဖြစ်တဲ့ ဂျေဆူးစ်က တစ်၊ ဇင်ချန်ကိုက နှစ်ဖြစ်ပြီး ဒဏ်ရာတွေကြောင့်သာ ဒီနေ့လိုမျိုး မြင်ရဖို့ စောင့်ခဲ့ရတာပါ။ အခြေအနေကတော့ ဆာကာ ဂိုးမသွင်းနိုင်တဲ့ ရာသီအစက ပဲလေ့စ်၊ လက်စတာ၊ ဘုန်းမောက်၊ ဖူလ်ဟမ်၊ ဗီလာနဲ့ အဖွင့်ငါးပွဲက အနေအထားလို ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားအပြီးကတည်းက မင်းသားဖြစ်လာတဲ့ ဆာကာနဲ့ အကောင် ဂျေဆူးစ်တို့ကြား မျက်နှာသာပေးမှုနဲ့ အရေးပါမှုကို ရှင်းရှင်းလင်းလင်း ခွဲခြားပြဖို့နဲ့ တာဝန်ပေးဖို့ လိုအပ်နေပါပြီ။

မန်စီးတီးကို ရှုံးသွားပြီဖြစ်တဲ့ အာဆင်နယ်
ဒီနေ့ပွဲရလဒ်အရ တစ်ပွဲပိုကစားပြီး ၄ မှတ်သာ အသာရတော့လို့ မန်စီးတီးတို့ ပွဲကျန်ကို အနိုင်ယူပြီးရင် ၁ မှတ်သာ ကွာတော့မှာပါ။ ဒီကြားထဲမှာ ခြေချော်ဖို့ မရှိနိုင်တဲ့ ဂွါဒီယိုလာရဲ့လူတွေက သုံးမှတ်တွေချည်း ဝါးစားနေကြသလို အစ်တီဟတ်မှာ အာဆင်နယ်ကို ဧည့်ခံကျွေးမွေးရဦးမှာဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ သရေအနည်းဆုံး ယူနိုင်မယ်လို့ စာဖတ်သူ မိတ်ဆွေရော ထင်ပါသလား? ဝက်စ်ဟမ်းကိုတောင် ပန်းတိုင် မရောက်ခင် တက်ထောင်တဲ့ ပုံစံနဲ့ လီဗာပူးလ်နဲ့ပွဲကလိုပဲ အမှတ်မရှိတဲ့ ဦးဆောင်မှုကို လွှင့်ပစ်ခဲ့တဲ့ ပုံစံက မန်စီးတီးကို ယှဉ်ကစားမှာဆိုရင်တော့ ဆောရီးပါ၊ တစ်မှတ်တောင် မရနိုင်လို့ ဒီကြားထဲမှာ တိုက်ပွဲဝင်စိတ်ဓာတ်ကို မမွေးမြူနိုင်ရင် ပွဲသိမ်းနေပါပြီ။

အာဆင်နယ်တို့ ပြန်လာနိုင်ဦးမလား
အာဆင်နယ်တို့ မန်စီးတီးကွင်းမှာ တစ်မှတ်ရဖို့နဲ့ ကျန်တဲ့ပွဲတွေကို အနိုင်ယူဖို့ အချိန်မီ ပြင်ဆင်နိုင်ရင် ပြန်လာလို့ ရပါမယ်။ မဟုတ်ရင်တော့ လက်ရှိ ဖရိုဖရဲ အတ္တဆန်မှုတွေနဲ့ ပြိုလဲလို့ရပါပြီ။ နံပါတ် ၁၊ အော်ဒီဂွါဒ်ရဲ့ ဩဇာမရှိမှုကို ချာကာနဲ့ အစားထိုးနိုင်မှာလားဆိုတာ မေးရပါတယ်၊ ဂျေဆူးစ်ကို ပုံအပ်ထားလို့ မဖြစ်နိုင်ပါ။ နံပါတ် ၂၊ ချန်ပီယံရှစ်အဆင့်တောင် မရှိတဲ့ ဟိုးလ်ဒင်းနေရာ ဆာလီဘာ ပြန်ဝင်နိုင်ဖို့ လုပ်ရပါမယ်၊ ကွင်းထဲမှာ တောသား မြို့ရောက်သလို စပ်ဖြီးဖြီးနဲ့ ပြုံးနေပြီး လေးလံတဲ့ ကစားပုံနဲ့ ရူးခါသွားပါလိမ့်မယ်။ ဒီနှစ်ချက်ကို လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ ပြင်ထားနိုင်မှ ၂၆ ရက်နေ့ အစ်တီဟတ်မှာ သရေယူနိုင်မှာကြောင့် သူတို့ရဲ့ Recovery ကို ကြည့်ရမှာဖြစ်ပါတယ်။

