Match Report Premier League

ဘရိုက်တန်ကို အောက်ကနေ ကစားပြီး ဒိုင်ကူနိုင်ပွဲနဲ့ သာယာခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ လွန်ဂလေတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်၊ ပက်ဒရို ပေါ်ရိုနဲ့ ပါရီရှစ်ချ်တို့ကို သုံးစွဲလာခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား စတီးလ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ကောလ်ဝဲလ်၊ ဗဲ့လ်မန်းနဲ့ အက်စ်တူပီညန်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂရော့စ်၊ မက္ကယ်လစ္စတာ၊ ဆော်လီ မာ့ချ်နဲ့ မီတိုမာတို့ကို စုဖွဲ့လာခဲ့ကြပြီး တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ် တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲစကတည်းက နည်းပြနှစ်ယောက်ဖြစ်ကြတဲ့ အိမ်ရှင်ဘက်က စတယ်လီနီနဲ့ ဧည့်သည်ဘက်က ဒီဇာဘီတို့ နှုတ်ဆက်ရင်းနဲ့ အချင်းများနေခဲ့ပြီး ပွဲကစားချိန်မှာတော့ ဘရိုက်တန်တို့က အသင်းကြီးပုံစံနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့သလို စပါးစ်တို့ကတော့ ဘုရားစူးအသင်းကြီးပီပီ ကောင်တာပဲ ကစားသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ပါရီရှစ်ချ်က အတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကို ဘရိုက်တန်နောက်ခံလူတွေကြားကနေ ဆွန်ဟောင်မင်က ဘယ်ခြမ်းကနေ ဝေ့ဝိုက်ကန်သွင်းပြီး ခြေနုတ်ခြေသိမ်း လေးလံနေတဲ့ အရန်ဂိုးသမား စတီးလ်ကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာ စပါးစ်ခံစစ်တန်းကို ကျော်ပြီး မက္ကယ်လစ္စတာက မ,တင်ပေးရာမှာ မီတိုမာက ပခုံးနဲ့ ထိန်းပြီး ဂိုးသမား လိုရစ်နဲ့ တစ်ဦးချင်း အတွေ့မှာ ကန်သွင်းယူနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်နဲ့ VAR က အိမ်ရှင်တွေ အသာရဖို့အတွက် ခိုးယူပေးသွားခဲ့တာကြောင့် ဘရိုက်တန်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ဆော်လီ မာ့ချ်က ကန်တင်ပေးရာမှာ စပါးစ်ခံစစ်သမားတွေကို ကျော်ပြီး ကျလာတဲ့ ဘောလုံးကို အဝေးတိုင်ဘက်ကို ပြေးဝင်လာတဲ့ အသင်းခေါင်းဆောင် ဒန့်ခ်က ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဘရိုက်တန်တို့ပဲ ဖိကစားနေခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ ညာတောင်ပံကနေ မာ့ချ်က ချိုးပေးတာကို ဝဲလ်ဘက်ခ်က တစ်ချက်ခေါက်ပြီး ကန်သွင်းနိုင်ခဲ့ပေမယ့် ဗိုက်နဲ့ ထိတာကို ဘာမှ သေသေချာချာ မပြသနိုင်ခဲ့တဲ့ VAR မှာ လက်ထိတယ်ဆိုပြီး ပယ်ဖျက်သွားခဲ့တာကြောင့် တော်တော့်ကို ရုပ်ပေါက်ခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ နည်းစနစ်ဧရိယာထဲမှာ တွန်းလားထိုးလားဖြစ်ခဲ့ကြတဲ့ စပါးစ်နည်းပြ စတယ်လီနီနဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ကို ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်က အနီကတ်နဲ့ ကွင်းပြင်ထွက်စေခဲ့ပြီး ဒီနောက်မှာတော့ နှစ်သင်းစလုံး တိုက်စစ်ပိုင်းတွေကို ပြင်ဆင်ပြောင်းလဲခဲ့ကြသလို ပွဲချိန် ၇၁ မိနစ်မှာ ဘရိုက်တန်တို့ရဲ့ ပင်နယ်တီ အခွင့်အရေးကို VAR က ပယ်ချသွားခဲ့ပြန်ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ စပါးစ်တို့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မီတိုမာ ဘောလုံးပျက်ရာကနေ ညာခြမ်းက ဘောလုံးရသွားတဲ့ ဟွိုင်ဘယာ့ဂ်က ဧရိယာထိပ်ကို Cut Back ပြန်ချိုးပေးခဲ့တာကို ဘရိုက်တန်ခံစစ်က ပုံပျက်နေခဲ့တာကြောင့် လွတ်နေတဲ့ ကွက်လပ်ထဲကနေ ဟာရီကိန်းက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူနိုင်ခဲ့ပြီး နောက်ခံလူ ဗဲ့လ်မန်းနဲ့ ရှပ်ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် ဂိုးသမား မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်တွေဘက်က ပိတ်ကစားခဲ့သလို ဧည့်သည်တွေဘက်ကလည်း ထိထိရောက်ရောက် မထိုးဖောက်နိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ပက်ပက်စက်စက် ဒိုင်ကူခံရတဲ့ စပါးစ်တို့ အဆင့် ၅ နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်ကြိုးစားနိုင်ခဲ့ကြချိန်မှာ ဘရိုက်တန်တို့ကတော့ အက်စ်တန်ဗီလာတို့ ကျော်တက်တာခံခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.