Analysis Article Premier League

ဆာလီဘာ မကယ် သေဖွယ်သာ ရှိပြီး ဒုတိယနဲ့ ကျေနပ်ရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ဦးစားပေးနောက်ခံလူ High Speed Center Back ဝီလီယမ် ဆာလီဘာကို စပို့တင်းလစ္စဘွန်းနဲ့ ပွဲမှာ ဆုံးရှုံးထားခဲ့ရတာကို အစားထိုးနိုင်ပြီလို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်း အသင်းကြီးတွေနဲ့ တွေ့ဆုံရမှာတော့ ခံစစ်ကို မာကျောကျစ်လျစ်အောင် မလုပ်နိုင်သေးဘူးဆိုတာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ အန်းဖီးလ်ပွဲမှာ ဘွားဘွားကြီး ပေါ်လာခဲ့တာဖြစ်ပါတယ်။

စပို့တင်းနဲ့ ပွဲကတော့ အာဆင်နယ်တို့အတွက် အထိနာလွန်းသလို ဘာမှ မဟုတ်တဲ့ ယူရိုပါလိဂ်မှာ ပင်နယ်တီအထိ ပင်ပန်းတကြီး ကစားပြီး ပြိုင်ပွဲက ထွက်ခဲ့ရသလို သူနဲ့ တာကဲဟီရို တိုမီယာစုတို့နှစ်ဦးကို ဆုံးရှုံးလိုက်ရပြီး လီဗာပူးလ်နဲ့ပွဲကို နိုင်ရမယ့်အချိန်မှာ မနိုင်ခဲ့ဘူးဆိုတာ တိုမီယာစု၊ ဆာလီဘာ၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်၊ တီယာနီတို့ ၅ ဦးကို ခံစစ်အသားပေးဖို့ မသုံးနိုင်ခဲ့တာကြောင့်ဖြစ်လို့ ဒီပွဲရဲ့ ထိုးနှက်ချက်လို့ပဲ ကောက်ချက်ချရမလိုဖြစ်နေခဲ့တာပါ။

ဟိုးလ်ဒင်းဟာ သာမန်အားဖြင့် တည်ငြိမ်တဲ့ နောက်ခံလူဖြစ်ပေမယ့် သူ့ရဲ့ ရွေ့လျားနိုင်စွမ်း Mobility ကတော့ အကန့်အသတ်ရှိနေပြီး အရင်ထက် အနည်းငယ် ပိုပြီး ဝိတ်တက်လာတဲ့ ပုံစံကြောင့် အလွယ်တကူ လမ်းကြောင်းမပြောင်းနိုင်တာ၊ မြန်နှုန်းမြင့် တိုက်စစ်မှူးတွေနဲ့ ဆိုရင် အဝါကတ် ထိဖို့ များတာတွေက အာဆင်နယ် ပရိသတ်တွေကို ရင်တမမနဲ့ ကြည့်ရစေပါတယ်။

နောက်ထပ် ဆာလီဘာနဲ့ ဟိုးလ်ဒင်းရဲ့ ကွာခြားချက်ကတော့ ပွဲတွင်းမှာ ကျွံလာတဲ့ ဘောလုံးတွေကို တက်ထောက်ပြီး ရယူတဲ့ နေရာမှာဖြစ်ပြီး ပြင်သစ်သား အလွယ်တကူ ဆွဲစားနေကျ ဘောလုံးတွေကို အင်္ဂလန်သားက လုပ်လို့ရတယ်လို့တောင် မထင်သလို သူ့ရဲ့ မရွေ့လျားနိုင်မှုက ရှေ့ကနေ ကစားတဲ့ ကွင်းလယ်အဖျက် သောမတ်စ် ပါတေးကို နောက်ကျောမလုံအောင်ဖြစ်စေခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာ ခြေစွမ်းပျောက်ဆုံးသွားစေခဲ့တာပါ။

အန်းဖီးလ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ရှေ့က ကလေးတွေရဲ့ ဂိုးထပ်မရမှုကတော့ ကြီးကြီးမားမား အပြစ်တင်စရာ မရှိပေမယ့် ခံစစ်ကို အပြောင်းအလဲ မလုပ်နိုင်ခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာကတော့ ပြစ်တင်စရာဖြစ်လာခဲ့ပြီး တောင်ပံသမားတစ်ယောက်လို ကစားခွင့် ရနေတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကို,ကို အနိုင်ယူသွားမှုက ချေပဂိုးဖြစ်စေခဲ့ပါတယ်။

