Ligue1 Match Report

မက်ဆီ ယူပေးတဲ့ နိုင်ပွဲနဲ့ နိစ်ကို ကျော်ဖြတ်ခဲ့တဲ့ ဇယားထိပ်က ပီအက်စ်ဂျီ

နားမလည်ပါးမလည် ကာတာဝယ်လို့ အသင်းကြီးဖြစ်လာတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေအနေနဲ့ နည်းပြညံ့လို့ ငါးပါးမှောက်နေတဲ့ ရှုံးပွဲတွေမှာ သူ့ကို ဘယ်လိုပဲ လှောင်ပြောင်နေခဲ့ကြပေမယ့် ကမ္ဘာ့အဆင့် GOAT ကတော့ ခံစားမနေဘဲ ဒီနေ့မှာလည်း မက်ဆီအစ မက်ဆီအဆုံးဆိုပြီး သူ့ရဲ့ အသင်းကို နိုင်ပွဲယူပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်၊ ဒါနီလို ပါရဲရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗီတင်ညာ၊ ရီနာတို ဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အမ်ဘာပေနဲ့ မက်ဆီတို့ တွဲကစားခဲ့ကြတာပါ။

အိမ်ရှင် နိစ်အသင်းကတော့ ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ တိုဒီဘို၊ အန်ဒါယီရှီမီယေး၊ ဒန်တေ၊ မန်ဒီနဲ့ ဘာ့ဒ်တို့ကို ခံစစ်ငါးဦးအထိထားပြီး ပွဲထုတ်လာခဲ့သလို ကွင်းလယ်မှာတော့ ဘူဒါဝီ၊ ရမ်ဆေး၊ ကီဖရင် သူရမ်နဲ့ ပေပေတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မော့ဖီတစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ထုံးစံအတိုင်းပဲ ဘာမှန်းမသိ ညာမှန်းမသိ ပွဲစပြီး မကြာခင်မှာ ရွာသူပြုစားခံရတဲ့အထာနဲ့ နာသွားတတ်ကြလို့ လူလဲရတာ အပ်ကြောင်းထပ်နေပြီဖြစ်တဲ့ ပီအက်စ်ဂျီတို့အတွက် ရီနာတို ဆန်ချက်စ်က စောစောစီးစီး ကွင်းထဲက ထွက်ပြီး ရေပြေးချိုးခဲ့သလို သူ့နေရာမှာ ဖာဘီယန် ရူးဝီးဇ်နဲ့ အစားထိုးခဲ့ရပြီး ဧည့်သည်တွေအနေနဲ့ ပိတ်ကစားတဲ့ အိမ်ရှင်တွေကို အဝေးကပဲ တဒိုင်းဒိုင်းကန်နေခဲ့ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာ ပီအက်စ်ဂျီတို့ အဖွင့်ဂိုးကို စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နူနို မန်ဒက်စ်က ဘယ်ခြမ်းကနေ ဧရိယာထဲက အမ်ဘာပေကို ဖြတ်ချိုးပေးလို့ မအောင်မြင်တဲ့ ဘောလုံးကို စက္ကန့်ပိုင်းအတွင်း နောက်တစ်ကြိမ်မှာ မက်ဆီ,ဆီကို တင်ပေးရာမှာ အာဂျင်တီးနားသားကြီးက အလျင်အမြန် ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဒန်တေရဲ့ ဖြတ်တင်ဘောကို ပေပေ ပိတ်သွင်းရာမှာ ဂိုးသမား ဒွန်နာရမ်မာ ဒိုက်ပစ်တဲ့ တည့်တည့်ဖြစ်နေခဲ့လို့ နိစ်တို့ နစ်နာခဲ့ရပြီး ချေပဂိုးနဲ့ ဝေးခဲ့ရသလို ပီအက်စ်ဂျီတို့အနေနဲ့ အိမ်ရှင်တွေရဲ့ တစ်ချက်ကောင်း ရုန်းအားတွေမှာ နည်းနည်းတော့ ထိတ်လန့်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ပါရီသားတွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ထောင့်ကန်ဘောကနေ ဒန်တေရဲ့ ကန်သွင်းချက်က ဘားထိပြီး ဂိုးစည်းထောက်ပြန်ထွက်ခဲ့လို့ နောက်ထပ် အသက်အကြီးဆုံး ဂိုးသွင်းရှင်စံချိန်ကို ထပ်ချိုးဖို့ လွဲချော်ခဲ့ရပြီး ပီအက်စ်ဂျီတို့ကတော့ ကစားအားလျှော့ချခဲ့တဲ့ ဒဏ်ကြောင့် ရုန်းကန်ခဲ့ရပြီး ခံစစ်ရဲ့ ညံ့ဖျင်းမှုကြောင့် ဂိုးသမား ဒွန်နာရမ်မာကတော့ မပဋာ မြေလူးသလို မြင်မကောင်း ရှုမကောင်းနဲ့ ဖြစ်နေခဲ့တာပါ။

နိစ်တို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးပေါက် ၂၁ ကြိမ် ကန်ခွင့်ရခဲ့ပြီး ၇ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့အထိ လူများပြီး ပွဲမစည်တဲ့ နည်းပြ ဂယ်လ်တီယေးရဲ့ ခပ်ညံ့ညံ့ ပီအက်စ်ဂျီကွင်းလယ်ကို ကျော်ဖြတ်သွားခဲ့ကြသလို တန်ပြန်တိုက်စစ်နဲ့ ဖြတ်တင်ဘောတွေက ခြိမ်းခြောက်ခဲ့ကြရာမှာ ဂိုးသမား ဒွန်နာရမ်မာသာ မကောင်းခဲ့ရင် ဘဝပျက်သွားနိုင်ပြီး အီတလီသားကတော့ လက်စွမ်းပြပြီး Clean Sheet ပါ ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အနိုင်သေချာစေမယ့် ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဆီရဲ့ ဘယ်ထောင့်ကန်ဘောကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ချိန်သားကိုက် ရှင်းမထုတ်နိုင်ဘဲ လွဲချော်သွားတဲ့ ဒန်တေကြောင့် နောက်က ရှိနေတဲ့ ဆာဂျီယို ရာမို့စ် ခေါင်းတိုက်ခွင့်ရခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့က နိစ်တို့ကို အဝေးကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး လိဂန် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားခဲ့ကြသလို ဥက္ကဌကြီးနဲ့ သူ့အတွင်းရေးမှူး ဟာကီမီတို့ အသံတိတ်နေခဲ့ကြချိန်မှာ မက်ဆီနဲ့ ဒွန်နာရမ်မာတို့တော့ ထင်ထင်ရှားရှား အစွမ်းပြနိုင်ခဲ့ကြတာကြောင့် ဒုတိယနေရာက လွန်းစ်ကို ၆ မှတ် ပြန်ဖြတ်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.