စကားပြောကောင်းနေလို့ချည်းမဖြစ်တဲ့ အာတီတာ
တစ်သင်းလုံးက အတူတူပဲ၊ နိုင်ရင် အားလုံးနိုင်၊ ရှုံးရင် အားလုံးရှုံးတာပါဆိုတဲ့ သံတမန်စကားတွေ၊ ကျွန်တော့် တာဝန်ပါဆိုတဲ့ စကားတွေက အမြင်ပဲလှတာပါ။ နောက်ကွယ်မှာတော့ ကြိမ်းမောင်းထားနိုင်ဖို့ လိုပါတယ်။ လီဗာပူးလ်ကို အတွေ့အကြုံချင်း မယှဉ်နိုင်ခဲ့လို့ဆိုပြီး ဆင်ခြေပေးလို့ရပေမယ့် ဝက်စ်ဟမ်းကို ဘာဆင်ခြေမှ လက်ခံနိုင်စရာမရှိပါဘူး။ လူစားလဲမှုဆိုတာ Reinforcement အားဖြည့်မှုပဲ ဖြစ်ရပါတယ်။ တိုက်ရိုက်အစားထိုးပြီး ၁ ကို ၁ နဲ့ လဲရတာ မဟုတ်ဘဲ အနည်းဆုံး ၁.၅ ကနေ ၂-၃ ဖြစ်သွားအောင် လုပ်ရတာပါ။ ရှေ့တန်းကို လဲရင် ရှေ့တန်း၊ ကွင်းလယ်ကို လဲရင် ကွင်းလယ်ဆိုတဲ့ ပညာက ကလေးကစားသလိုဖြစ်နေပြီး ပါတေး၊ ချာကာ၊ ဂျော်ဂျင်ညိုကို ကြိုက်တဲ့နှစ်ယောက် တွဲသုံးလို့ရတယ်ဆိုတာကိုလည်း အာတီတာ မေ့မထားဖို့ လိုပါတယ်။

လက်စတာဖြစ်ဖို့လား၊ ပြန်လည်စိုးမိုးဖို့လား မြန်မြန်တွေးပါ
ပရီးမီးယားလိဂ်မှာ လက်စတာလို့ သူများတွေ အခြေပျက်နေတုန်းမှာ ဝင်ပြီး တစ်လုံးသိမ်းသွားတာလောက်ပဲ တတ်နိုင်မယ်ဆိုရင် ခုရာသီမှာ တစ်ကြိမ်ပဲ အခွင့်အရေးရမှာဖြစ်လို့ ကျန်တဲ့ပွဲတိုင်းကို လူသတ်ချင်တဲ့စိတ်နဲ့ ကစားဖို့ လိုပါတယ်။ လက်စတာလိုမျိုး အခွင့်အရေးကတော့ အာဆင်နယ်တို့ နောက်ထပ်ရတော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမှာ ကွဲခဲ့တဲ့ အသင်းကြီးတွေနဲ့ နယူးကာဆယ်လ်တို့က လာမယ့်ရာသီမှာ ဒီထက်ပိုပြီး အားဖြည့်ပြင်ဆင်လာတော့မှာဖြစ်လို့ပါ။

တစ်ပွဲတိုး ဖလားယူဖို့ မဟုတ်ဘူး၊ ခေတ်ပြောင်းတော်လှန်ရေးကြီး ဆင်နွှဲနေတာပါဆိုရင်တော့ ကတိတည်ဖို့လိုပြီး လာမယ့်ရာသီမှာ သူတင်ကိုယ်တင် အင်အားဖြည့်တင်း ကစားရတော့မှာပါ။ အဲ့လိုဆိုရင်တော့ အာဆင်ဝင်းဂါးရဲ့ ခေတ်ဦးတုန်းကလို မန်ယူကို နပမ်းလုံးတဲ့ စိတ်ဓာတ်မျိုးနဲ့ အသင်းကြီးလေးသင်းလောက်ကို သူတင်ကိုယ်တင် လာမယ့်ရာသီက စပြီး နပမ်းလုံးရပါလိမ့်မယ်။ တကယ်တမ်းမှာ လက်ထဲက ငှက်တစ်ကောင်ထက်တော့ ခြံပုတ်ထဲက ငှက်နှစ်ကောင်က တန်ဖိုးမရှိပါဘူး။

ဟိုးလ်ဒင်း(သို့မဟုတ်)ဆာလီဘာကြောင့် ပါတေး
ပါတေးဟာ ပါတေး မဟုတ်တာ ကြာပါပြီ။ အသင်းငယ်တွေနဲ့မို့ မသိသာသေးပေမယ့် လီဗာပူးလ်နဲ့ ပွဲမှာ ခြေစွမ်းညံ့ဖျင်းမှုနဲ့ အဝင်အထွက် မကိုက်ညီမှုတွေက ဘွားဘွားကြီး ပေါ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နောက်က ဟိုးလ်ဒင်းကို ကြောက်ရလို့ ဖြစ်ပြီး ခဲဆွဲထားတဲ့ အင်္ဂလန်သားကြောင့် တွေ့သမျှ ဘောလုံးကို လိုက်လုနေရသလို အရင်က ဘန်ဝှိုက်၊ ဆာလီဘာတို့နဲ့ သုံးပွင့်ဆိုင်ပုံစံနဲ့အတူ ကွင်းလယ်နဲ့ ညာခြမ်းကို ထိန်းချုပ်နိုင်ခဲ့မှုတွေက ပျောက်ဆုံးသွားခဲ့တာပါ။ ဟိုးလ်ဒင်းပါနေပြီး ဆာလီဘာ မပါဝင်နိုင်တာဟာ အာဆင်နယ်နဲ့ ပါတေးတို့ကို ပွဲသိမ်းသွားစေပြီး ပြင်သစ်သား ပြန်မလာရင် အရာအားလုံးကို ဂန်းနားဖန်တွေ ရူးချင်ယောင်ဆောင်တတ်ရပါလိ့မ်မယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.