ဒီနေရာအတွက် စောစောစီးစီးကတည်းက ကီရန် တီယာနီကို လူစားလဲသင့်ပေမယ့် မလဲခဲ့တာက ရလဒ်ဆိုးစေခဲ့သလို ဆာလီဘာနဲ့ တိုမီယာစုသာ ရှိနေရင် ဒီလိုမျိုးဖြစ်ခွင့် အတော်လေးနည်းခဲ့မှာဖြစ်ပေမယ့် အာတီတာအနေနဲ့လည်း သူ့ရဲ့ တစ်ခုတည်း ကျန်တော့တဲ့ ခံစစ်ပြောင်းလဲခွင့်ကို တွန့်ဆုတ်နေခဲ့တာက ပရိသတ်တွေ နားလည်ပေးလို့ရပေမယ့် ရောဘတ်တို ဖာမီနိုကတော့ နားလည်မပေးခဲ့တာပါ။

ဒီဂိုးမှာ ဟိုးလ်ဒင်းရဲ့ ရွေ့လျားနိုင်မှု နည်းတာကို ဖာမီနိုက အကောင်းဆုံး အသုံးချသွားနိုင်ခဲ့သလို ဟိုးလ်ဒင်းကို ကြည့်ကစားတဲ့ ပါတေးနဲ့ ဘန်ဝှိုက်တို့ နှစ်ဦးကလည်း အခြေအနေကို မဖတ်တတ်ခဲ့တာဖြစ်ပြီး တကယ်လို့ သူတို့နှစ်ဦးသာ ဟန်ဆောင်ပန်ဆောင် ခုန်နိုင်ခဲ့ရင် ဘရာဇီးလ်သားအနေနဲ့ ဂိုးသွင်းဖို့ အတော်လေး တိုင်မင်ပျက်သွားနိုင်ပေမယ့် အရာအားလုံးက လီဗာပူးလ်တို့အတွက်ပဲ ဖြစ်သွားခဲ့ပါတယ်။

ဒီအရာတွေအားလုံးက ဆာလီဘာကနေ မြစ်ဖျားခံနေခဲ့ပြီး ခံစစ်မှာ ကစားဖော်တွေကို ပိုပင်ပန်းနေစေတဲ့ ဟိုးလ်ဒင်းနဲ့ တွဲဖက်နေရမှုက ဘန်ဝှိုက်နဲ့ ပါတေးတို့ကို လီဗာပူးလ်တိုက်စစ်ကို မတားဆီးနိုင်ဘဲဖြစ်စေခဲ့သလို အတွေ့အကြုံနုတဲ့ ယာကုဘ် ကီဗီယာကတော့ Third Center Back အဖြစ်နဲ့ အလယ်မှာ စောင့်နေရမယ့်အစား ဘယ်ခြမ်းကို ပိုအာရုံစိုက်နေခဲ့လို့လည်း ဖာမီနို ခေါင်းတိုက်ခွင့်ကို အလွတ်ကြီး ပေးလိုက်ရတာပါ။

အာဆင်နယ်တို့အနေနဲ့ မန်စီးတီးကွင်းကို ဟိုးလ်ဒင်း၊ ကီဗီယာတို့နဲ့ သွားဖို့တော့ မဖြစ်နိုင်ဘဲ ဒီနေ့ပုံစံအရ ကြည့်ရင် အသင်းကြီးတွေနဲ့ မဟုတ်ရင် ပြဿနာ မရှိသေးတဲ့ ခံစစ်ကို ဧပြီလ ၂၇ ရက်နေ့မှာတော့ ဆာလီဘာ ပြန်ကစားနိုင်အောင် အာဆင်နယ်တို့ လက်ကျန် ၁၇ ရက်အတွင်းမှာ ဖြစ်တဲ့နည်းနဲ့ လက်ပူတိုက်သွားရမှာလည်းဖြစ်ပါတယ်။

ဆာလီဘာနဲ့ ပါတေးတို့ရဲ့ ပူးပေါင်းထားတဲ့ ညာခြမ်းကမှ လက်ရှိမှာ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ ကီဗင် ဒီဘရိုင်းနားတို့ အကောင်းဆုံး ပုံစံရနေတဲ့ မန်စီးတီးဘယ်ခြမ်းတိုက်စစ်ကို တားဆီးနိုင်မှာဖြစ်ပြီး ဟိုးလ်ဒင်းနဲ့ဆိုရင် အာဆင်နယ်တို့ ကျန်တဲ့ ပွဲတွေ အကုန်နိုင်နိုင်ပေမယ့် ဂိုးကွာခြားချက်နဲ့ ဒုတိယ နေရာက ကျေနပ်လိုက်ဖို့ပဲ ဖြစ်လာရနိုင်တာကြောင့် ဆာလီဘာမကယ် သေဖွယ်သာ ရှိတဲ့ ဂန်းနားတွေ ဆေးအဖွဲ့ကို ရာဇသံပေးရတော့မှာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.