Match Report Premier League

ပင်နယ်တီနှစ်လုံးကျောပေးပြီး ဘရန့်ဖို့ဒ်ကို အဆင့် ၃ အတွက် အနိုင်ယူပြတဲ့ ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ပုံစံကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ဖာဘီယန် ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကိုပဲ ဆက်လက်သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ မာဖီ၊ ဂျိုလင်တန်နဲ့ အီဆက်ခ်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ပင်းနော့ခ်၊ ယန်ဆွန်၊ ဘန်မီး၊ ဟစ်ကီနဲ့ ရီကို ဟင်နရီတို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ် မှာတော့ နော်ဂါ့ဒ်၊ ဒါဆေးလ်ဗားနဲ့ ယန်ဆင်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ တိုနီနဲ့ ရှာဒါတို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

နယူးကာဆယ်လ်တို့အနေနဲ့ ဒီနေ့မှာ အထနှေးခဲ့တယ်လို့ ပြောလို့ရပြီး သူတို့ရဲ့ ခံစစ်က ဘရန့်ဖို့ဒ်ရဲ့ ဖြတ်တင်ဘောတွေမှာ ရုန်းကန်နေခဲ့ရသလို ပွဲချိန် ၈ မိနစ်မှာ ယန်ဆွန်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား နစ်ခ် ပုပ် ပုတ်ထုတ်ခဲ့တာကို နောက်က ပါလာတဲ့ တိုနီက အနီးကပ် ပိတ်သွင်းခဲ့ပေမယ့် အနည်းငယ် လူကျွံနေခဲ့လို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဧရိယာထဲကို ဆွဲဝင်လာတဲ့ ရှာဒါကို ဘော့တ်မန်ရဲ့ တိုင်မင်မကိုက်တဲ့ အလောတကြီး ဖျက်ထုတ်မှုကနေ နယူးကာဆယ်လ်တို့ ပင်နယ်တီ ပေးခဲ့ရပြီး ဘရန့်ဖို့ဒ်ဘက်က တိုနီ ကန်သွင်းရာမှာ ဂိုးသမား နစ်ခ် ပုပ်က ညာဘက်ကို မှန်မှန်ကန်ကန် ဒိုက်ပစ်နိုင်ခဲ့လို့ ဂိုးမပေးရဘဲ ဖမ်းယူသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်တဲ့ ဟင်နရီကို ဘောလုံးမထိဘဲ ကန်မိခဲ့တဲ့ အီဆက်ခ်ကြောင့် VAR နဲ့ ဒိုင်လူကြီး ကာဗန်းနားတို့ အတော်ကြာကြာ ပြန်ကြည့်ပြီးမှ ပင်နယ်တီ ထပ်ရခဲ့တာကို တိုနီကပဲ ဒီတစ်ခါမှာတော့ ပထမ ကန်ချက်ထက် ထောင့်ဘက် ပိုရောက်တဲ့ ကန်ချက်နဲ့ ဂိုးသမား နစ်ခ် ပုပ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဘရန့်ဖို့ဒ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ အလုပ်မဖြစ်တဲ့ မာဖီနဲ့ လောင်းစတပ်ဖ်တို့အစား ဂေါ်ဒန်နဲ့ ဝီလ်ဆန်တို့ကို နယူးကာဆယ်လ်နည်းပြ အက်ဒီဟောင်းက ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ကွင်းလယ်မှာ ဘောလုံးကိုင်ကစားပြီး အခွင့်အရေးတွေ ပိုမိုဖန်တီးလာနိုင်ခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ချေပဂိုး ပြန်လည်ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ထရစ်ပီယာက ဧရိယာထဲကို ထိုးပေးရာမှာ ဂျိုလင်တန်က ဘန်မီးကို တစ်ချက်ခေါက်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးတဲ့ ဘောလုံးကို ခြေထောက်နဲ့ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမား ရာယာရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာကြောင့် Own Goal အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ နောက်ကနေ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘရန့်ဖို့ဒ်တို့ ဘောလုံး ပျက်ရာကနေ ဂျိုလင်တန် ပြန်ရသွားပြီး ဂိုးရှေ့ကို ခင်းပေးရာမှာ လူစားဝင်တိုက်စစ်မှူး ဝီလ်ဆန်က မကန်ဘဲ လွတ်နေတဲ့ အီဆက်ခ်ဆီ ချပေးခဲ့တာကို အီဆက်ခ်က အရပ်တိုနေတဲ့ ဂိုးသမား ရာယာရဲ့ အားနည်းချက်ဖြစ်နေတဲ့ ဘယ်ဘက်အပေါ်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာ ထရစ်ပီယာရဲ့ ထောင့်ကန်ဘောကနေ နောက်ခံလူ ရှားက ခေါင်းတိုက်ချပေးတာကို ဝီလ်ဆန်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပေမယ့် လက်ထိဘော သတ်မှတ်ခံခဲ့ရလို့ ဘရန့်ဖို့ဒ်တို့ မျှော်လင့်ချက်တွေ အဆုံးမသတ်ရဘဲ ကံကောင်းခဲ့ပြီး ဒီနောက်မှာတော့ အိမ်ရှင်တွေ အနေနဲ့ ဒါဆေးလ်ဗား၊ ဟစ်ကီ၊ နော်ဂါ့ဒ်နဲ့ ဘန်မီးတို့အစား ဘက်ပ်တစ္စတေ၊ အမ်ဘူးမို၊ ယန်နဲ့လ်နဲ့ ဝစ်ဆာတို့ကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ကတော့ ဝီလော့ခ်၊ အီဆက်ခ်နဲ့ ဒုတိယပိုင်းအစမှာ ဝင်လာခဲ့တဲ့ ဂေါ်ဒန်တို့အစား အန်ဒါဆန်၊ လာဆယ်လက်စ်နဲ့ ရစ်ချီတို့ကို ထည့်သွင်းပြီး ချေပဂိုး ပြန်မပေးရဖို့ ခံစစ်ကို အားပြုပြီး ထိန်းကစားသွားနိုင်ခဲ့သလို ဂိုးသမား နစ်ခ် ပုပ်ကလည်း အမှားအယွင်းမရှိ လက်စွမ်းပြပြီး တိုနီရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်သွားနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်လ်တို့အနေနဲ့ နောက်ဆုံး ငါးပွဲဆက်တိုက်အနိုင်နဲ့အတူ ရမှတ် ၅၆ မှတ်အထိ စုဆောင်းနိုင်ခဲ့ကြပြီး အစောပွဲ ကန်ထားတဲ့ မန်ယူတို့ဆီက တတိယနေရာကို ဂိုးကွာခြားချက် သာလွန်မှုနဲ့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြချိန်မှာ ဘရန့်ဖို့ဒ်တို့ကတော့ နောက်ဆုံးလေးပွဲမှာ နှစ်မှတ်သာရပြီး အဆင့် ၉ မှာသာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.