Match Report Premier League

ကြမ်းကပ်စိန့်ကို ဂိုးပြတ်ကျုံးပြီး အာဆင်နယ်ကို ဖိအားပေးတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဂျွန်စတုန်းစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းတစ်ဦးတည်းကို တင်ကစားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဘယ်လာ-ကော့ချက်ပ်၊ မိတ်လန်း-နိုင်းလ်စ်နဲ့ ဝေါ်လ်ကာ-ပီတာစ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်ပရောက်စ်၊ အယ်လ်ယူနူစီတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဝဲလ်ကော့၊ ဆူလေမာနာနဲ့ အယ်လ်ကာရက်ဇ်တို့ကို ပွဲထုတ်ခဲ့တာပါ။

စာရွက်ပေါ်မှာ ၄-၃-၃ ဖြစ်ပေမယ့် ၃-၂-၄-၁ ပြောင်းကစားနေတာကြာပြီဖြစ်တဲ့ မန်စီးတီးတို့အနေနဲ့ သူတို့ကို ဘယ်လိုဖြိုခွဲရမယ်ဆိုတာ နားမလည်တဲ့ ဆောက်သမ်တန်တို့ကို အလွယ်တကူပဲ ထိန်းချုပ်ကစားသွားနိုင်ခဲ့ကြပြီး ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ထိန်းချုပ်သွားနိုင်သလို ဂိုးပေါက်ကန်ခွင့်ချင်းလည်း မယှဉ်သာအောင် ကွာခြားခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်တို့ရဲ့ ပိတ်ကစားနေမှုကို နာကျင်အချိန်ပို ၁ မိနစ်မှာမှ ဧည့်သည်တွေ စတင်ကျော်လွန်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂရီးလစ်ရှ်ပေးတာကို ဒီဘရိုင်းနားက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဟားလန်းက ဆောက်သမ်တန်နောက်တန်းတွေကို ခွာထွက်ပြီး အနီးကပ် ခေါင်းတိုက် သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၈ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရှာဖွေနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒီဘရိုင်းနား ဘောလုံးရလာပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ ဂရီးလစ်ရှ်က မိတ်လန်း-နိုင်းလ်စ်ကို ဖြတ်ပေးပြီး ဘယ်ခြေနဲ့ ကန်သွင်းတာကို ဘာဇူးနူး ကာကွယ်နိုင်ခဲ့ပေမယ့် ညာခြေနဲ့ ထပ်ဆင့် ပိတ်သွင်းယူမှုကိုတော့ လက်မြှောက်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ မန်စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေပဲ ထပ်ပြီး အလုပ်လုပ်ခဲ့ကြသလို ဒီဘရိုင်းနား ခင်းပေးလိုက်တဲ့ ဘောလုံးကို တောင်ပံကနေ လိုက်လံရယူခဲ့တဲ့ ဂရီးလစ်ရှ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ အဝေးတိုင်ဘက်မှာ ရှိနေခဲ့တဲ့ ဟားလန်းက သူ့ရဲ့ ပရီးမီးယားလိဂ် ဂိုး ၃၀ ပြည့်အဖြစ် Overhead Kick နဲ့ လှလှပပ အဆုံးသတ်သွားခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လူစားဝင်လာတဲ့ ဂျီနီပိုက မန်စီးတီးနောက်ခံလူ သုံးယောက်လောက်ကို ဆက်တိုက်ဖြတ်ကျော်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ သူနဲ့တစ်ပြိုင်တည်း ကွင်းထဲ ရောက်ခဲ့တဲ့ မာရာက အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒီဘရိုင်းနားကို ဂိုးသွင်းခါနီးမှာ ခြေထိုးခံသလိုဖြစ်ခဲ့တဲ့ ဝေါ်လ်ကာ-ပီတာစ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းအစား လူစားဝင်လာတဲ့ အယ်လ်ဗာရက်ဇ်က အလယ်တည့်တည့်ကို လှည့်စားကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဆောက်သမ်တန်တို့ကို အဝေးကွင်းမှာ လေးဂိုး-တစ်ဂိုး ရလဒ်နဲ့ အနိုင်ကစားပြီး ထိပ်ဆုံးက အာဆင်နယ်တို့ရဲ့ လီဗာပူးလ်နဲ့ တွေ့ဆုံနေချိန်မှာ အမှတ်ကွာဟမှုကို ၅ မှတ်အထိ ပြန်လည်လျှော့ချလိုက်သလို ချန်ပီယံဆုအတွက် စိတ်ဓာတ်ရေးရာအရ ဖိအားပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.