Match Report Premier League

ထုံးစံအတိုင်း ၁၂ ယောက် ၁၁ ယောက်ကန်ပြီး လီဗာပူးလ်ကို သရေကျတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ကိုနာတေ၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ကားတစ်ဂျုံးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ ဂျိုတာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက အာဆင်နယ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာကာ ပေးတဲ့ ဘောလုံးကို အော်ဒီဂွါဒ်က ဧရိယာထဲ ပြန်ခင်းအပေးမှာ ဗန်ဒိုက်နဲ့ ငြိပြီး ပြန်ထွက်လာတဲ့‌ ဘောလုံးကို မာတီနယ်လီက ဂိုးသမား အယ်လစ်ဆန်ရဲ့ အောက်ကနေ အနိမ့်ဘော ခြေဦးနဲ့ထိုးသွင်းလိုက်လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဂိုးစပေးလိုက်ရချိန်မှာ လီဗာပူးလ်တို့ ပျာသွားခဲ့သလို ဂိုးပြန်လိုချင်လို့ ဖွင့်ကစားမှုတွေမှာ အာဆင်နယ်တို့တွေ အခွင့်အရေးရခဲ့ပေမယ့် ဇင်ချန်ကိုနဲ့ ဂျေဆူးစ်တို့ အခွင့်အရေးတွေကို လွဲချော်ခဲ့ကြသလို ဘန်ဝှိုက်နဲ့ ဟိုးလ်ဒင်းရဲ့ ဘက်ခြမ်းကတော့ မကြာခဏ ပွင့်ထွက်နေခဲ့ပြီး ရောဘတ်ဆန် အနီးကပ် အခွင့်အရေးရပေမယ့် တိုင်ဘေးက လွဲချော်သွားခဲ့သေးတာပါ။

ပွဲချိန် ၂၈ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ချာကာ ချပေးတဲ့ ဘောလုံးကို မာတီနယ်လီက တောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ ဂျေဆူးစ်က ဗန်ဒိုက်နဲ့ ရောဘတ်ဆန်တို့ကြားကနေ မြေထောက်ခေါင်းတိုက်ချက်နဲ့ ဂိုးသမား အယ်လစ်ဆန်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဂျေဆူးစ်ကို ဘောလုံးမပါဘဲ သိမ်းရိုက်တဲ့ ဗန်ဒိုက် အဝါထိသွားခဲ့တာကို အာဆင်နယ်တို့ အခွင့်ကောင်း မယူတတ်ခဲ့သလို ဒီနေ့ပွဲမှာ အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ပါတေးနဲ့‌ အော်ဒီဂွါဒ်တို့ရဲ့ စွမ်းဆောင်ရည်ကလည်း လျော့နည်းနေခဲ့လို့ ကွင်းလယ်ပိုင်းမှာ ချာကာတစ်ယောက်တည်း ကစားနေရသလိုဖြစ်နေခဲ့ပြီး ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ အသာစီး မယူနိုင်ခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ရသွားခဲ့တဲ့ ကားတစ်ဂျုံးစ်က ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဟန်ဒါဆန် ပိတ်သွင်းခဲ့တဲ့ ဘောလုံးက လည်ထွက်ပြီး အဝေးတိုင်ဘက်ကို ရောက်လာခဲ့တာကို ဆာလားက အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့က လီဗာပူးလ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်းမှာ အာဆင်နယ်တို့ ကစားအား အနည်းငယ် ကျသွားခဲ့သလို အိမ်ရှင်တွေရဲ့ လုပ်အားနှုန်း ဦးစားပေးဟန်မှာ ဘောလုံးကိုင်မကစားနိုင်တော့ဘဲ ရုန်းကန်နေခဲ့ရပြီး လေးလံတဲ့ ဟိုးလ်ဒင်းနဲ့ ခံစစ် မကောင်းတဲ့ ဇင်ချန်ကိုတို့က ပြဿနာရှိလာခဲ့တာပါ။

