Match Report Serie A UCL&UEL

ဘင်ဖီကာကို လူကာကူး ဂိုးသွင်းဆက်ပြီး ပေါ်တူဂီသား စားလို့ကောင်းနေတဲ့ အင်တာ

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဒါမီယန်၊ အချယ်ဘီနဲ့ ဘက်စတိုနီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒမ်းဖရီးစ်၊ ဒီမာကို၊ မစ်ခီတာရီယန်၊ ဘရိုဇိုဗစ်ချ်နဲ့ ဘာရဲလားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လော်တာရို မာတီနက်ဇ်နဲ့ ဂျက်ကိုတို့ ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဘင်ဖီကာတို့ကတော့ ဂိုးသမား ဗလာဟိုဒီမော့စ်၊ ခံစစ်မှာ အန်တိုနီယို ဆေးလ်ဗား၊ မိုရာတို၊ ဂီလ်ဘာတိုနဲ့ အဲလက်စ် ဂရီမယ်လ်ဒိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဖလော်ရင်တီနို လူးဝစ်၊ ချီကင်ညို၊ အော့စ်နက်၊ ဂျာအို မာရီယိုနဲ့ ရာဖာ ဆေးလ်ဗားတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂွန်ဆာလို ရာမို့စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

အင်တာတို့အနေနဲ့ တိုက်စစ်မှာ လူကာကူးကို မသုံးဘဲ ဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်တို့ကို တွဲပေးခဲ့ရာမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့သလို ကွင်းလယ်ကလည်း ဖန်တီးမှုတွေ သိပ်မလုပ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေရဲ့ ထိန်းချုပ်မှုအောက်ကိုပဲ ရောက်နေခဲ့ပြီး တိုက်စစ်ထက် ခံစစ်ကိုပဲ ဦးစားပေးသွားခဲ့ရပါတယ်။

လစ္စဘွန်းက အိမ်ကွင်းမှာ ဘင်ဖီကာတို့ ဖိကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို အင်တာဂိုးသမား အိုနာနာကလည်း အစွမ်းပြ ကာကွယ်သွားခဲ့တာကြောင့် ပထမပိုင်းမှာ အီတလီသားတွေ ခံစစ်ကို အားပြုရင်း ဂိုးမရှိသရေအဖြစ် ထိန်းထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ အင်တာမီလန်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဘောလုံးရလာခဲ့တဲ့ ဗဟိုခံစစ်အစွန်လူ ဘက်စတိုနီက ရှေ့ကို ဆွဲတက်လာပြီးမှ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်ကနေ ပြေးဝင်လာခဲ့တဲ့ ဘာရဲလားက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ အိမ်ရှင်တွေ ဖိကစားလာခဲ့ကြပြီး အင်တာတို့ အသည်းအသန် ခုခံနေခဲ့ရသလို ဘင်ဖီကာဘက်က တိုက်စစ်မှူး ရာမို့စ်ရဲ့ ဧရိယာထဲ မနေဘဲ အသင်းနဲ့ လိုက်လံချိတ်ဆက်နေတဲ့ ပုံစံတွေကတော့ ဂိုးရှေ့မှာ အရပ်အမောင်းကောင်းကောင်း၊ ကြံ့ခိုင်မှုရှိတဲ့ အဆုံးသတ်သမား မရှိဘဲ ဖြစ်စေခဲ့တာကြောင့် ဧည့်သည်တွေ ပိတ်ဆို့သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ ဘင်ဖီကာတို့ဘက်က ဖလော်ရင်တီနို လူးဝစ်အစား ဒေးဗစ် နီရက်စ်ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို အင်တာတို့ကတော့ ဒီမာကို၊ ဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်တို့အစား ဂိုဆန်စ်၊ လူကာကူးနဲ့ ဟိုအာကင် ကော်ရီးယားတို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်လာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ အင်တာတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဒမ်းဖရီးစ်ရဲ့ ဖြတ်တင်ဘောကို ဂျာအို မာရီယို ဧရိယာထဲမှာ လက်နဲ့ထိခဲ့လို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို လူစားဝင်တိုက်စစ်မှူး လူကာကူးက ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူခဲ့ပြီး ဂိုးသမား ဗလာဟိုဒီမော့စ် မကာကွယ်နိုင်ခဲ့တော့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပြီးခဲ့တဲ့ ရှုံးထွက်အဆင့်မှာလည်း ပေါ်တူဂီကလပ် ပေါ်တိုကိုပဲ ကျော်ဖြတ်ထားခဲ့တဲ့ အင်တာမီလန်တို့အနေနဲ့ ဒီနိုင်ငံက အသင်းပဲဖြစ်တဲ့ ဘင်ဖီကာတို့နဲ့ ဆက်လက်တွေ့ဆုံရာမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရလဒ်ကောင်းကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့သလို အဝေးကွင်းနိုင်ပွဲနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.