Analysis Article Match Preview Premier League

ဆပ်တန်ရဲ့ ချဲလ်ဆီး ရှုံးဦးမယ်ဆိုတဲ့ EPL ပွဲစဉ် ၃၁ အတွက် ခန့်မှန်းချက်များ

အက်စ်တန်ဗီလာ-နယူးကာဆယ်လ်ယူနိုက်တက်
နယူးကာဆယ်လ်တို့ အင်တိုက်အားတိုက် ကစားနေတာတွေအတွက် သူတို့တွေဘက်က ရှိချင်ပါတယ်။ ဘရန့်ဖို့ဒ်ကို ဒုတိယပိုင်းမှာ အနိုင်ယူပြခဲ့တာက သူတို့ကို ယုံကြည်ချင်စရာဖြစ်ပြီး တစ်ဖက်မှာကတော့ အူနိုင်း အမ်မရီက နိုင်ပွဲတွေ ဆက်နေလို့ နည်းနည်းတော့ အတွေးများစရာ ဖြစ်နေမှာပါ။ ဒါပေမယ့် နှစ်သင်းကို ယှဉ်ကြည့်ရင် ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေက ငှက်ကျားတွေဘက်မှာ များလို့ ဗီလိန်တွေကို ဒီတစ်ပွဲတော့ မေ့ထားရပါလိမ့်မယ်။ (ဗီလာ 1-2 နယူးကာဆယ်လ်)

ချဲလ်ဆီး-ဘရိုက်တန်
ချဲလ်ဆီး ဂိုးမသွင်းတာ ဘယ်နှပွဲရှိပြီလဲလို့ ပြန်မေးကြည့်ရင် နောက်ဆုံး လေးပွဲရှိနေပြီဖြစ်ပြီး နာရီအားဖြင့် ၆ နာရီ ရှိသွားခဲ့ပါပြီ။ ဒီနေ့ပွဲမှာရော သူတို့တွေ ဂိုးပေါက်ရှာတွေ့နိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ တစ်ဖက်မှာတော့ ဦးစားပေးဂိုးသမား ဆန်ချက်ဇ်ကို လဲလှယ်ထားတဲ့ နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်တို့ ခံစစ်ကတော့ အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေပါတယ်။ ရှေ့က ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်ရလုနီးပါးဆိုပေမယ့် ကစားအားနဲ့ ရလဒ်ပိုင်းကတော့ အိမ်ရှင်တွေထက် ပိုကောင်းနေလို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ ဂိုးပြန်ရမယ်၊ ဘရိုက်တန် နိုင်မယ်လို့ပဲ ခန့်မှန်းရတော့မှာပါ။ (ချဲလ်ဆီး 1-2 ဘရိုက်တန်)

အဲဗာတန်-ဖူလ်ဟမ်
အဲဗာတန်တို့ ဘယ်လောက် အခြေအနေဆိုးဆိုး တန်းဆင်းမယ့်ရုပ်မျိုးတော့ မပေါက်သေးပါဘူး။ အိမ်ကွင်းမှာဆိုရင် သူတို့ကို ယုံကြည်နိုင်ပြီး မီထရိုဗစ်ချ် မပါလို့ ဂိုးသွင်းဖို့ ခက်နေတဲ့ ဖူလ်ဟမ်ကို အချိန်ကောင်းမှာတော့ အနိုင်ကစားမယ်လို့ တွက်လို့ ရပါတယ်။ ရှောင်ဒိုက်ချ်အနေနဲ့ တိုက်စစ်မှူး စစ်စစ် မရှိတဲ့ အခက်အခဲကို ရင်ဆိုင်နေရပေမယ့် အသင်းရဲ့ ကစားအားကတော့ ဂွတ်ဒီဆန်ပါ့ခ်မှာ သုံးမှတ်ယူဖို့ ဖြစ်လာနိုင်ပွဲ တော်ဖီတွေ ကျဉ်းမြောင်းတဲ့ နိုင်ပွဲနဲ့ သုံးမှတ်ရမှာပါ။ (အဲဗာတန် 1-0 ဖူလ်ဟမ်)

ဆောက်သမ်တန်-ခရစ္စတယ်လ်ပဲလေ့စ်
ပဲလေ့စ်တို့ ဂိုးသွင်းတတ်ကြောင်းနဲ့ ဂိုးသွင်းစွမ်းရည်ဆိုတာ သူတို့မှာ ရှိကြောင်းကို နည်းပြမှိုတက်ကြီး ရွိုင်းဟော့ဆန်က ထုတ်ဖော်ပေးခဲ့အပြီးမှာ နိုင်ပွဲဆက်နေတာကြောင့် စိန့်တို့အနေနဲ့ သူတို့ကို ရပ်တန့်နိုင်ပါ့မလား ပြောရခက်နေပါတယ်။ အိမ်ကွင်းမှာ လက်စတာထက် စုဖွဲ့မှုနဲ့ ကစားအား ပိုကောင်းတဲ့ ဝါ့ဒ်-ပရောက်စ်တို့ရဲ့ ဆောက်သမ်တန်ကို ပဲလေ့စ်တို့ အနိုင်ယူဖို့ကတော့ ထင်တာထက် ခက်မှာဖြစ်ပြီး ဇာဟာ မပါနိုင်သေးချိန်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ ပြိုင်ဘက်မျိုးကို သရေကျသွားရင်တော့ မျှတတဲ့ ရလဒ်ပဲလို့ ဆိုရမှာပါ။ (စိန့် 1-1 ပဲလေ့စ်)

