Bundesliga Match Report Premier League UCL&UEL

ဘိုင်ယန်ကို အိမ်ကွင်းမှာ အနိုင်ယူပြီး ဆီမီးအတွက် အခြေအနေကောင်းခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်၊ ပါဗတ်နဲ့ ဒေးဗီးစ်တို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာနဲ့ မူစီယာလာတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ကိုမွန်၊ ဆာနေးနဲ့ ဂနာဘရီတို့ကို ကစားစေခဲ့တာပါ။

နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ လွဲချော်မှုတွေ များနေခဲ့ပြီး မန်စီးတီးတို့ရဲ့ ကွင်းလယ်နဲ့ ညာခြမ်းကို Overload လုပ်မှုမှာ ကင်းမစ်ချ်နဲ့ ဂေါ်ရက်ဇ်ကာနှစ်ယောက်တည်း အထိုင်ကစားခဲ့တဲ့ ဘိုင်ယန်ကွင်းလယ်က ရုန်းကန်နေခဲ့ရပြီး အိမ်ရှင်တွေ တဖြည်းဖြည်း အသာရလာခဲ့ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာနာဒို ဆေးလ်ဗားက လိမ်ခေါက်ပြီး ဧရိယာထိပ်ကို ပြန်ချပေးရာမှာ နေရာလွတ်မပေးတဲ့ ဘိုင်ယန်ကွင်းလယ်ရဲ့ ပိတ်ဆို့မှုကို ရိုဒရီက တစ်ချက်ခေါက်ပြီး ဖောက်ထွက်ခဲ့သလို ဘယ်ခြေနဲ့ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဘယ်ဘက်တိုင်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ ဂိုးသမား ဆွမ်းမား ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာ ဘိုင်ယန်တို့ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ကြပေမယ့် တိုက်စစ်က အဆုံးသတ်ပိုင်းတွေ တိကျခြင်းမရှိတာကြောင့် မန်စီးတီးတို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားခဲ့ကြသလို ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ဆာနေးရဲ့ အကဲစမ်းချက်ကို အီဒါဆန် ရင်ဘတ်နဲ့ ကာကွယ်သွားခဲ့ပြီး အသင်းဟောင်းကို ရင်ဆိုင်တဲ့ ဂျာမန်သားအနေနဲ့ ဖန်တီးမှုတွေ မလုပ်ဘဲ တစ်ကိုယ်ကောင်းဆန်နေခဲ့တာကလည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်ခံစစ်အနေနဲ့ ကိုယ့်ဧရိယာထဲမှာ မဟုတ်ကဟုတ်က လူပေးမှုတွေကို ပြုလုပ်နေခဲ့ပြီး အန္တရာယ်များတဲ့ အနေအထားတွေမှာ ကံကောင်းလို့သာ ဂိုးမပေးခဲ့ရတာဖြစ်သလို တိုက်စစ်ကတော့ ဆက်တိုက်ကို ခြိမ်းခြောက်နေခဲ့ပြီး အီဒါဆန် အမှားအယွင်း မရှိခဲ့လို့သာ အိမ်ရှင်တွေ ဒုက္ခ မရောက်ခဲ့ရတာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်ချိန်လုံး ဘောလုံးမနိုင်ဘဲ လိမ်နေခဲ့တဲ့ အူပါမီကာနိုရဲ့ အမှားကနေ ဂရီးလစ်ရှ် ဖြတ်လုသွားပြီး ဘယ်ခြမ်းကို ချပေးရာမှာ ဟားလန်းက တစ်ချက်ဆွဲထုတ်ပြီး ဂိုးရှေ့ ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို ညာခြမ်းက ပြေးဝင်လာတဲ့ ဘာနာဒို ဆေးလ်ဗားက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဘိုင်ယန်တို့ကို အပြီးတိုင် ပြိုလဲစေမယ့် တတိယဂိုးကို မန်စီးတီးတို့ ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘော ကနေ ပြန်ကျလာတာကို လူစားဝင်တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ညာခြမ်းကနေ ဖြတ်တင်ပေးခဲ့ရာမှာ ဂျွန်စတုန်းစ် ဧရိယာထဲမှာ ခေါင်းတိုက်ချပေးခဲ့ပြီး လွတ်နေတဲ့ ဟားလန်းက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ ဘိုင်ယန်တို့ဘက်က မူစီယာလာ၊ ဂနာဘရီနဲ့ ဒေးဗီးစ်တို့အစား မာနေး၊ မူလာနဲ့ ကန်ဆယ်လိုတို့ကို ထည့်သွင်းခဲ့ပေမယ့် ဂိုးပြန်ရဖို့တော့ မလုပ်နိုင်ခဲ့ကြသလို မန်စီးတီးတို့ရဲ့ ထိုးဖောက်မှုတွေမှာ ဂိုးသမား ဆွမ်းမား ကောင်းနေခဲ့လို့ ဂိုးထပ်မပေးခဲ့ရတာဖြစ်ပြီး ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်တွေကပဲ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အစ်တီဟတ်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ နိုင်ပွဲကြောင့် လာမယ့် အာလီယန့်ဇ် အရီနာမှာ ကစားရမယ့် ဂျာမန်မြေက ပွဲကို မန်စီးတီးတို့ သက်တောင့်သက်သာနဲ့ အပေါ်စီးက ကစားနိုင်ဖို့ ဖြစ်လာခဲ့ကြပြီး ဘိုင်ယန်တို့ကတော့ နည်းစနစ် ကျွမ်းကျင်သူ နာဂဲလ်စ်မန်းကို ထုတ်ပယ်ပြီး တစ်ဆင့်နိမ့် တူဟယ်လ်ကို ခန့်အပ်ခဲ့ချိန်မှာ ဂွါဒီယိုလာကို ယှဉ်နိုင်ခြင်း မရှိခဲ့တာကြောင့် ခုလိုမျိုး ဂိုးပြတ်သွားခဲ့ရတာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.