Match Report Premier League

အမ်မရီရဲ့ ခြေတစ်လှမ်းချင်းနဲ့ ဖောရက်စ်ကို အနိုင်ယူပြီး အဆင့် ၆ ကို ရောက်လာတဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ အက်ရှ်လီယန်းနဲ့ အဲလက်စ် မိုရီနိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်း၊ ရမ်ဆေးနဲ့ ဘွင်ဒီယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ်နဲ့ ဘေလီတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

အဆင့် ၁၈ က ဧည့်သည် နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဝေါရဲလ်၊ ဖလိပီနဲ့ နီယာခါတေးတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ကူယာတေ၊ ရှယ်လ်ဗီ၊ ဒါနီလို၊ ဂစ်ဘ်စ်-ဝှိုက်၊ နီကို ဝီလီယမ်စ်နဲ့ တော့ဖိုလိုတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဗီလာတွေရဲ့ နည်းပြ အူနိုင်း အမ်မရီအနေနဲ့ အသင်းကို တစ်ဆင့်ချင်း ဆွဲတင်နေခဲ့ချိန်မှာ ကစားသမားတွေအတွက် ငွေသုံးသလောက် ဖွတ်ကျား နည်းပြလက်ထဲ ထိုးအပ်ထားခဲ့တဲ့ ဖောရက်စ်တို့ကတော့ လူများပြီး ပွဲမစည်သလို ကွင်းလယ်မှာတောင် ကောင်းမွန်တဲ့ အတွဲအဖက်ကို ရာသီကုန်တော့မယ့် အချိန်အထိ မရှာဖွေနိုင်သေးဘဲ စတိဗ် ကူးပါးလက်ထဲမှာ ချန်ပီယံရှစ်ကို ပြန်သွားမယ့်ပုံစံပဲ ပေါ်နေခဲ့ပါတယ်။

အဝေးကွင်းမှာ ဗဟိုခံစစ်မှူး သုံးယောက်၊ ကွင်းလယ် ခြောက်ယောက်၊ တိုက်စစ်မှူးစစ်စစ် မဟုတ်တဲ့ တောင်ပံသမားကို မြားဦးတင်ကစားပြီး ခံစစ်ပိတ်ပြီးမှ ကောင်တာတစ်ပေါက်ပဲ ဖောက်မယ့် အထင်သေးစရာ ဖောရက်စ်ရဲ့ ကစားကွက်ကတော့ မြင်တာနဲ့ ဟင်ကနဲ ဖြစ်သွားစေနိုင်ခဲ့ပြီး သူတို့ရဲ့ ပိတ်ကစားနေမှုကြောင့် ဗီလာတို့ ဘောလုံးကိုင်ထားပေမယ့် ထိုးဖောက်ရခက်နေခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဘေလီနဲ့ ဝပ်ကင်းစ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ဂိုးသမား နာဗက်စ်က ကာကွယ်သွားနိုင်ခဲ့ကြသလို ဗီလာဘက်က ဘေလီ ဒဏ်ရာရသွားခဲ့တာကြောင့် ဘာထရန် ထရာအိုရေးနဲ့ လူစားလဲခဲ့ရပြီး ဖောရက်စ်တို့ဘက်ကတော့ ကူယာတေး ဒဏ်ရာရခဲ့ပြန်လို့ ဖရွိုင်လာနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၃ မိနစ်အကြာမှာတော့ ဗီလာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အက်ရှ်လီယန်း ပေးတဲ့ ဘောလုံးကို ညာခြမ်းကနေ ထရာအိုရေးက ဂိုးရှေ့ ဖြတ်ချိုးပေးခဲ့ရာမှာ ဖောရက်စ်ခံစစ်က ရှင်းထုတ်နိုင်ခဲ့ပေမယ့် ဇန်နဝါရီမှာ ရောက်လာပြီး ယောက်ဖကို ကြက်ဥတိုက်တဲ့ လူပေးမှုမျိုးကို ဂိုးရှေ့မှာ ပြုလုပ်ခဲ့တဲ့ ရှယ်လ်ဗီကြောင့် ပြေးဝင်လာခဲ့တဲ့ ထရာအိုရေးက ကန်သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ ဖောရက်စ်တို့ တုံ့ပြန်ဖို့ ကြိုးစားပေမယ့် ဗီလာတို့ရဲ့ ထိန်းချုပ်မှုကို မကျော်နိုင်ခဲ့တာကြောင့် ရှယ်လ်ဗီ၊ ဝေါရဲလ်နဲ့ ဒါနီလိုတို့ အစား မန်ဂါလာ၊ အဝိုနီယီနဲ့ အာယူးတို့ကို ထည့်သွင်းခဲ့ကြပြီး အိမ်ရှင်တွေဘက်ကတော့ ပွဲကို ထိန်းကစားနိုင်ဖို့ ဘွင်ဒီယာအစား ဒန်ဒွန့်ကာကို ထည့်သွင်းပြီး ခံစစ်ကို ပိုမိုအားပြုသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ဗီလာတို့ပဲ သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ ရမ်ဆေးက ဧရိယာထဲကို ပြန်ချိုးပေးရာမှာ ဝပ်ကင်းစ်က ဝင်ဖျက်တဲ့ တော့ဖိုလိုကို ကျော်ဖြတ်ပြီးမှ ဂိုးသမား နာဗက်စ်နဲ့ အတွေ့မှာ ထောင့်ထဲကို ချိုးကန်ထည့်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့က နော့တင်ဟမ်ဖောရက်စ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပြီး နောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲသာ သရေကျပြီး ခြောက်ပွဲအထိ အနိုင်ရရှိခဲ့မှုကြောင့် အဆင့်ခြောက်နေရာအထိ တက်ရောက်လာနိုင်ခဲ့ကြသလို နည်းပြ အမ်မရီရဲ့ ပရီးမီးယားလိဂ် တစ်ကျော့ပြန် ခရီးကတော့ အတော်လေး လှပနေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.