တော့တင်ဟမ်ဟော့စပါး-ဘုန်းမောက်
ဘုန်းမောက်တို့ရဲ့ ဒီရာသီ စွမ်းဆောင်မှုကို မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် အဝေးကွင်းမှာ အသင်းကြီးတွေကို တက်နိုင်လောက်တဲ့အထိတော့ အဖြစ်မရှိသေးပါဘူး။ စပါးစ်တို့ကတော့ ယာယီနည်းပြလက်ထက်မှာ သိပ်မထူးလာပေမယ့် ကွန်တီ မရှိတော့လို့ စိတ်လွတ်လပ်သွားတဲ့ ပုံစံမျိုးကို ပြသနေပြီး နိုင်သင့်တဲ့ ပွဲတွေကို ကစားသမားတွေရဲ့ အင်အားနဲ့ ပြန်ရှာပြနေခဲ့ပါတယ်။ ဘရိုက်တန်ကို အောက်ကနေ လိုက်ကစားပြီးမှ နိုင်လိုက်တာက သူတို့အတွက် ကံကြမ္မာကို ပိုယုံကြည်စေပြီး ဒီနေ့ပွဲမှာလည်း ချန်ပီယံလိဂ် ကစားချင်တဲ့ ဟာရီကိန်းတစ်ယောက် ဂိုးသွင်းပြီး နိုင်ပွဲယူနိုင်မှာပါ။ (စပါးစ် 2-0 ဘုန်းမောက်)

ဝုလ်ဗာဟမ့်ပ်တန်-ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်တို့အနေနဲ့ ကွင်းလယ်က ဖန်တီးမှု မရှိဘဲ ကစားအားပါ ကျနေတတ်လို့ နိုင်ပွဲမရတာ လေးပွဲအထိ ရှိသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရာသီက အဲရစ်ဆန်နဲ့မို့ အထင်ကြီးခဲ့ရသမျှက ဒီရာသီမှာ သာမန် လုပ်အားနှုန်းကောင်းရုံနဲ့ တိုက်ပွဲဝင်နေရတဲ့ ပျားတွေကို Rating ဆွဲချခံခဲ့ရတာပါ။ ဝုလ်ဗ်စ်တို့ကတော့ တန်းမဆင်းဖို့ အနည်းငယ် စိတ်အေးနေနိုင်တဲ့ အသင်းမျိုးဖြစ်နေပြီး သူတို့ရဲ့ ပြဿနာကတော့ ပုံမှန်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်အစုအဖွဲ့ကို ရှာမတွေ့သေးတာဖြစ်နေလို့ ဖိအားသိပ်မရှိတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုက သရေပဲဖြစ်သွားပါလိမ့်မယ်။ (ဝုလ်ဗ်စ် 1-1 ဘရန့်ဖို့ဒ်)

မန်ချက်စတာစီးတီး-လက်စတာစီးတီး
အရင်က ဗာဒီ လျှမ်းလျှမ်းတောက်ခဲ့တုန်းကတော့ ဒီလိုပွဲမျိုးကို မန်စီးတီးတို့ ဖိကစားပြီး လက်စတာရဲ့ ကောင်တာကို မခံစားနိုင်လို့ သရေကျမယ်၊ ကံမကောင်းရင် ရှုံးမယ်လို့ ပြောလို့ ရခဲ့တာပါ။ လက်ရှိမှာတော့ ဗာဒီဆိုတာ ရာသီကုန်တော့မယ့်အထိ တစ်ဂိုးသာ ရထားတဲ့ ၃၆ နှစ်သားကြီးဖြစ်သွားတာကြောင့် သူ့ကို ဘယ်သူမှ အစားထိုးဖို့ မတတ်နိုင်ကြချိန်မှာ လက်စတာတို့ ရလဒ်တွေလည်း ပက်ပက်စက်စက် ကျဆင်းနေခဲ့ပါတယ်။ ဘရန်ဒန် ရော့ဂျားစ်ကို ဒင်းန် စမစ်နဲ့ အစားထိုးထားတာက ခံစစ်ကစားဖို့ဆိုရင် မမှားနိုင်တာကြောင့် အစ်တီဟတ်မှာ ခြေမှန်လွန်းနေတဲ့ မန်စီးတီးတို့အကြောင်း ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘဲ တစ်ဖက်သတ် နိုင်ပွဲတစ်ပွဲကို ကြိုတင်မျှော်လင့်ထားလို့ ရမှာဖြစ်ပါတယ်။ (မန်စီးတီး 3-0 လက်စတာ)