ဒိုင်လူကြီး ပေါလ် တီယာနီရဲ့ အာဆင်နယ်ဆိုရင် ဘက်ကန်တဲ့ အပြုအမူတွေကတော့ ပွဲကို ၁၂ ယောက် ၁၁ ယောက် ကစားရသလိုဖြစ်စေပြီး ဂန်းနားတွေအနေနဲ့ သူတို့အသင်းနဲ့တွေ့ရမယ့် ပွဲတွေမှာ တာဝန်ချမထားဖို့ တရားဝင် ကန့်ကွက်သင့်ပြီဖြစ်သလို ဆုံးဖြတ်ချက်အတော်များများမှာ လီဗာပူးလ်တို့ကိုပဲ အသာစီးရစေမယ့် မျက်နှာသာပေးမှုနဲ့ မျက်ကွယ်ပြုမှုတွေပဲ ဖြစ်ခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာ ထောင့်ကန်ဘောကနေ ဖျက်ထုတ်ရာမှာ ဘောလုံးထိဖို့ထက် ဘော်ဒီခုဖို့ကို ဦးစားပေးခဲ့တဲ့ ဟိုးလ်ဒင်းရဲ့ အသုံးမကျတဲ့ အမှားကြောင့် အာဆင်နယ်တို့ ပင်နယ်တီ ပေးခဲ့ရပေမယ့် ဆာလားက တိုင်ဘေးကို ကန်ပစ်ခဲ့တာကြောင့် လီဗာပူးလ်တို့ ကြီးကြီးမားမား စိတ်ပျက်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ဘက်က ကားတစ်ဂျုံးစ်၊ ဂျိုတာနဲ့ ဖာဘင်ညိုတို့အစား သီယာဂို၊ ဒါဝင် နူးညက်ဇ်နဲ့ ဖာမီနိုတို့ကို လူစားလဲကစားခဲ့ကြသလို အာဆင်နယ်တို့ဘက်ကတော့ အော်ဒီဂွါဒ်နဲ့ ဂျေဆူးစ်တို့အစား ကီဗီယာနဲ့ ထရော့ဆတ်တို့ကို လူစားလဲပြီး ခံစစ်ကစားခဲ့ပေမယ့် တကယ်တမ်း လဲသင့်တဲ့ ဇင်ချန်ကို,ကို ချန်ထားခဲ့တာကြောင့် နိုင်ပွဲကို လက်လွှတ်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ လီဗာပူးလ်တို့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဇင်ချန်ကို,ကို ကျော်ဖြတ်ပြီး အဝေးတိုင်ဘက်ကို ခုတ်တင်ပေးခဲ့ရာမှာ အခြေအနေကို မတွက်ဆနိုင်တဲ့ ပါတေးနဲ့ ဘန်ဝှိုက်တို့ရဲ့ ညံ့ဖျင်းမှုကြောင့် ဖာမီနိုက နောက်ကနေ ခေါင်းတိုက်သွင်းသွားခဲ့တာပါ။

ဒီနောက်မှာမှ ဇင်ချန်ကို,ကို တီယာနီနဲ့လဲဖို့ အာဆင်နယ်တို့ လုပ်ခဲ့ပြီး နာကျင်အချိန်ပိုကတော့ လီဗာပူးလ်တို့ အနိုင်ဂိုးရှာဖွေချိန်တွေပဲ ဖြစ်သွားခဲ့သလို ဂိုးသမား ရမ်းစ်ဒေးလ် ကောင်းလွန်းခဲ့လို့သာ သရေရခဲ့တာဖြစ်ပြီး ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုးစီရလဒ်နဲ့ အန်းဖီးလ်မှာ တစ်မှတ်စီ ခွဲယူခဲ့ကြရတာဖြစ်ပါတယ်။

ဒီပွဲကတော့ အာဆင်နယ်တို့အတွက် လက်ခံနိုင်တဲ့ ရလဒ်ဖြစ်ခဲ့သလို ဆာလီဘာ မပါလို့ ပျော့နေတဲ့ ခံစစ်နဲ့ လီဗာပူးလ်ဆီက သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာကိုပဲ ကျေနပ်ရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာတော့ မန်စီးတီးတို့ကို တစ်ပွဲပိုကစားပြီး ၆ မှတ်သာ ဖြတ်ထားနိုင်တော့တာကြောင့် လက်ကျန် ပွဲတွေက အမှားမခံတော့ဘဲ အာတီတာနဲ့ သူ့လူတွေ ဒီထက်ပိုပြီး အလုပ်လုပ်ဖို့ လိုအပ်နေပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.