Match Report Premier League

အရာရာမှာ လစ်မစ်ရှိကြောင်း ငှက်ကျားတွေကို ပညာပေးခဲ့တဲ့ ဘာမထီ အမ်မရီရဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ အက်ရှ်လီယန်းနဲ့ အဲလက်စ် မိုရီနိုတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ဒန်ဒွန့်ကာ၊ မက်ဂင်း၊ ရမ်ဆေးနဲ့ ဘွင်ဒီယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ် တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ဖာဘီယန် ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို သုံးစွဲလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဝီလော့ခ်နဲ့ ဂျိုလင်တန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာဖီ၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အူနိုင်း အမ်မရီရဲ့ ကစားကွက်ကို ဘယ်လို တည်ဆောက်ပြီး တိုက်စစ်နဲ့ ခံစစ်ကို ဘယ်လိုမျိုး တာဝန်ခွဲမယ်ဆိုတဲ့ ဗျူဟာက အားသာချက်တစ်ရပ် ဖြစ်နေခဲ့ချိန်မှာ တစ်ခါလာလည်း ဗဟိုနောက်ခံလူနှစ်ယောက်ဖြစ်တဲ့ ရှားနဲ့ ဘော့တ်မန်ကို ဒန်ဘန်းနဲ့ ခံစစ်သုံးယောက်တန်းလိုမျိုး ကစားနေခဲ့တဲ့ အက်ဒီဟောင်းရဲ့ ပုံစံက မော်ဒန်ဘောလုံးမှာတော့ တိုက်စစ်ကစားချိန်မှာ အားနည်းချက်ဖြစ်နေခဲ့ပြီး ခံစစ်ပိတ်ကစားဖို့သာ ကောင်းခဲ့တာဖြစ်ပါတယ်။

ခံစစ်သုံးယောက်ကလွဲရင် ငှက်ကျားတွေ တစ်သင်းလုံးနီးပါး တိုက်စစ်လိုက်ချိန်မှာ ကွင်းလယ်အဖျက်စစ်စစ် မဟုတ်တဲ့ ဘရူနို ဂီမာရိုင်စ်ပေါ်ကို အဓိက ဟန်ချက် Pivot အဖြစ် မှီခိုခဲ့တာကလည်း အဆင်မပြေဘဲဖြစ်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေမှာ ထက်မြက်လွန်းတဲ့ အမ်မရီနဲ့ ဗီလာတို့ရဲ့ ဗျူဟာက တရားသေ အက်ဒီဟောင်းကို ကောင်းကောင်းထိုးနှက်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ အက်စ်တန်ဗီလာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ညာခြမ်းက မက်ဂင်းက နယူးကာဆယ်လ်ဧရိယာထဲမှာ ခံစစ်သမား သုံးဦးသာ ရှိနေတဲ့ ဟာကွက်ကို အခွင့်ကောင်းယူပြီး ဘယ်ဘက်တိုင်နားကို ဖြတ်တင်ပေးရာမှာ ဝပ်ကင်းစ်က လိုက်လံပြီး နောက်ပြန်ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို နောက်က ပြေးဝင်လာတဲ့ ရမ်ဆေးက ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းပြီး ဂိုးသမား နစ်ခ် ပုပ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၄ မိနစ်ကျော်မှာ ဝပ်ကင်းစ်ရဲ့ ကန်ချက်ကို နစ်ခ် ပုပ် ကာကွယ်ခဲ့ရပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို မိုရီနိုက ဖြတ်ယူပြီး အနိမ့်ဘော ချိုးပေးရာမှာ ရမ်ဆေးရဲ့ ဧရိယာထဲက ပိတ်သွင်းချက်က ဘားထိထွက်ခဲ့လို့ ဗီလာတို့ ဒုတိယဂိုးနဲ့ လွဲခဲ့ရသလို ခံစစ်ကို ကူကစားနိုင်စွမ်းရှိတဲ့ ကွင်းလယ်ကစားသမားမျိုး နည်းပါးနေတဲ့ နယူးကာဆယ်လ်တို့ကတော့ ကံကောင်းသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ နေရာစုံကို ရောက်နေတဲ့ တိုက်စစ်မှူး ဝပ်ကင်းစ်ကတော့ နယူးကာဆယ်ခံစစ်သမားတိုင်းအတွက် အိပ်မက်ဆိုးဖြစ်နေခဲ့သလို အခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့လို့သာ အိမ်ရှင် ဗီလာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဧည့်သည်တွေရဲ့ စုတ်ပြတ်သတ်နေတဲ့ ဂေါ်ဒွန်နဲ့ အီဆက်ခ်တို့လို တိုက်စစ်ကတော့ ချာတူးလန်လွန်းနေခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၆ မိနစ်မှာ သုံးစားမရတဲ့ ဂေါ်ဒန်အစား အယ်လ်မီရွန်နဲ့ ညာခြမ်းမှာ ပျောက်နေတဲ့ မာဖီအစား ဝီလ်ဆန်တို့ကို ငှက်ကျားတွေ ထည့်သွင်းလာခဲ့ပေမယ့် ဗီလာခံစစ်ရဲ့ လူကျွံထောင်ချောက်တွေ ကောင်းမွန်နေခဲ့လို့ ချေပဂိုးတော့ မရခဲ့သလို ခံစစ်အမှားကြောင့် ကန်ခွင့်ရတဲ့ အီဆက်ခ်ရဲ့ အပိုင်ကန်ခွင့်ကတော့ ထောင့်နဲ့ မနီးဘဲ ဂိုးသမားနား နီးနေခဲ့လို့ မာတီနက်ဇ်က ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၄ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဘောလုံးရလာတဲ့ မက်ဂင်းက တောင်ပံမှာ နေရာယူထားတဲ့ နောက်ခံလူ အဲလက်စ် မိုရီနိုဆီ ပေးရာမှာ စပိန်သားက နယူးကာဆယ်လ်ခံစစ်ကြားကနေ အနိမ့်ဘော ချိုးပေးခဲ့တာကို ဝပ်ကင်းစ်က တစ်ချက်ထိန်းပြီး နောက်ပြန်အနေအထားကနေ တစ်ပတ်လှည့်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာလည်း နယူးကာဆယ်လ်တို့ရဲ့ ကွင်းလယ်အဖျက်သမားတွေရဲ့ မကာကွယ်နိုင်မှုကို လိုက်လံပိတ်ဆို့နေရတဲ့ ခံစစ်လေးယောက်ရဲ့ နေရာယူမှုတွေက Defensive Shape ကို ပျက်စီးစေခဲ့လို့ အလွယ်တကူ ဂိုးပေးခဲ့ရတာဖြစ်ပြီး နည်းပြ အက်ဒီဟောင်းကတော့ အသင်းကို အချိန်မီ ဆေးကုဖို့ ဝီလော့ခ်၊ ဒန်ဘန်းနဲ့ ဂျိုလင်တန်တို့အစား လောင်းစတပ်ဖ်၊ တားဂက်နဲ့ အန်ဒါဆန်တို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ အကောင်းဆုံး ခြေစွမ်းပြနေသူနှစ်ယောက်ကြောင့်ပဲ ဗီလာတို့ တတိယဂိုးနဲ့ ငှက်ကျားတွေကို အတောင်လိမ်ချိုးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ နယူးကာဆယ်လ်တို့ ဘောလုံးအပျက်မှာ တိုက်စစ်ကို အမြန်ဆုံးသွားပြီး ဘွင်ဒီယာက အနိမ့်ဘော ချိုးပေးတာကို ရမ်ဆေးရဲ့ မအောင်မြင်တဲ့ ပိတ်ချက်နောက်ကနေ ဝပ်ကင်းစ်က အပိုင်ကန်သွင်းနိုင်ခဲ့လို့ နစ်ခ် ပုပ် ကူကယ်ရာမဲ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့က နယူးကာဆယ်လ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ကြသလို သူတို့ရဲ့ အိမ်ကွင်းကောင်းမွန်မှုနဲ့ အဆင့် ၆ နေရာကို ခိုင်မာစေခဲ့ပြီး ဥရောပဝင်ခွင့်ကို လှမ်းမျှော်ကြည့်ချိန်မှာ ငှက်ကျားတွေအတွက်တော့ ဗျူဟာမမြောက်တဲ့ အင်အားသုံး တစ်ဦးချင်း ရုန်းအားတွေနဲ့ နိုင်ပွဲတွေ ဆက်နေဖို့ဆိုတာ လစ်မစ်ရှိပြီး အမြဲတမ်း မဖြစ်နိုင်ဘူးလို့ သင်ခန်းစာရသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.