ဝက်စ်ဟမ်းယူနိုက်တက်-အာဆင်နယ်
Must Win လို့ ဆိုရမယ့် ဒီပွဲကို အာဆင်နယ် မနိုင်ခဲ့ရင်တော့ ချန်ပီယံဆုကို လက်လွှတ်လိုက်တော့လို့ ပြောလို့ရပြီဖြစ်ပြီး သူတို့တွေ စောစောစီးစီး လက်မြှောက်မယ်လို့တော့ မထင်ပါဘူး။ လီဗာပူးလ်ကို မနိုင်ခဲ့တာက သူတို့တွေကို ဖိအားကြီးစေပြီး ဒီနေ့ပွဲကို ချဉ်းကပ်ရာမှာ အိုင်ဒီယာ အပြောင်းအလဲ အနည်းငယ်တော့ ရှိလာနိုင်ပါတယ်။ ဝက်စ်ဟမ်းတို့ကတော့ တန်းဆင်းဇုန် ရုန်းနေရပေမယ့် ထော်လန်နေအောင် ညံ့တဲ့ လက်စတာနဲ့ ဆောက်သမ်တန်တို့ အားကိုးအပြင် အချိန်တန်ရင် လူကောင်းမရှိမှုကြောင့် လိုက်ပါသွားမှာဖြစ်တဲ့ ဘုန်းမောက်တို့ကြောင့် အနည်းငယ် စိတ်အေးနေနိုင်ပြီး အိမ်ကွင်းပေမယ့် အားမတန်ရင် မာန်လျှော့သွားနိုင်တာကြောင့် မန်စီးတီးဆီက ပြေးမယ့် ဂန်းနားတွေ နိုင်ပွဲပဲဖြစ်ရမှာပါ။ (ဝက်စ်ဟမ်း 0-2 အာဆင်နယ်)

နော့တင်ဟမ်ဖောရက်စ်-မန်ချက်စတာယူနိုက်တက်
အဆင့်လေးအတွင်းက ထွက်မပေးချင်ရင် ဖောရက်စ်ရဲ့ တောနက်ထဲမှာ မန်ယူတို့ အလံထူရပါလိမ့်မယ်။ ခက်တာက ရက်ရှ်ဖို့ဒ်မရှိရင် ဘယ်သူ ဂိုးသွင်းမှာလဲ မေးချိန်မှာ “ဟင့်အင်း၊ သားနှာစေးနေတယ်”လို့ ပြန်ဖြေမယ့်သူ များနေတာကြောင့် တန်ဟတ်တစ်ယောက် ခေါင်းကိုက်နေရတာဖြစ်ပြီး ဆီဗီလာနဲ့ပွဲမှာ ဗာရွန်းရဲ့ ကြံ့ခိုင်မှုက ပြဿနာဖြစ်ခဲ့သလို မာတီနက်ဇ်လည်း လေဟပ်ပြီး ဒဏ်ရာရသွားတာက ကြီးမားတဲ့ ထိုးနှက်မှုဖြစ်ခဲ့တာပါ။ အိမ်ရှင် ဖောရက်စ်တို့ကတော့ အရူးကို လင်လုပ်ရသလိုဖြစ်နေပြီး နည်းပြ ကူးပါးရဲ့ အံ့မခန်း အူလည်ချာလည်မှုတွေကို တွေ့မြင်နေရတာကြောင့် ကာစီမီရို ပြန်လာမယ့် ဒီနေ့ပွဲမှာ ကံကောင်းရင် မန်ယူတို့ နိုင်နိုင်ပြီး သရေလည်းဖြစ်သွားနိုင်ပါတယ်။ (ဖောရက်စ် 1-1 မန်ယူ)

လိဒ်စ်ယူနိုက်တက်-လီဗာပူးလ်
အိမ်ကွင်းမှာသာ စွမ်းအားရှိပြီး ပင်နယ်တီတောင် ချော်ကန်နေတဲ့ အီဂျစ်သားကြီး ဆာလားရဲ့ လီဗာပူးလ်တို့ကတော့ အဝေးကွင်းမှာ တိုင်ပတ်ဖို့ ပြင်ဆင်နေခဲ့တာပါ။ လိဒ်စ်တို့ကတော့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ နည်းပြသစ် ဂါစီယာနဲ့ အတိုင်အဖောက် ညီလာခဲ့ပေမယ့် ခံစစ်ဗဟိုမှာ ဘယ်သူ့ကို သုံးရမလဲဆိုတဲ့ ပြဿနာက ကြီးမားနေသလို ခံစစ်ငါးယောက်တန်း ပြောင်းကစားရမလားလို့တောင် တွေးရတဲ့အထိ ဖြစ်နေခဲ့ပါတယ်။ ကွင်းလယ်ချင်းမှာ အိမ်ရှင်တွေ အသာစီးယူထားနိုင်ရင် ခံစစ်က ဒီလောက် ပြဿနာ မရှိနိုင်မှာကြောင့် ယာဂန် ကလော့ပ်ရဲ့ အားကုန်နေတဲ့ အသင်း ဒီနေ့ပွဲမှာလည်း သရေပဲလို့ ထပ်ပြောရပါလိမ့်မယ်။ (လိဒ်စ် 1-1 လီဗာပူးလ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.