Match Report Premier League

ဝံပုလွေတွေကို အမဲလိုက်မယ်ဆိုပြီး ကိုက်ရာဗရပွနဲ့ အိမ်ပြန်ခဲ့ရတဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ကူလီဘေလီ၊ ရီးစ် ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုဗာချစ်ချ်နဲ့ ဂါလာဂါတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ နယ်လ်ဆန် ဆီမီဒိုနဲ့ တိုတီတို့ကို နေရာချခဲ့သလို ကွင်းလယ်မှာတော့ လီမီနာ၊ ဂျာအို ဂိုမက်စ်၊ မက်သီယူးစ် နူးနက်စ်နဲ့ ပိုဒင့်စ်တို့ကို ဒိုင်းမွန်းဆန်ဆန် ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဒီယေဂို ကော့စတာနဲ့ မက်သီယူးစ် ကွန်ညာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ကွင်းလယ်မှာ ရူဘင် နာဗက်စ် မပါနိုင်တဲ့ ဝုလ်ဗ်စ်တို့ကို လိုက်လျောညီထွေဖြစ်စေမယ့် ကစားဟန်ကို ရှာဖွေပေးနိုင်ခဲ့တဲ့ နည်းပြ လိုပီတီဂီရဲ့ ဒီနေ့ လူထုတ်ပုံကတော့ ချီးကျူးစရာဖြစ်ခဲ့ပြီး ချဲလ်ဆီးကို တစ်ကျော့ပြန် ကိုင်တွယ်တဲ့ လမ်းပတ်ကို လောက်လောက်လားလား တိုက်စစ်ဆင်ခွင့် မရအောင် ဘောလုံး ပေးကိုင်ထားတဲ့ကြားက ပိတ်ဆို့သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ကွင်းလယ်မှာ တွဲပေးထားတဲ့ သုံးဦးကြား နားလည်မှု နည်းနေခဲ့သလို အထူးသဖြင့် ဂါလာဂါရဲ့ ဖန်တီးနိုင်မှု အားနည်းတာက အသင်းကို တိုင်ပတ်စေခဲ့ပြီး ကွင်းလယ်တွေအနေနဲ့ ခံစစ်ကစားချိန်တွေမှာလည်း ပိတ်ဆို့နေရာယူပုံ အားနည်းခဲ့ပြီး နောက်တန်းကစားသမားတွေကို အကူညီပေးဖို့ အနည်းနဲ့အများ ပျက်ကွက်နေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ပဲ အဖွင့်ဂိုးကို ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ပိုဒင့်စ်က ဂိုးရှေ့ကို တင်ပေးတဲ့ ဘောလုံးကို ကူလီဘေလီ ခေါင်းတိုက်ရှင်းထုတ်လို့ ညာခြမ်းကို ပြန်ကျလာချိန်မှာ မက်သီယူးစ် နူးနက်စ်က Volley ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့တာက တားဆီးမယ့်သူ မရှိဘဲ ဂိုးသမား ကီပါ,ပါ မကာကွယ်နိုင်ခဲ့လို့ ချဲလ်ဆီးပရိသတ်တွေ စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂျာအို ဖဲလစ္စရဲ့ ကန်ချက်တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဝုလ်ဗ်စ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားနိုင်ခဲ့သလို ဆိုးဆိုးရွားရွား ခြေစွမ်းနဲ့ တိုက်စစ်ရော ခံစစ်ပါ ဟိုမမီ ဒီမမီ ပျက်စီးနေခဲ့သူကတော့ ကူကူရဲလားဖြစ်ခဲ့ပြီး ပေါင် ၆၃ သန်းတန် ကစားသမားအနေနဲ့ ဂျင်းစစ်စစ်ဖြစ်ကြောင်း ပြသနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားပေမယ့် ဝုလ်ဗ်စ်ခံစစ်ကို မကျော်နိုင်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဟာဗတ်ဇ်၊ ဂျာအို ဖဲလစ္စ၊ စတာလင်နဲ့ ကူကူရဲလားတို့အစား ပူလီရှစ်ချ်၊ အူဘာမီယန်း၊ မူဒရစ်ခ်နဲ့ ချေးလ်ဝဲလ်တို့ကို ထည့်သွင်းခဲ့ရသလို အိမ်ရှင်တွေဘက်ကတော့ ဒီယေဂို ကော့စတာ၊ ပိုဒင့်စ်၊ လီမီနာနဲ့ ကွန်ညာတို့အစား ဟွမ်းဟီးချန်း၊ မော်တင်ညို၊ အဒါမာ ထရာအိုရေးနဲ့ ဆာရားဘီးယားတို့ကို လဲကစားခဲ့ကြပါတယ်။

လက်ကျန်ပွဲချိန်မှာတွေ နှစ်ဖက်စလုံး ကြိုးစားခဲ့ကြပေမယ့် ပွဲဖြတ်ဖို့ ကြိုးစားတဲ့ အသင်းရော ချေပဂိုးရဖို့ ကြိုးစားတဲ့ အသင်းပါ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်း တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့ပြီး ချဲလ်ဆီးတို့အပေါ် အိမ်ရှင် ဝုလ်ဗ်စ်တို့ အောင်ပွဲခံသွားနိုင်ခဲ့ကြတာပါ။

မိုလီနူးမှာ အဖိုးတန်သုံးမှတ် ရယူနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ဝုလ်ဗ်စ်တို့အနေနဲ့ တန်းဆင်းဇုန်အသင်းတွေကြားမှာ အနူတောက လူချောအဖြစ် အဆင့် ၁၈ နဲ့ လေးမှတ်အကွာ အဆင့် ၁၂ နေရာကို တက်ရောက်လာနိုင်ခဲ့ကြပြီး ချဲလ်ဆီးတို့ကတော့ အထက်မရောက် အောက်မရောက် ဇော်ကန့်လန့်ဘဝနဲ့ ဆယ့်တစ်မီးငြိမ်းတဲ့ အဆင့် ၁၁ မှာ ဆက်လက်ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.